သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အောင်ပွဲခံ အမျိုးသမီးအသင်း နယူးယောက် လှိုက်လှဲစွာ ကြိုဆို


ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီးဘောလုံး ဗိုလ်လုပွဲမှာ အနိုင်ရပြီး စတုထ္ထအကြိမ်မြောက် ကမ္ဘာ့ဖလားဆွတ်ခူးလာတဲ့ အမေရိကန်အမျိုးသမီး ဘောလုံးအသင်းကို ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့မှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။ ဒီဂုဏ်ပြုပွဲ အခမ်းအနားအတွင်း နယူးယောက် အုပ်ချုပ်ရေးမှူးက နယူးယောက်ပြည်နယ် အတွက် အမျိုးသမီးနဲ့ အမျိုးသား လုပ်အားခလစာ တန်းတူပေးရမယ့် ဥပဒေတရပ်ကို ဗုဒ္ဓဟူးနေ့မှာပဲ ပြဌာန်းလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန် အမျိုးသမီးဘောလုံး အသင်းဟာ ဇူလိုင်လ ၇ ရက်နေ့က ပြင်သစ်နိုင်ငံ Lyon မှာ ကျင်းပတဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ နယ်သာလန် အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တာပါ။ အောင်ပွဲရ အမေရိကန်အမျိုးသမီး ဘောလုံးအသင်းကို နယူးယောက်မြို့မြို့တော်ခမ်းမရှေ့မှာ ဂုဏ်ပြု အခမ်းအနားကျင်းပပေးခဲ့တာ ဖြစ်ပြီး ဒီပွဲကို နယူးယောက် မြို့တော်ဝန် Bill de Blaasio နဲ့ နယူးယောက် အုပ်ချုပ်ရေးမှုး Andrew Cuomo တို့ပါ တက်ရောက်အားပေးခဲ့ပါတယ်။ ဒီပွဲမှာ အသင်းခေါင်းဆောင် တဦးဖြစ်တဲ့ နာမည်ကြီး ဘောလုံးသမား Megan Rapinoe က မိန့်ခွန်းပြောခဲ့ပြီး သူတို့အဖွဲ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ အမုန်းတရားတွေ လျှော့ပြီး မေတ္တာပိုထားကြဖို့ ပြောကြားခဲ့ပါတယ်။

“ ဒါဟာ အားလုံးအတွက် ဆောင်ရွက်ရမယ့် ကျမရဲ့ တာဝန်ဖြစ်ပါတယ်။ ကျမတို့ ပိုပြီးကောင်းလာဖို့ အမုန်းမပွါးပဲ မေတ္တာတရား ပိုထားရမှာ ဖြစ်သလို အပြောနည်းနည်းလျှော့ပြီး သူများပြောတာကို ပိုနားထောင်ဖို့ လုပ်ရမှာပါ။ ဒါဟာ လူတိုင်းမှာ တာဝန်ရှိတယ် ဆိုတာကို ပွဲလာသူတွေ၊ မလာသူတွေ၊ သဘောတူသူတွေ၊ မတူသူတွေ ဘယ်သူဖြစ်ဖြစ် သိထားဖို့ လိုပါတယ်။ ဒီကမ္ဘာကြီးကို ပိုနေချင်စရာကောင်းတဲ့ ကမ္ဘာဖြစ်လာအောင် လုပ်ဖို့က ကျမတို့ရဲ့ တာဝန်ပါ။ ကျမတို့ အဖွဲ့က ဒီတာဝန်ကို ပုခုံးပေါ်ထမ်းပြီး အံ့မခန်းအလုပ် လုပ်ခဲ့တယ်လို့ ကျမထင်ပါတယ်။ ဒီကမ္ဘာကြီးမှာ ကျမတို့ရဲ့ အနေထားကို ကျမတို့နားလည်ပါတယ်။ ဟုတ်ပါတယ်။ ကျမတို့က အားကစားသမားတွေပါ။ ဘောလုံးကစားတာပါ။ ကျမတို့က အမျိုးသမီးတွေပါ။ ဒါပေမယ့် ကျမတို့က ဒီ့ထက်အများကြီးလည်း ပိုပါတယ်။”

