သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်အရေးယူမှုတွေ အောင်မြင်ကြောင်း ကန်ဒုသမ္မတပြော


အမေရိကန် ဒုတိယ သမ္မတ Mike Pence (ဒီဇင်ဘာ ၂၁၊ ၂၀၁၇)
အမေရိကန် ဒုတိယ သမ္မတ Mike Pence (ဒီဇင်ဘာ ၂၁၊ ၂၀၁၇)

မြန်မာနိုင်ငံအပါအဝင် အီရန် နဲ့ မြောက်ကိုရီးယားအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်တဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ တစုံတရာ ထိရောက်မှုရှိတယ်လို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence က ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေပြီး လူသေဆုံးမှုတွေရှိခဲ့တဲ့ အီရန်နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့ အချိန်မှာပဲ ဒုသမ္မတ Pence က အဲဒီလို ပြောကြားလိုက်တာပါ။ ဒုသမ္မတ Mike Pence ကို ဗွီအိုအေ သတင်းထောက် Greta Van Susteren က တွေ့ဆုံမေးမြန်းထားတာကို ရှားဖောင်က ကောက်နုတ် တင်ပြပေးပါမယ်။

နျူကလီးယားအရေးနဲ့ပတ်သက်လို့ အီရန်နိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ အလုပ်ဖြစ်တယ်လို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence က ဇန်နဝါရီလ ၃ ရက်နေ့ ဗွီအိုအေ သတင်းထောက် Greta Van Susteren နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပါအဝင် အီရန်နဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်တဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ဒုသမ္မတ Mike Pence က အခုလို ပြောပါတယ်။

“ဒဏ်ခတ်အရေးယူမှုတွေဟာ အလုပ်ဖြစ်တယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ အီရန်နိုင်ငံတင်မှာအလုပ်ဖြစ်တာမဟုတ်ဘာဘူး။ မြောက်ကိုရီးယားမှာလည်း အလုပ်ဖြစ်ပါတယ်။ အမေရိကန်က အင်အားအပြည့်အသုံးပြီး ချမှတ်တဲ့ စီးပွားရေးအရ ဒဏ်ခတ် အရေးယူမှုတွေကို အီရန်အနေနဲ့ တကယ်ခံရအောင် သမ္မတ Trump အစိုးရက ဆက်ပြီးလုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။”

အခုဆိုရင် ဒဏ်ခတ်အရေးယူမှုတွေ ရှေ့တိုးဆောင်ရွက်နိုင်မယ့် အနေအထားသစ်တခုရဖို့နဲ့ သဘောတူညီမှုအသစ်တခုရဖို့အတွက် ကွန်ကရက်လွတ်တော်မှာ ဆွေးနွေးနေတဲ့အကြောင်းလည်း ဒုသမ္မတ Pence က ပြောပါတယ်။

“ကျနော်တို့လိုချင်တာက ရေရှည် ဥပဒေပြဋ္ဌာန်းချက် သဘောတူညီမှုတရပ်ထားရှိဖို့ပါ။အီရန်အနေနဲ့ အသုံးပြုလို့ရတဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားလာမယ်၊ ဒုံးကျဉ် လက်နက်ပစ်လွတ်နိုင်မယ့် အနေအထားအထိရှိလာတဲ့ ဘယ်အချိန်မျိုးမှာမဆို ဒဏ်ခတ်အရေးယူမှုတွေကို ချက်ခြင်း ပြန်လည်ချမှတ်သွားမှာဖြစ်တယ်။ ဒီဆုံးဖြတ်ချက်တွေအားလုံးကို ရှေ့တိုးလုပ်ဆောင်သွားမှာပါ။”

ဒါ့အပြင် အီရန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုဝါဒတွေကို ဦးဆောင် ထောက်ပံ့နေတဲ့ နိုင်ငံတနိုင်ဖြစ်သလို သူတို့ရဲ့ တိုင်းသူပြည်သားတွေအပေါ်မှာ ဖိနှိပ်ယုံတင်မကပဲ သူတို့ကိုပိုင် လူ့အခွင့်အရေးတွေကိုလည်း ငြင်းပယ်နေတဲ့ နိုင်ငံတနိုင်ဖြစ်တယ်လို့ ဒုသမ္မတ Mike Pence က ပြောပါတယ်။ ဒေသတွင်း မတည်မငြိမ်မှုနဲ့ ကြီးမားတဲ့ အန္တရာယ်တွေဆက်လက်ဖြစ်ဖော်စေတဲ့ အကြမ်းဖက်မှုဝါဒတွေကိုလည်း ဖြန့်ဖြူးနေတဲ့ နိုင်ငံဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်ရှိမှာတော့ အီရန်နိုင်ငံဟာ နိုင်ငံရေး မတည်မငြိမ်မှု၊ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ် ကျော် နှစ်သစ်ကူး ကာလအတွင်း နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး ထောင်ချီလည်း ဖမ်းဆီးခံခဲ့ကြရပါတယ်။ တိုင်းပြည်အတွင်း စီးပွားရေးအခြေအနေအပေါ် မကျေနပ်တဲ့အတွက် အီရန်ပြည်သူတွေ ကန့်ကွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ မကြာသေးခင်ကပဲ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ် ၁၃ ဦးထဲမှာရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် Greta Van Susteren က မေးမြန်းတဲ့အခါမှာတော့ ဒုသမ္မတ Mike Pence က သမ္မတ Trump ဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ရှင်းလင်းပြတ်သားတဲ့ ခေါင်းဆောင်မှုမျိုးကို လုပ်ဆောင်နေပြီး အထူးသဖြင့် မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး သိသာတဲ့ တိုးတက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“သမ္မတ Trump က ပြတ်ပြတ်သားသား ပြောထားတာကတော့ အမေရိကန်ဟာ သူများအနိုင်ကျင့်တာကို ခံမှာမဟုတ်ဘူး။ ခြိမ်းခြောက်တာကိုလည်းခံမှာမဟုတ်ဘူး။ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအပေါ် စီးပွားရေးနဲ့ သံတမန်ရေးအရ မကြုံစဖူး ကြီးမားတဲ့ ဖိအားပေးသွားဖို့ စီစဉ်သွားမှာဖြစ်ပါတယ်။”

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ အဓိက အရေးပါတဲ့ တရုတ်နိုင်ငံဟာလည်း မြောက်ကိုရီးယား အပေါ် စီးပွားရေးအရရော၊ သံတမန်ရေးအရပါ အထီးကျန်သွားအောင် အရင်ကထက် ပိုမိုလုပ်ဆောင်လာနေပေမယ့် ဒီထက်မက လုပ်ဆောင်ဖို့ လိုနေသေးတယ်လို့ အမေရိကန် ဒုသမ္မတ Mike Pence က ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG