ရုရှားကျူးကျော်မှုကို တွန်းလှန်နေတာ ၃၂ လထဲ ရောက်လာပြီဖြစ်တဲ့ ယူကရိန်းအတွက် ဆက်လက်ခုခံနိုင်ဖို့ လိုအပ်တာတွေကို အမေရိကန်ကပေးအပ်မှာဖြစ်ကြောင်း တနင်္လာနေ့မှာ Kyiv ကိုရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးLloyd Austin က ပြောပါတယ်။ ဒါပေမယ့် ယူကရိန်း တောင်းဆိုနေတဲ့ NATO အဖွဲ့ထဲ ချက်ချင်းပေးဝင်ဖို့နဲ့ ယူကရိန်းတပ်တွေ ရုရှား ပိုင်နက်အတွင်းပိုင်းထိ မစ်ဇိုင်းဒုံးနဲ့ပစ်ခတ်ခွင့်တွေပေးမယ့် အရိပ်အယောင်တော့ မပြခဲ့ပါဘူး။
ဝန်ကြီး Austin က အမေရိကန်ဟာ ယူကရိန်းရှင်သန်ရပ်တည်ရေးနဲ့ လုံခြုံရေးအတွက် တိုက်ပွဲဝင်ရာမှာ လိုအပ်တာကိုပေးမှာဖြစ်ပြီး ဒါဟာ ရုရှားရန်လိုမှုကို အနောက်မဟာမိတ်တွေတုံ့ပြန်ရာမှာ အဓိက ဖြစ်ကြောင်းပြောပါတယ်။ ဥရောပရဲ့အနာဂတ်ဟာ အန္တရာယ်ရှိနေသလို NATO အဖွဲ့ အင်အား ခိုင်မာမှုနဲ့ အမေရိကန်နိုင်ငံလုံခြုံရေးမှာလည်း အန္တရာယ်ရှိနေကြောင်း ဝန်ကြီး Austion က ယူကရိန်း သံတမန် အကယ်ဒမီကျောင်းမှာ မိန့်ခွန်းပြောကြားခဲ့တာပါ။ အမေရိကန်က ယူကရိန်းလုံခြုံရေးဆိုင်ရာ အကူအညီအဖြစ် ရုရှားကျူးကျော်မှုခံရတဲ့ ၂၀၂၂ ဖေဖေါ်ဝါရီကစပြီး ဒေါ်လာ ၅၈ ဘီလီယံကျော် ပေးအပ်ခဲ့သလို အနောက်မဟာမိတ် နိုင်ငံ တဒါဇင်လောက်ကလည်း လက်နက်အတွက် နောက်ထပ် ဒေါ်လာ ၅၁ဘီလီယံပေးခဲ့ တာ ဖြစ်ကြောင်းပြောပါတယ်။
ဒါပေမယ့် ယူကရိန်းသမ္မတ Volodymyr Zelensky ရဲ့ အောင်နိုင်ရေး အစီအစဉ်မှာပါဝင်တဲ့ NATO အဖွဲ့ဝင်အဖြစ် ယူကရိန်းကိုလက်ခံဖို့နဲ့ အနောက်နိုင်ငံတွေကပေးတဲ့ တာဝေးပစ်မစ်ဇိုင်းဒုံးကျည်တွေနဲ့ ရုရှားပိုင်နက်အတွင်းပိုင်းအထိပစ်ခတ်ခွင့်တွေနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်မပြောပါဘူး။ ရုရှားပိုင်နက် အတွင်းပိုင်းကို ပစ်မှတ်ထားပစ်ခတ်မှုဟာ အမေရိကန်နဲ့ ရုရှားကြား တိုက်ရိုက်ပဋိက္ခဖြစ်ပွါးလာမယ့် အန္တရာယ်ရှိလာမှာကို အမေရိကန်က စိုးရိမ်နေတာ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ ရုရှားနဲ့စစ်ဖြစ်ဖို့မလိုလားတဲ့အတွက် ဘာအမှားမှ လုပ်မှာမဟုတ်ကြောင်းနဲ့ အဓိက,က ယူကရိန်းရဲ့တွန်းလှန်တိုက်ခိုက်ပုံနည်းလမ်းနဲ့ စစ်ရေးစွမ်းဆောင်နိုင်ရည်က အရေးပါတာကြောင့် ဒါကို ဦးစားပေး ဖြည့်ဆည်းပေးဖို့ဖြစ်ကြောင်းလည်း ဝန်ကြီး Austin က ပြောပါတယ်။
Forum