Megan Rapino ဟာ အမျိုးသမီး ဘောလုံးသမားတွေ အမျိုးသားတွေလောက် လစာမရတာနဲ့ ပတ်သက်ပြီး ကျားမ အခွင့်ရေးတန်းတူမှုနဲ့ တရားမျှတမှု ရှိလာစေရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ တဦးလည်း ဖြစ်ပါတယ်။ ဂုဏ်ပြုပွဲကို လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေဟာ အမျိုးသမီး ဘောလုံးသမား တွေကို ကြိုဆိုကြောင်း ကြွေးကြော်ကြတဲ့အပြင် လစာတန်းတူရရှိရေး ဆိုတဲ့ အချက်ကိုပါ ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ကြွေးကြော်သံတွေ နဲ့ညံနေတဲ့ မြို့တော်ခန်းမရှေ့မှာပဲ အခမ်းအနားကို တက်ရောက်လာတဲ့ မြို့တော်ဝန် Andrew Cuomo က နယူးယောက်ပြည်နယ် အတွက် အမျိုးသမီးနဲ့ အမျိုးသား လုပ်အားခလစာ တန်းတူပေးရမယ့် ဥပဒေတရပ်ကို ဗုဒ္ဓဟူးနေ့မှာပဲ ပြဌာန်းလိုက်ပြီလို့ ပြောပါတယ်။

“အမျိုးသား အသင်းတွေထက် လက်တွေ့မှာ ဘောလုံးအဖွဲ့ချုပ် အတွက် ဝင်ငွေ ပိုရှာပေးနိုင်သလို အောင်ပွဲတွေပါ ရနေတဲ့ အမျိုးသမီးအသင်းဟာ ဘာကြောင့် လစာပိုနည်း နေရတာပါလဲ။ ဒါကြောင့် ကုမ္ပဏီတိုင်းဟာ တူညီတဲ့ အလုပ်အတွက် ကျားမ မခွဲခြားဘဲ လစာပေးရမယ် ဆိုတဲ့ ဥပဒေကို ဒီကနေ့ မနက်မှာပဲ နယူးယောက်ပြည်နယ်အတွက် ပြဌာန်းလိုက်ပါပြီ။ တကယ်လို့ အမျိုးသမီးတွေကို သူတို့ရသင့်တဲ့ လခ မပေးဘူးဆိုရင် ဒီနယူးယောက်ပြည်နယ်ထဲမှာ အလုပ်လုပ်ခွင့် မရှိဘူးလို့ အမေရိကန် ဘောလုံးအဖွဲ့ချုပ်ကို ကျနော်ပြောပါရစေ။”

မြို့တော်ခန်းမရှေ့ အခမ်းအနားက ိုတက်ရောက်လာတဲ့ အမျိုးသမီးဘောလုံးအသင်းကို နယူးယောက် Manhattan တောင်ဘက် အစွန်ဆုံး Battery Park ပန်းခြံကနေစပြီး မြို့တော်ခန်းမအထိ Canyon of Heroes ဂုဏ်ပြု လမ်းတလျှောက်မှာ ပရိတ်သတ်က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတယ်လို့ ဘောလုံးအသင်းရဲ့ အမာခံပရိတ်သတ်တဦးဖြစ်တဲ့ နယူးယောက်မြို့သူ မမေစန္ဒာစိုးညွန့်က ပြောပါတယ်။

