သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တရုတ် ဘဏ္ဍာရေးဝန်ကြီးတွေ ဆွစ်ဇာလန်နိုင်ငံမှာတွေ့


တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟော် (ဝဲ) နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ရယ်လန် (ယာ)
တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟော် (ဝဲ) နှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ရယ်လန် (ယာ)

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ရယ်လန် (Janet Yellen) ဟာ တရုတ်ဘဏ္ဍာရေးဝန်ကြီး လျူဟော် (Liu He) နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့တာကို လျှော့ချဖို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်တွေရှာမယ်လို့ သမ္မတ နှစ်ဦး နိုဝင်ဘာလက သဘောတူခဲ့ကြပြီးကတည်းကဆိုရင် ဒါဟာ ပထမဆုံး အဆင့်အမြင့်ဆုံး တာဝန်ရှိသူတွေ တွေ့ဆုံကြတာပါ။ နှစ်နိုင်ငံအကြား စီးပွါးရေးနဲ့ ပတ်သက်ပြီး ကွဲပြားတာတွေ ရှိကြပေမယ့် ကုန်သွယ်ရေး၊ နည်းပညာ နဲ့ တခြား ကိစ္စတွေ မှာ ဆက်စပ်ပတ်သက်နေတာတွေလည်း ရှိနေတဲ့အတိုင်း တရုတ်ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ လျူဟော် (Liu He) နဲ့ ရယ်လန်တို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဖြစ်ကြတာ ဖြစ်ပါတယ်။

“ဘယ်လိုပဲ အခြေအနေတွေ ပြောင်းပါစေ၊ နှီးနှောဖလှယ်တာကိုတော့ ကျွန်တော်တို့ အမြဲပဲ ထိန်းသိမ်းထားသင့်ပါတယ် လို့ တရုတ်ဒုဝန်ကြီးချုပ်လျူဟော်က ပြောပါတယ်။

“သဘောမတူကြတဲ့ နယ်ပယ်တွေ ရှိလာတဲ့အခါ၊ ဒီ အကြောင်းတွေ ကို ကျွန်မတို့ တိုက်ရိုက် ပြောကြမှာပါ။ နားလည်မှု အလွဲမခံသင့်ပါဘူး။ အထူးသဖြင့် ဆက်သွယ်ဆက်ဆံရေး မရှိတာကြောင့် နှစ်နိုင်ငံ စီးပွါးရေးနဲ့ ဘဏ္ဍာရေး ဆက်ဆံမှုတွေ မလိုအပ်ဘဲ ဆိုးဝါးသွားတာမျိုးတွေ အဖြစ်မခံသင့်ပါဘူး” လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဂျန်းနက်ရယ်လန်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အဖွင့်စကားအဖြစ် ပြောခဲ့ပါတယ်။

အမေရိကန် နဲ့ တရုတ်တို့ ဟာ သူ့နည်းသူ့ဟန် နဲ့ စီးပွါးရေး အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ ခုလို တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။ Covid-19 အတွင်း လူသောင်းဂဏန်း သေဆုံးခဲ့ရသလို၊ စီးပွါးလုပ်ငန်း အများအပြား ပိတ်ခဲ့ရပြီးတဲ့နောက် တရုတ်က စီးပွါးရေးကို ပြန်ဖွင့်လိုက်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ အမေရိကန်ကလည်း အနှစ် ၄၀ အတွင်းမှာ ငွေဖောင်းပွမှု အမြင့်ဆုံး ဖြစ်ခဲ့ရာက ပြန်လည် ကျဆင်းလာတဲ့ အချိန် ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]






XS
SM
MD
LG