အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားနိုင်ငံအတွင်းကအဖွဲ့ကို မနေ့ နိုဝင်ဘာ ၁၂ ရက် နေ့က ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့အဖွဲ့က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေကို ရော့ကတ်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာ ဖြစ်တယ်လို့ အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာန CENTCOM က ပြောပါတယ်။
ဆီးရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရော့ကတ်နဲ့တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ လက်နက်တိုက်နဲ့ထောက်ပို့ရေး ဌာနချုပ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့လည်း CENTCOM က လူမှုကွန်ယက်မှာ ရေးသားထားပြီးအဖွဲ့နံမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ တဘက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင်တွေရော၊မဟာမိတ်တွေပါ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၅ ဦးသေဆုံးတဲ့အပြင် တခြား ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
Forum