" သူတို့ မလာခင် ကတည်းက အစောကြီး ကတည်းက အကုန်လုံးက ရောက်နေပြီ။ လမ်းဘေး တဖက်တချက်မှာ လူတွေက အကုန်လုံး အပြည့် ကလေးလေးတွေ သေးသေးလေးတွေက အစ သူတို့ ဟီးရိုးလို့ ထင်တဲ့ သူတို့ရဲ့ Soccer Player ဂျာဆီတွေ ဝတ်ပြီး ထွက်လာကြတယ်။ အများစုကတော့ အမေရိကန် အလံတွေ ကိုင်ပြီးတော့ USA USA Equal Pay အဲဒါတွေ ကြိုပြီးတော့ အော်နေကြတယ်။ သူတို့ လာတဲ့ အချိန်မှာတော့ ပိုအော်ပြီးတော့ အကုန်လုံး ပျော်ပျော် ရွှင်ရွှင်နဲ့ ဟို Celeberate လုပ်ကြတာပါ။ အဲဒီ လမ်းတောက်လေ ျှာက်မှာ ရှိတဲ့ တိုက်အမြင့်ကြီးတွေ ပေါ်ကနေလည်း သူတို့က စက္ကူတွေ ပစ်ချ၊ ကြိုးတွေ ပစ်ချ အဲလိုမျိုးတွေပေါ့နော်။ ပန်းကြဲသလို မျိုးဘဲ။ သူတို့တွေက အဲဒါတွေနဲ့ ကြိုဆိုတယ်။ ဟို တိုက်အမြင့်ကြီးတွေက ပစ်ချတဲ့ အတွက် လေထဲမှာ လွင့်ပြီး အရမ်းလှပါတယ်။ လမ်းတောက်လေ ျှာက် အရမ်းလှတယ်။

ဒေါ်ခင်မျိုးသက်။ ။ ဘာဖြစ်လို့ ဒီ နယူးယောက် မြို့သူ မြို့သားတွေက လခကို တန်းတူ ပေးဖို့လို့ တောင်းဆိုကြတာလဲ။

မမေစန္ဒာစိုးညွန့်။ ။ Megan Rapino ကနေ စတာပါ။ သူက စပြီး အဲဒီဟာကို တောင်းဆိုခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အမျိုးသမီး ဘောလုံးသမားတွေရဲ့ Average ရတဲ့ ပိုက်ဆံက ယောက်ျားလေး ဘောလုံး သမားတွေ ရတဲ့ ပိုက်ဆံရဲ့ 10 precent လောက်ဘဲ ရှိပါတယ်။ တကယ်က သူတို့တွေက နိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ ချန်ပီယံ ဖလားတွေကို ယူပေးနိုင်တယ်။ သူတို့ အဲလို လုပ်ပေးနိုင်တဲ့ အချိန်မှာ ဒီ အမျိုးသား ဘောလုံး အသင်း အဖွဲ့က ကမ္ဘာ့အဆင့်မီဖို့တောင်မှဘဲ မနည်း ကြိုးစားနေရတယ်။ သူတို့ World Cup ပြိုင်ပွဲတွေတောင် နှစ်တိုင်း မပါနိုင်ပါဘူး။ ဒီ ယောကျ်ားလေးတွေလည်း ကြိုးစားတယ်၊ မိန်းကလေးတွေလည်း ကြိုးစားတယ်။ မိန်းမဆိုပြီးတော့ မိန်းကလေးတွေကို နှိမ်ပြီးတော့ အဲလိုမျိုး လေ ျှာ့ပေးတယ်ဆိုတာကို လက်မခံကြတော့ဘူး။ အခုအချိန်မှာ အားလုံးက တန်းတူ ဆိုတာကို အကုန်လုံးက ထောက်ခံတဲ့ အနေနဲ့ Equal Pay ကို ဝိုင်းအော်ကြတာပါ။

၁၉၉၁၊ ၁၉၉၉ နဲ့ ၂၀၁၅ တွေမှာ ကမ္ဘာ့ဖလား ဘောလုံးဗိုလ်လုပွဲတွေမှာ အနိုင်ရခဲ့ပြီး တဲ့နောက် အခု ၂၀၁၉ မှာ စတုတ္ထအကြိမ် အနိုင်ရခဲ့တဲ့ အောင်ပွဲရ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းကို နိုင်ငံက ဂုဏ်ယူကြောင်း သမ္မတ Donald Trump က ချီးကြူးပြောကြားခဲ့ပြီး အိမ်ဖြူတော်ကို ဖိတ်ကြားမယ့် အစီစဉ်ကိုတော့ အလေးအနက် စဉ်းစားနေတယ်လို့ ပြောပါတယ်။

သမ္မတ Trump အစိုးရကို ဝေဖန်နေတဲ့ အသင်းခေါင်းဆောင် Rapinoe ကတော့ အိမ်ဖြူတော်ကို ဖိတ်ကြားရင် သူ့အနေနဲ့ သွားမှာ မဟုတ်ဖူးလို့ ပြိုင်ပွဲတွေ ကျင်းပချိန်က ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG