သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုနိုင်ငံခြားရေးဝန်ကြီး Sullivan ကို ရုရှားဆိုင်ရာသံအမတ်ကြီးသစ်အဖြစ် ရွေးချယ်ဖို့ Trump စဉ်းစား


ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်အဖြစ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး John Sullivan ကို ရွေးချယ်ဖို့ စဉ်းစားနေကြောင်း အမေရိကန်သမ္မတ Donald Trump က အတည်ပြု ပြောကြားခဲ့ပါတယ်။

အမေရိကန်သံအမတ်ခန့်အပ်ခံရတဲ့ နေရာတွေထဲ အရေးကြီးဆုံးနဲ့ စိန်ခေါ်မှုအများဆုံးဖြစ်တဲ့ ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ရာထူးအတွက် Sullivan အမည်ကို တင်သွင်းဖို့ သမ္မတ Trump က ရည်မှန်းထားကြောင်း သတင်းတွေထွက်လာပြီးနောက် အင်္ဂါနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို သမ္မတ Donald Trump က အဲဒီလို ဖြေဆိုခဲ့တာပါ။

လက်ရှိ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Jon Huntsman က သူ့အနေနဲ့ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးကနေ နုတ်ထွက်မယ့်အကြောင်း ဒီလ အစောပိုင်းက စာရေးသားတင်သွင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေအနေဟာလည်း အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံဆက်ဆံရေးမှာ သမိုင်းဝင် အခက်ခဲဆုံးကာလဖြစ်တယ်လို့လည်း သံအမတ်ကြီး Huntsman က သတ်မှတ်ပြောဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၃ ရက်မှာ သူရဲ့ရာထူးတာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး John Sullivan ဟာ ၂၀၁၇ခုနှစ် မေလကစပြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့ကို ရာထူးတာဝန်ပေးအပ်ဖို့ အထက်လွှတ်တော်မှာမဲခွဲစဉ်က ထောက်ခံမဲ ၉၄မဲ၊ ကန့်ကွက်မဲ ၆မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် မတ်လမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Rex Tillerson ရာထူးကနုတ်ထွက်ပြီးနောက် ဧပြီလမှာ လက်ရှိနိုင်ငံခြားရေးဝန်ကြီး Mike Pompeo တာဝန်မထမ်းဆောင်ခင် ကြားကာလမှာ John Sullivan ဟာ နိုင်ငံခြားရေးဌာနကို ယာယီတာဝန်ယူခဲ့ပါတယ်။ သူဟာ အရင်က ရှေ့နေတဦးဖြစ်ပြီး အမေရိကန်အစိုးရအမှုထမ်းအဖြစ် ၁၉၉၁ခုနှစ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG