သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ကန်အရေးယူမှု ဘယ်အတိုင်းတာထိ သက်ရောက်နိုင်သလဲ


သြဂုတ်လတုန်းက မြန်မာစစ်တပ်မှ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ်။
သြဂုတ်လတုန်းက မြန်မာစစ်တပ်မှ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူအဖြစ် မြန်မာစစ်ဗိုလ်ချုပ်တဦးကို အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့လိုက်တာဟာ ICC ခေါ် နိုင်ငံတကာရာဇဝတ်မှုခုံရုံးကိုတင်လောက်တဲ့အထိ ကြီးကျယ်လာနိုင်သလား။ နိုင်ငံရေးသိပ္ပံပညာရှင်နဲ့ နိုင်ငံတကာဥပဒေကျွမ်းကျင်သူ တွေကိုမေးမြန်းပြီးတော့ မအင်ကြင်းနိုင်ကတင်ပြမှာပါ။

အမေရိကန် လွှတ်တော်မှာ မနှစ်က အတည်ပြု ပြန်ဌာန်းလိုက်တဲ့ Global Magnitsky Human Rights Accountability Act ခေါ် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေအပေါ် အရေးယူဒဏ်ခတ်တဲ့ ဥပဒေအရ သမ္မတ ဒေါ်နယ်လ်ထရမ့်အမိန့်နဲ့ ဗုဒ္ဓဟူးနေ့က စတင် ဒဏ်ခတ်အရေးယူတဲ့ စာရင်းမှာ မြန်မာစစ်ဗိုလ်ချုပ် မောင်မောင်စိုး၊ ဂမ်ဘီယာနိုင်ငံသမ္မတဟောင်း Yahya Jammeh ၊ နီကာရာဂွာနိုင်ငံသမ္မတဟောင်း Roberto Jose Rivas Reyes ၊ အစ္စရေး ဘီလျံနာသူဌေး Dan Gertler၊ ပါကစ္စတန်က ကျောက်ကပ်အထူးကုဆရာဝန် Mukhtar Hamid Shah အပါဝင် နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ပုဂ္ဂိုလ် ၅၂ ဦးအမည်တွေကိုဖေါ်ပြထားပါတယ်။

Global Magnitsky ဥပဒေအရ ကမ္ဘာတဝှမ်း လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပထမဆုံးအကြိမ် အရေးယူဒဏ်ခတ်တာလည်းဖြစ်ပါတယ်။ အခုလို နိုင်ငံတကာမှာ လူ့အခွင့်အရေးချိူးဖောက်သူတွေကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရကနေ ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် အရေးယူတာဟာ သူတို့ရဲ့ ကျူးလွန်မှုတွေအတွက်နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရမှာဖြစ်တယ်ဆိုတာ အမေရိကန်ပြည်ထောင်စုက သက်သေပြလိုက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကမ္ဘာတဝှမ်းမှာ လာဘ်စားမှု တိုက်ဖျက်ဖို့၊လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့နဲ့ မြှင့်တင်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ သံဓိဌာန်ချမှတ်ထားပါတယ်။ အခုလို အရေးယူပိတ်ဆို့မှုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ စံတန်ဖိုးတွေကို မြှင့်တင်လိုက်တာဖြစ်သလို အမေရိကန်နဲ့ သူ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ လုံခြုံရေးကိုလည်း တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ စံနာမူနာပြ ဦးဆောင်ရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုးဆိုးရွားရွားချိုးဖောက်သူတွေနဲ့ အကျင့်ပျက်ချစားမှု ကျူးလွန်သူတွေအတွက် လက်ဆုပ်လက်ကိုင်နဲ့တကွ သူတို့ကျူးလွန်ခဲ့တဲ့ အတိုင်း အကျိုးဆက်တွေခံစားဖို့ အမေရိကန်ပြည်ထောင်စု ဆက်လက် ကြိုးပမ်းသွားမယ်ဆိုတာ ဒီ အရေးယူပိတ်ဆို့တဲ့ ကြေညာချက်က ပြသလိုက်တာဖြစ်ပါတယ်။"

ဗိုလ်ချုပ် မောင်မောင်စိုးဟာ သူတာဝန်ထမ်းဆောင်စဉ်ကာလ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာမွတ်စလင် တွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ဖမ်းဆီးမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ့ရှိခဲ့တာကြောင့် အခုလို ထည့်သွင်းလိုက်တာဖြစ်တဲ့အကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ဗိုလ်ချုပ်တဦးကို အမေရိကန်က ပစ်မှတ်ထား အရေးယူတာဟာ ICC ခေါ် နိုင်ငံတကာရာဇဝတ်မှုခုံရုံးကိုတင်လောက်တဲ့အထိ ကြီးကျယ်လာနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ ဒေးဗစ်စတိုင်ဘတ်ရဲ့ အဖြေကတော့

"ICC နဲ့ ပတ်သက်လို့ ကျနော်မှတ်ချက်မပေးနိုင်ပါဘူး။ ဥပဒေအကြောင်းနဲ့ပတ်သက်လို့ ကျနော်သိပ်မသိပါဘူး။ ဒါပေမယ့် သေချာတာကတော့ အစိုးရအနေနဲ့အဓိက အမှားကြီးတခု ကျူးလွန်ခဲ့တာပဲဖြစ်ပြီး မလိုမုန်းထားမှု မရှိဘူးလို့ ငြင်းဆန်နေကြတာပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မွတ်စလင်နဲ့ ခရစ်ယာန်တွေအပေါ်မနာလိုမုန်းထားမှုမရှိဘူးလို့ ပြောတာဟာလည်း မှန်ကန်မှုမရှိပါဘူး။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေရဲ့ အင်အားအလွန်အကျွံအသုံးပြုပြီး နယ်မြေရှင်းလင်းမှုကြောင့် သြဂုတ်လ နောက်ပိုင်းကစပြီး ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းကျော်ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုမြောက်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာမင်းကြီးအပါအဝင် သက်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေက စွပ်စွဲထားပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်ခေါင်းဆောင်တွေအပါအဝင် တာဝန်ရှိသူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်ဖို့ အတွက် ခိုင်လုံတဲ့ အထောက်အထားတွေ လိုအပ်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူလည်းဖြစ်၊ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်ရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

"နိုင်ငံတကာ ခုံရုံးတင်ဖို့ဆိုရင် သက်သေအထောက်အထားအများကြီးလိုပါသေးတယ်။ ဒီလို ပါးစပ်ပြောရုံနဲ့ သက်သေထွက်ချက်တွေ စုထားရုံနဲ့လည်း မရသေးပါဘူး။ ဒီ Soft Evidance ထက်စာရင် ကျနော်တို့က Hard Evidance တွေအများကြီးလိုတယ်။ သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံပြဖို့လိုတယ်။ ဒီပဲရင်းအရေးအခင်ဖြစ်တုန်းက လူတွေသက်သေထွက်ချက်တွေ ကျနော်တို့အများကြီးရတယ်။ သို့သော်လည်း ကျနော်တို့မှာ ဒီပဲရင်းတုန်းက ရိုက်နက်ခဲ့တဲ့ လက်နက်တစုံတရာ ဘာမှ မတင်နိုင်ခဲ့တဲ့အခြေအနေမျိုး ရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ဘာမှ ဆက်လုပ်လို့မရဘူး အဲဒီတော့ ဒီရခိုင် အရေးကိစ္စက ပိုပြီးတော့ဆိုးတယ်။ စစ်တပ်ကြောင့် လူတွေအများကြီးသေတယ်၊ သေတယ်လို့ပြောတဲ့နေရာမှာ စောနကပြောသလို တပ်မတော်က ၄၀၀ သေတယ်လို့ပြောတယ်၊ တဖက်ကပြောတာက အဲဒီထက်မက အများကြီးသေတယ်လို့ ပြောတယ်။ သို့သေ်ာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြနိုင်ဖို့ဆိုတာကတော့ မလွယ်သေးဘူးလို့ ကျနော်ထင်ပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရ ဗိုလ်ချုပ်မောင်မောင်စိုးတဦးတည်းကိုပဲ စတင်အရေးယူထားပေမယ့် နောက်ထပ် တာဝန်ရှိသူတွေနဲ့ ပတ်သက်လို့ သက်သေအထောက်အထား တွေကို စစ်ဆေးနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတဦးက ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG