စစ်ဒဏ်သင့်နေတဲ့ ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက် ခံစစ်လက်နက်တွေ ရောင်းမလားဆိုတာ သမ္မတ ထရမ့်ပ် အစိုးရက အလေးအနက် ဆန်းစစ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က ကြာသပတေးနေ့မှာ ပြောပါတယ်။
အဲဒီလိုလုပ်ရင် ခြိမ်းခြောက်မှုတခုအဖြစ် ရုရှားက မြင်မလာနိုင်ဘူးလားဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီး Mattis က ကိုယ်တိုင်က ရန်လိုကျူးကျော်သူမဟုတ်ရင် ခံစစ်လက်နက်တွေပေးတာကို ရန်လိုတဲ့လုပ်ရပ်လို့ မြင်မှာမဟုတ်တဲ့အကြောင်း ပြန်ဖြေပါတယ်။
ခံစစ်လက်နက်တွေ ယူကရိန်းကိုရောင်းရင် မလိုအပ်ဘဲ ရုရှားကို ရန်စသလိုဖြစ်သွားမယ်လို့ အရင် အမေရိကန်အစိုးရက မြင်ခဲ့ တာပါ။ ဒါပေမဲ့ အဲဒီ အရင်ကပယ်ချထားခဲ့တဲ့ အစီအစဉ်အပေါ် သမ္မတထရမ့်ပ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ အခု ပြန်စဉ်းစားနေကြ တာပါ။
ဝန်ကြီး Mattis နဲ့ ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်းကိုးတို့ ကြာသပတေးနေ့က ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လက်နက်ရောင်းချမယ့် အစီအစဉ်နဲ့ပတ်သက်တဲ့ အချိန်ဇယားကို မေးတဲ့အခါ သမ္မတ ပိုရိုရှန်းကိုးက တိုက်ရိုက်ပြန်ဖြေမသွားပါ ဘူး။ ဒါပေမဲ့လဲ မိမိတို့တပ်ဖွဲ့တွေနဲ့ မိမိတို့နယ်မြေကို တိုက်ခိုက်ဖို့ ရုရှားက ဆုံးဖြတ်ခဲ့မယ်ဆိုရင် ခံစစ်လက်နက်တွေက ပိုပြီး ထိထိရောက်ရောက် တုန့်ပြန်နိုင်မယ်လို့ သမ္မတ ပိုရိုရှန်းကိုးက ပြောပါတယ်။