သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကို အကူအညီပေးရေးနဲ့ မီဒီယာအဖွဲ့ဝင်ခွင့်ပေးဖို့ USAID အကြီးအကဲ တိုက်တွန်း


USAID အကြီးအကဲ Mark Green ရဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ်ဘဇားက ကုတုပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ ခရီးစဉ် ( မေ-၂၀၁၈)
USAID အကြီးအကဲ Mark Green ရဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ်ဘဇားက ကုတုပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ ခရီးစဉ် ( မေ-၂၀၁၈)

ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နောက် မီဒီယာတွေကို ဝင်ရောက် သတင်းရယူခွင့်ပြုဖို့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ တိုက်တွန်းမယ်လို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေရှ့် ခရီးစဉ် အတွင်းမှာတော့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး အမေရိကန်ရဲ့ အကူအညီသစ်ကိုလည်း ကြေညာခဲ့တာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြ ပေးမှာပါ။

အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID အုပ်ချုပ်ရေးမှူး Mark Green က ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဒီကနေ့ ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာကူညီမှု ဝန်ထမ်းတွေနဲ့ မီဒီယာတွေကို ဝင်ရောက်ခွင့်ပေးဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။ မြန်မာ နိုင်ငံကို မထွက်ခွာခင် ဒီကနေ့ ဘင်္ဂလားဒေရှ့်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ USAID အုပ်ချုပ်ရေးမှူး Mark Green က အခုလို ပြောဆိုခဲ့ပါတယ်။

"မြန်မာနိုင်ငံကို ရောက်တဲ့ အခါမှာ တော့ ကျနော့်အနေနဲ့ နားထောင်၊ လေ့လာ ပြီး သုံးသပ်နိုင်အောင် ကြိုးစားပါမယ်။ နောက် ကျနော်တို့ တွေ့ခဲ့ မြင်ခဲ့ သိခဲ့တာတွေကို နိုင်ငံခြားရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြန်လည် တင်ပြပါမယ်။ ကျနော်တို့ အနေနဲ့ ရေရှည်မှာ ပိုပြီး ချဉ်းကပ် ဆောင်ရွက်လာနိုင်မယ်၊ အကောင်းဆုံး ချဉ်းကပ်ဆောင်ရွက်နိုင်မှာပါ"လို့ USAID အကြီးအကဲ Mark Green က ဒီကနေ့ ဘင်္ဂလားဒေရှ့် နိုင်ငံမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မနေ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ရိုဟင်ဂျာတွေကို လှိုက်လှိုက်လှဲလှဲ ကူညီ လက်ခံပေးထားတဲ့ အတွက် ဘင်္ဂလားဒေရှ့် အစိုးရကို ကျေးဇူးတင်ကြောင်း၊ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက်ကတော့ ဘေးကင်းလုံခြုံမှုရှိရှိ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဖြစ်ပြီး ဆန္ဒအလျောက်သာ ဖြစ်ရမယ်ဆိုတာကိုလည်း USAID အကြီးအကဲက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ဒီသတင်းပတ် ဘင်္ဂလားဒေရှ့် နိုင်ငံ သုံးရက်တာ ခရီးစဉ် အတွင်းမှာလည်း ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေ၊ နောက် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေ ဖြစ်နေတဲ့ ဒေသက လူတွေ အတွက် အမေရိကန် ဒေါ်လာ ၄၄ သန်း ထပ်ပေးဖို့လည်း USAID အကြီးအကဲက ကြေညာခဲ့ပါတယ်။ USAID အကြီးအကဲ Mark Green ရဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ်ဘဇားက ကုတုပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ ခရီးစဉ် အတွင်းမှာ ထောက်ပံ့ကြေး ထပ်ပေးမယ့် အကြောင်း ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံတွင်းနဲ့ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှုစုစုပေါင်းက ၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ဒေါ်လာ ၂၉၉ သန်းကျော် အထိ ရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် ဆိုင်ရာ အမေရိကန် သံရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

USAID ကနေ တဆင့် စီမံခန့်ခွဲမယ့် အမေရိကန်ရဲ့ ထောက်ပံ့ကြေး အသစ်ကိုတော့ ကောဇ့်ဘဇား ဒေသတဝန်း အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ပေးမှာပါ။ အရေးပေါ် စားနပ်ရိက္ခာ ဖြန့်ဖြူးမှု၊ အဟာရ ချို့တဲ့မှု ကုစားရေး အတွက် အထူးပြုထားတဲ့ စားနပ်ရိက္ခာ၊ နောက် ဒုက္ခသည်တွေ အပြင်ကနေ စားနပ်ရိက္ခာ ဝယ်ယူခွင့် လက်မှတ် စတာတွေလည်း ပါဝင်မှာပါ။

မြန်မာနိုင်ငံတွင်းက ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တို့က လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင်း ဘေးဒုက္ခရောက်နေကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အတွက် အရေးပေါ် အထောက်အကူအတွက်လည်း သုံးမှာပါ။ အရေးပေါ် စားနပ်ရိက္ခာ၊ အဟာရ ထောက်ပံ့မှု၊ အမိုးအကာ၊ ကျန်းမာရေး စောင့်ရှောက်မှု စတာတွေ ပါဝင်ပါမယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG