သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

တောင်ကိုရီးယားနဲ့ ကန် ထိပ်သီးညီလာခံ နောက်သတင်းပတ် ၀ါရှင်တန်မှာ ကျင်းပ


အမေရိကန် သမ္မတ Trump နဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်။

အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်နဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင် တို့ ပထမဆုံး အကြိမ်အဖြစ် လာမယ့် သတင်းပတ်ထဲမှာ တွေ့ဆုံကြပါလိမ့်မယ်။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြတဲ့ အခါမှာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံလုံး အတွက် အန္တရာယ်ရှိတဲ့ မြောက်ကိုရီးယား အရေးကိုတော့ သေချာပေါက် ပြောဆိုကြမယ့်သဘော ရှိပါတယ်။

နှစ်နိုင်ငံ အကြား သဘောထား ကွဲလွဲမှုတွေ တိုးလာနေတဲ့ လုံခြုံရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေကိုတော့ ညီညွတ်ရေးကို ပြသတဲ့ အနေနဲ့ ပြောကြမယ့်သဘောတော့မရှိပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Brian Padden တောင်ကိုရီးမြို့တော် ဆိုးလ်ကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

မြောက်ကိုရီးယား နိုင်ငံမှာ ၁၅ လ ကျော် အဖမ်းခံထားရာကနေ ပြန်လွှတ်ပေးလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ပြီးခဲ့တဲ့အပတ်က သေဆုံးသွားခဲ့တဲ့ အမေရိကန်ကျောင်းသား Otto Warmbierရဲ့ ကိစ္စပူပူနွေးနွေး ရှိနေတုန်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယား သမ္မတနှစ်ဦး တွေဆုံကြမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော်မှာ လာမယ့်အပတ် ဇွန်လ ၂၈ နေ့ ကျရင် တွေ့ကြမှာပါ။

မြောက်ကိုရီးယား အစိုးရက အမေရိကန်ကျောင်းသား Warmbier ကို ရက်ရက်စက်စက် ဆက်ဆံခဲ့တဲ့ ကိစ္စအပြင် မြောက်ကိုရီးယားရဲ့ အကြိမ်ကြိမ် စမ်းသပ်ပစ်လွှတ်နေတဲ့ နြူကလီးယားနဲ့ ပဲ့ထိမ်းတပ်ဒုံးကျည် ကိစ္စတွေ ရှေ့ဆက်ပြီး မလုပ်နိုင်အောင် တားမြစ်ရေး စတာတွေကို ဆွေးနွေးကြမယ့် သဘော ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေ အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အပေါ်မှာ တောင်ကိုရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

သမ္မတ ထရမ့် အစိုးရကတော့ အမေရိကန်ပြည်ထောင်စုကို လှမ်းပြီး ပစ်လွှတ်တိုက်ခိုက်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် အစီအစဉ်ကို ကာလတို တားမြစ်ရေးကိစ္စကို ဦးစားပေးထားပါတယ်။ မြောက်ကိုရီးယားရဲ့ အဓိက စီးပွားဖက် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကနေ စစ်ရေးအရ ခြိမ်းခြောက်မှုနဲ့ စီးပွားရေးအရ ဖိအားပေးတာတွေ မြောက်ကိုရီးယားကို လုပ်နေတဲ့အပေါ် အမေရိကန်ဘက်က စိုးရိမ်မကင်း ဖြစ်ခဲ့တာပါ။ အခုတော့ သမ္မတထရမ့်က တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်လို့ စိတ်ပျက်တဲ့ အကြောင်း ထုတ်ပြောပါပြီ။

တောင်ကိုရီးယား သမ္မတသစ်ကတော့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ အကြား တင်းမာမှုတွေကို ပြေလျှော့အောင် အရေးယူပိတ်ဆို့မှုတွေနဲ့ စစ်ရေးတိုးမြှင့်မှုတွေ အစား စေ့စပ်ဆွေးနွေးမှုတွေ လုပ်ပြီး ချိန်ခွင်လျှာကို ညှိချင်နေတာပါ။

“ ကင်ဂျုံအွန်း အနေနဲ့ အဓိက လိုချင်မယ့် ကိစ္စကတော့ သူ့အစိုးရအတွက် လုံခြုံရေး အာမခံချက်တခု ရှိနေဖို့ပဲလို့ကျနော် ယူဆတဲ့ အကြောင်း ကိုရီးယားသမ္မတ ပြောသွားတာပါ ”

သူ့ရဲ့ တင်ပြကမ်းလှမ်းချက်ကို အမေရိကန်ဘက်က ကောင်းကောင်း လက်ခံမယ့်သဘောတော့ မရှိပါဘူး။ အထူးသဖြင့် သမ္မတထရမ့်ရဲ့ ခပ်ကြမ်းကြမ်း မူဝါဒတွေကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲက ထောက်ခံခဲ့တဲ့ နောက်ပိုင်းမှာပါ။ မြောက်ကိုရီးယားရဲ့ THAAD အမျိုးအစား ဒုံးကျည်ကာကွယ်ရေး စနစ် အမေရိကန်က အပြည့်အ၀ ချထားမယ့် ကိစ္စကို အချိန်ဆွဲထားဖို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်က ဆုံးဖြတ်ချက် ချထားပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဆိုတာကြောင့် အမေရိကန်ဘက်က ပိုပြီး စိုးရိမ်မှုတွေ ရှိလာပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား အကြား နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ဖျက်သိမ်းပစ်မယ်လို့သမ္မတထရမ့် ဘက်ကလည်း ခြိမ်းခြောက်ထားတာပါ။ ဒီလိုလုပ်ခဲ့လို့လည်း ပြီးခဲ့တဲ့နှစ်တုန်းက နှစ်နိုင်ငံကုန်သွယ်ရေးမှာ ၂၇ ဘီလီယံ ဒေါ်လာ လိုငွေပြခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ စီးပွားရေး ခေါင်းဆောင်တွေကတော့ အမေရိကန် ပို့ကုန်တွေ တိုးမြှင့်မယ့် ၁၀ ဘီလီယံ တန်ဖိုးရှိ ရံပုံငွေတရပ် ထူထောင်ရေး ကမ်းလှမ်းဖို့ တောင်ကိုရီးယားသမ္မတကို အကြံပေးထားကြပါတယ်။

တောင်ကိုရီးယား သမ္မတ ဘက်ကတော့ ဟွန်ဒိုင်း ကုမ္မဏီလို တောင်ကိုရီးယားစက်ရုံတွေ အမေရိကန်မှာ လာပြီးတည်ဆောက်ချင်တဲ့ အကြောင်း၊ ဒီလိုလုပ်ခြင်း အားဖြင့် လူ ၄ သောင်းခွဲလောက် အလုပ်ရမှာ ဖြစ်ပြီး အမေရိကန်အတွက် ဒေါ်လာ ၁၃၈ ဘီလီယံ အမြတ်အစွန်း ရလာနိုင်မယ့် အကြောင်း အဓိကထားပြီး ပြောဆိုမယ့် သဘော ရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG