သုံးရလွယ်ကူစေသည့် Link များ

ရာထူးနှုတ်ထွက်မယ့်သတင်း မဟုတ်မှန်ကြောင်း ၀န်ကြီး Tillerson ငြင်းဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က အစိုးရအဖွဲ့ထဲကနေ သူ နုတ်ထွက်ဖို့ အခြေအနေထိ ဖြစ်ခဲ့တယ် ဆိုတဲ့သတင်းကို အခိုင်အမာ ငြင်းလိုက်ပါတယ်။ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ သမ္မတရဲ့မူဝါဒတွေကို အခိုင်အမာ ထောက်ခံတဲ့အကြောင်းလဲ ထပ်ပြီး ပြောပါတယ်။ သမ္မတထရမ့်ပ်နဲ့ ၀န်ကြီး Tillerson တို့အကြား မူဝါဒရေးရာပိုင်း သဘောထား ကွဲလွဲတာတွေရှိခဲ့ပြီး ဆက်ဆံရေး အဆင်မပြေဖြစ်နေ တယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပြီးတဲ့နောက်မှာ ၀န်ကြီး Tillerson က အခုလို တုန့်ပြန် ပြောဆိုတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ပြောပြပါမယ်။

ဝန်ကြီး Tillerson ဟာ ဒီနှစ်အစောပိုင်းတုန်းက နုတ်ထွက်လုနီးအခြေအနေထိ ရောက်ခဲ့တယ်ဆိုပြီး NBC သတင်းဌာနက ထုတ်လွှင့်တဲ့ ဗုဒ္ဓဟူးနေ့တရက်ထဲမှာပဲ မစ္စတာ Tillerson က သတင်းထောက်တွေကို ရှင်းလင်းပြောဆိုတာပါ။ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ သူနဲ့ကြားမှာ လအတော်ကြာ တင်းမာမှုတွေရှိခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပေမဲ့ ဒုသမ္မတ Mike Pence က တိုက်တွန်းတာကြောင့်သာ မထွက်ဘဲ ရာထူးမှာဆက်နေ ဖြစ်တာလို့ NBC သတင်းမှာ ဖော်ပြတာကို မစ္စတာ Tillerson က အခိုင်အမာ ငြင်းဆိုသွားပါတယ်။

“ဒီဆောင်းပါးမှာ အရေးအကြီးဆုံးအချက်လို့ ကျနော်ထင်တာကတော့ သမ္မတထရမ့်ပ်က တာဝန်ယူခိုင်းတဲ့ ဒီအခန်းကဏ္ဍ အပေါ် ကျနော့်ရဲ့ သန္နိဋ္ဌာန်ခိုင်မာမှုကို ထပ်လောင်း အာမခံဖို့နဲ့ နုတ်ထွက်ဖို့ စဉ်းစားဖူးတယ်ဆိုတာကို ပယ်ချဖို့ပဲဖြစ်ပါတယ်။ ဒီ မေးခွန်းကို ထပ်ခါတလဲလဲ ကျနော် ဖြေထားပြီးပါပြီ။ ဘာကြောင့်မှန်းမသိဘဲ ဒါကို ဆက်ပြီး ပြောနေကြ ပါတယ်။ ကျနော့်စိတ်ထဲမှာ ရာထူးကနုတ်ထွက်ဖို့ စဉ်းစားချက် ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ သမ္မတရဲ့ခန့်အပ်မှုနဲ့ ကျနော် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သမ္မတက သူ့ရဲ့ရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်ဖို့ ကျနော်ဟာ အသုံးဝင်တယ်လို့ ဆက်ပြီး မြင်နေသမျှ ဒီရာထူးမှာ ဆက်ရှိသွားမှာပါ။”

သမ္မတထရမ့်ပ်ကလဲ ဗုဒ္ဓဟူးနေ့ကပဲ Twitter မှာ တုန့်ပြန်ရေးသားပါတယ်။ NBC သတင်းဌာနဟာ လုပ်ကြံထုတ်လွှင့်တဲ့ သတင်း ဌာနဖြစ်တယ်၊ CNN ထက်တောင်မှ ပိုပြီး လုပ်ကြံတဲ့သတင်းဌာနဖြစ်တယ်၊ ကောင်းမွန်တဲ့ သတင်းတင်ဆက်မှုကို ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်တယ်၊ သူတို့ရဲ့ အဆင့်နေရာ အရမ်းကျသွားတာ အံ့သြစရာမရှိဘူးလို့ သမ္မတကရေးပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လက ပန်တဂွန်စစ်ဌာနချုပ်မှာ တခြားတာဝန်ရှိသူတွေနဲ့အတူလုပ်တဲ့ အစည်းအဝေးတခုပြီးတဲ့နောက် သမ္မတ ထရမ့်ပ်ကို ခပ်တုံးတုံးလို့ အဓိပ္ပါယ်ရနိုင်တဲ့ moron ဆိုပြီး သုံးနှုန်း ခေါ်ဆိုခဲ့ဖူးတယ်လို့ NBC သတင်းမှာဖော်ပြထားတာကို တိုက်ရိုက်မေးတဲ့အခါ ၀န်ကြီး Tillerson က အရေးမပါတဲ့ကိစ္စတွေကို သူ ရှင်းနေမှာမဟုတ်ဘူးလို့ ပြန်ပြောပါတယ်။

“ဒီလို အရေးမပါတဲ့ကိစ္စမျိုးကို ကျနော်ရှင်းနေမှာမဟုတ်ပါဘူး။ ၀ါရှင်တန်နဲ့ပတ်သက်ပြီး ကျနော်နားမလည်တာ အဲဒါပါပဲ။ ကျနော်က ဒီနေရာကမဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်လာတဲ့ နေရာတွေမှာတော့ ဒီလို အရေးမပါတဲ့ကိစ္စမျိုးတွေကို ရှင်းမနေပါဘူး။ ဒါဟာ လူတွေကွဲအောင် လုပ်တာကလွဲပြီး ဘာအဓိပ္ပါယ်မှမရှိပါဘူး။ ဒီအစိုးရအဖွဲ့ထဲမှာ ကွဲအောင်လုပ်ဖို့ ကြိုးစားတဲ့ထဲ ကျနော် ၀င်ပါမှာမဟုတ်ပါဘူး။”

ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ ၀န်ကြီးက အဲဒီလိုသုံးနှုန်းပြီး မပြောခဲ့ဘူးလို့ ပြောခွင့်ရ Heather Nauert က ပြောသွားပါတယ်။

“အဲဒီလို အသုံးအနှုန်းမျိုး ၀န်ကြီးက မသုံးပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတနဲ့ ပတ်သက်လို့ အဲဒီလိုစကား မျိုး သုံးနှုန်းပြီး ၀န်ကြီးက မပြောခဲ့ပါဘူး။ ဘယ်သူနဲ့ ပတ်သက်လို့ ပြောတာပဲဖြစ်ဖြစ် သူဟာ အဲဒီလို သုံးနှုန်း ပြောဆိုတာမရှိပါဘူး။ ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ရှင်းပြီလို့ ကျမမျှော်လင့်ပါတယ်။”

ဝန်ကြီး Tillerson က နုတ်ထွက်ဖို့ဖြစ်ခဲ့ပေမဲ့ ဒုသမ္မတက တားလို့သာ ဆက်နေနေတာ ဆိုတဲ့ NBC သတင်းပါ ဖော်ပြချက်ကိုလဲ ဒုသမ္မတ Mike Pence ရဲ့ အကြံပေးပုဂ္ဂိုလ် တဦးဖြစ်သူ Jarrod Agen က ငြင်းဆိုပါတယ်။

ဒီအစိုးရအဖွဲ့ထဲကနေ ၀န်ကြီး Tillerson နုတ်ထွက်ရေးနဲ့ပတ်သက်ပြီး ဒုသမ္မတနဲ့ ၀န်ကြီးကြား ဘယ်တုန်းကမှ ပြောဆိုဆွေးနွေး တာ မရှိခဲ့ဘူးဆိုတာ ဒုသမ္မတကလဲ အတည်ပြုပြောဆိုကြောင်း၊ ဒါနဲ့ပတ်သက်ပြီး ပြောင်းပြန် ပြောဆိုနေကြတာမှန်သမျှ လုံးဝ မှားယွင်းပါကြောင်း ဒုသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် Jarrod Agen က ပြောပါတယ်ခင်ဗျား။

XS
SM
MD
LG