သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ အမေရိကန်နဲ့ ဗီယက်နမ်ခေါင်းဆောင်တွေ ကတိပြု


အမေရိကန်သမ္မတ Joe Biden နဲ့ ဗီယက်နမ် သမ္မတ Vo Van Thuong တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်ရှိ သမ္မတနန်းတော်မှာ တွေ့ဆုံလက်ဆွဲနှုတ်ဆက်နေကြစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၃)
အမေရိကန်သမ္မတ Joe Biden နဲ့ ဗီယက်နမ် သမ္မတ Vo Van Thuong တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်ရှိ သမ္မတနန်းတော်မှာ တွေ့ဆုံလက်ဆွဲနှုတ်ဆက်နေကြစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၃)

အမေရိကန်နဲ့ ဗီယက်နမ်နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူညီတာကို နှစ်နိုင်ငံခေါင်းဆောင်တွေ ကြိုဆိုလိုက်ပြီး နည်းပညာတီထွင်မှုတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ခြေ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း သမ္မတ Joe Biden က ဒီနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှာ ပြောဆိုပါတယ်။ သမ္မတ Biden ဟာ ဒီနေ့ ဟနွိုင်မြို့မှာ ဗီယက်နမ် သမ္မတ Vo Van Thuong နဲ့ တွေ့ဆုံပါတယ်။

နှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု ကွင်းဆက် ပိုပြီး ခိုင်မာအောင် ကျနော်တို့ လုပ်ဆောင်သွားပါ့မယ်။ ဒီနေ့ ကျနော်တို့ လက်မှတ်ရေးထိုးလိုက်လိုက်တဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု သဘောတူစာချွန်လွှာအရ လျှပ်ကူးပစ္စည်း semiconductor အသစ်တွေ ထုတ်လုပ် သွားဖို့လည်း ပါဝင်ပါတယ်။ Cloud Computing အချက်အလက် သိမ်းဆည်း စီမံရေး၊ တယ်လီ ဆက်သွယ်ရေးတွေအပြင် ကျနော်တို့ အထူး အလေးထားစောင့်ကြည့်နေတဲ့ AI ဉာဏ်ရေတု နည်းပညာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ သမ္မတ Biden ပြောဆိုသွားတာပါ။ အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ် နှစ်နိုင်ငံအကြား မဟာဗျုဟာမြောက် အမြင့်ဆုံး သံတမန် ဆက်ဆံရေးကို တိုးမြှင့်လိုက်ပြီလို့ ကြေညာပြီးတဲ့နောက် ဒီနေ့ သမ္မတ Joe Biden နဲ့ ဗီယက်နမ် သမ္မတတို့ တွေ့ဆုံကြတာပါ။ အမေရိကန်ပြည်သူတွေနဲ့ ဗီယက်နမ် ပြည်သူတွေအတွက် အရေးအကြီးဆုံး စိန်ခေါ်မှုတွေမှာ နှစ်နိုင်ငံ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ သမ္မတ Biden ပြောဆိုသွားပြီး ဒီအခြေအနေအထိ နှစ်နိုင်ငံအကြား လက်တွဲခဲကြတဲ့ သမိုင်းကြောင်းကို ထူးခြားတဲ့ မှတ်တိုင်အဖြစ် သမ္မတ Biden က ပြောဆိုသွားပါတယ်။

ဗီယက်နမ် သမ္မတ Vo Van Thuong ကလည်း အမေရိကန်နဲ့ ဗီယက်နမ်နှစ်နိုင်ငံ အကြား အထူးအရေးကြီးတဲ့ သဘောတူညီချက်တွေ ချမှတ်နိုင်ခဲ့တဲ့ အချိန်အခါအဖြစ် ပြောဆိုပြီး စာမျက်နှာသစ်တခု ဖွင်လိုက်တာလို့လည်း ကြိုဆို ပြောဆိုပါတယ်။ ခရီးစဉ်အတွင်း ဗီယက်နမ်လေကြောင်းလိုင်းအတွက် Boeing ကုမ္ပဏီနဲ့ ဗီယက်နမ်အကြား ဒေါ်လာ ၇.၈ ဘီလျံဖိုး သဘောတူညီချက် ရယူလိုက်တဲ့အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ အလုပ်အကိုင် ၃၀၀၀၀ လောက် ဖန်တီးပေးနိုင်မယ့်အကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က ကြေညာပါတယ်။

XS
SM
MD
LG