သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဆက်ထောက်ပံ့ဖို့ ဥရောပ ကတိပြု


လန်ဒန်မြို့တွင် ကျင်းပသည့် ယူကရိန်းစစ်ပွဲအရေး ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ရသည့် ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ဥရောပခေါင်းဆောင်များ။ (မတ် ၂၊​ ၂၀၂၅) (AP)
လန်ဒန်မြို့တွင် ကျင်းပသည့် ယူကရိန်းစစ်ပွဲအရေး ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ရသည့် ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ဥရောပခေါင်းဆောင်များ။ (မတ် ၂၊​ ၂၀၂၅) (AP)

ရုရှားရဲ့ သုံးနှစ်ကြာ ယူကရိန်း ကျူးကျော်စစ်အရေးက တနင်္ဂနွေနေ့အထိ မရေမရာဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးက ဖြစ်နိုင်ခြေ ရှိမရှိ မသိဘူးလို့ အမေရိကန်က ပြောဆိုနေပြီး ဥရောပခေါင်းဆောင်တွေကတော့ ယူကရိန်းတပ်ဖွဲ့တွေကို ဆက်လက် ထောက်ခံထားသလို ကာကွယ်ရေး အသုံးစားရိတ်ကို တိုးမြှင့်ဖို့၊ ပဋိပက္ခတွေအတွင်း နောင်မှာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာရင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့တွေ စေလွှတ်ရေး ကတိပြုလိုက်ကြပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော်ကို လာရောက်တဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို သမ္မတ Donald Trump က အမေရိကန်ရဲ့ စစ်ရေးထောက်ပံ့မှုကို ကျေးဇူးမတင်ဘူး၊ ငြိမ်းချမ်းရေး အတွက် အဆင်သင့်မဖြစ်ဘူးလို့ စိတ်လိုက်မာန်ပါ ပြင်းပြင်းထန်ထန် ပြောဆိုပြီးနောက် ၂ ရက် အကြာမှာပဲ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ယူကရိန်းအစိုးရအပေါ် အမေရိကန်ရဲ့ အားပေး ထောက်ခံမှုက မရေမရာဖြစ်လာပြီလို့ လန်ဒန် ထိပ်သီးတွေ့ဆုံပွဲမှာ ဥရောပခေါင်းဆောင် ၁၈ ဦးကို ပြောဆိုခဲ့ပါတယ်။

သမိုင်းမှာ အရေးကြီးတဲ့ အခြေအနေတရပ်နဲ့ ဥရောပဟာ ကြုံတွေ့ နေရပြီလို့လည်း ဗြိတိန် ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပြောဆိုမှုတွေ ပိုလုပ်ရမယ့် အခိုက်အတန့် မဟုတ်တော့ဘဲ လက်တွေ့ ဆောင်ရွက်ရမယ့် အချိန်ဖြစ်တယ်၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အစီအစဉ်သစ်တခုကို ညီညွတ်စွာ အရှိန်မြှင့် ဦးဆောင် ဆောင်ရွက်ရမယ့် အချိန်လို့လည်း ဗြိတိန် ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ပေါ်ပေါက်လာနိုင်တဲ့ ငြိမ်းချမ်းရေးထိန်းတပ်ဖွဲ့တွေမှာလည်း အမေရိကန်ပါဝင်မှုက အာမခံချက်မရှိဘဲ ယူကရိန်းမှာ ငြိမ်းချမ်းရေးရဖို့ ဥရောပက အဓိက ဆောင်ရွက်ရမယ်လို့လည်း ဗြိတိန် ခေါင်းဆောင်က ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ဖြစ်ထွန်းလာရင် ကာကွယ်ထိန်းသိမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိနေကြတယ်လို့လည်း သူကပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတ Donald Trump ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Michael Waltz ကတော့ ယူကရိန်းသမ္မတ Zelenskyy နဲ့ ပတ်သက်ပြီး CNN ရုပ်သံရဲ့ State of the Union အစီအစဉ်မှာ တနင်္ဂနွေနေ့က ပြောတာမှာတော့ ဒီစစ်ပွဲကို အဆုံးသတ်ရေး အမေရိကန်တို့ ရည်မှန်းချက်အတိုင်း သူ့အနေနဲ့ ရှိနေသလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိသလို ငြိမ်းချမ်းရေးကို သွားဖို့အတွက် အဆင်သင့်ရှိသလား ဆိုတာကလည်း မရှင်းဘူးလို့ ပြောဆိုခဲ့ပါတယ်။

Forum

XS
SM
MD
LG