သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေ ဖျက်သိမ်းပြီး အစားထိုးရေးဆွေးနွေးဖို့ လွှတ်တော်သဘောတူ


အမေရိကန် သမ္မတဟောင်း Barack Obama လက်ထက်က ပြဌာန်းခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ရုပ်သိမ်းပြီး အစားထိုးရေး ဆွေးနွေးဖို့ အဆိုကို အထက်လွှတ်တော်မှာ အင်္ဂါနေ့က မဲခွဲ အတည်ပြု လိုက်ပါတယ်။ ဒီအဆိုကို Republican တွေဖက်က မဲအသာရ အတည်ပြုနိုင်ဖို့ ဒုသမ္မတ Mike Pence ရဲ့ မဲကို သုံးခဲ့ရပြီး ၅၀ - ၅၁ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပြဌာန်းထားတဲ့ တန်ဖိုးနည်း ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဆက်ပြီး လက်ခံနေစရာ မလိုတော့ဘူးလို့ အထက်လွှတ်တော် Republican ခေါင်းဆောင် Mitch McConnell က မဲခွဲမှု မစခင်မှာ ပြောကြားခဲ့ပါတယ်။ Obamacare လို့ အများသိကြတဲ့ ဒီဥပဒေနေရာမှာ ဥပဒေသစ်နဲ့ အစားထိုးနိုင်ရေး အတွက် လွှတ်တော်အမတ် McConnell က ဦးဆောင် ကြိုးစားနေတာပါ။

အများလေးစားခံရတဲ့ Republican အထက်လွှတ်တော်အမတ် John McCain ဟာလည်း ဦးနှောက်ကင်ဆာ ဝေဒနာ ခံစားနေတဲ့ကြားက အင်္ဂါနေ့တုန်းက လွှတ်တော်မှာ လာရောက်မဲပေးခဲ့ပါတယ်။

“ ပြင်ဆင်နိုင်မယ့် ကိစ္စတွေကို ဆက်ပြီး ဆွေးနွေးနိုင်ဖို့ အတွက် အဆိုအတည်ပြုနိုင်အောင် ကျွန်တော် မဲပေးခဲ့ပါတယ်။ လက်ရှိမှာ အနှစ်သာရမရှိတဲ့ ဥပဒေကြမ်းကိုတော့ ဒီနေ့မှာ ကျွန်တော် မထောက်ခံနိုင်ပါဘူးလို့ John McCain ပြောသွားတာဖြစ်ပါတယ်။ ”

Republican နဲ့ Democrat အမတ်တွေအနေနဲ့ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ Obamacare နေရာမှာ အစားထိုးဖို့ အရင်ပြင်ဆင်ခဲ့တဲ့ ဥပဒေကြမ်း ၂ ရပ်ကို Republican အမတ်တွေကြားမှာတင် လုံလောက်တဲ့မဲ မရနိုင်တာကြောင့် မဲခွဲတဲ့ အဆင့်ကိုတောင် မရောက်ခဲ့ပါဘူး။

အင်္ဂါနေ့ကတော့ လက်ရှိဥပဒေကို ရုပ်သိမ်းအစားထိုးရေး ဆွေးနွေးဖို့ သဘောတူခဲ့ကြပေမဲ့ Mr. McConnell အနေနဲ့ ဘယ်ဥပဒေကြမ်းကို အခြေခံပြီး ဆွေးနွေးမှာလည်း ဆိုတာ မရှင်းလင်းပါဘူး။ အလုံးစုံ ပြောင်းလဲပြင်ဆင်တာ မဟုတ်တဲ့ နောက်ဆုံး ဥပဒေကြမ်းက Obamacare ကိုဖျက်သိမ်းနိုင်ဖို့ အခွင့်အလမ်း ပိုများတယ်လို့ Republican လွှတ်တော် အမတ်တွေက ပြောပါတယ်။ အဲဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုနိုင်ရင် အထက်နဲ့ အောက်လွှတ်တော်အမတ်တွေ ပါတဲ့ အငြင်းပွားမှု ဖြေရှင်းရေး ကော်မတီက ကြားဝင် ညှိပေးနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG