သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် လူသားချင်းစာနာမှုအရေး ဒေါ်လာ ၄၄ သန်း ကန် ထပ်လှူ


USAID အကြီးအကဲ Mark Green သတင်းစာရှင်းလင်းနေစဉ်
USAID အကြီးအကဲ Mark Green သတင်းစာရှင်းလင်းနေစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းနီးပါး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ ပဋိပက္ခဒဏ် ခံနေကြရသူတွေအတွက် အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူ နောက်ထပ် ဒေါ်လာ ၄၄ သန်းကျော်ပေးဖို့အတွက် အင်္ဂါနေ့မှာကြေညာလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အေဂျင်စီ USAID အကြီးအကဲ Mr. Mark Green ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရောက်ရှိစဉ်မှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

မေ ၁၃ ကနေ ၂၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ၊ ထိုင်းနိုင်ငံတို့ကို သွားရောက်နေတဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအထောက်အကူပေးရေး အစီအစဉ် အကြီးအကဲ Mark Green ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရောက်ရှိနေပြီး Cox's bazar ရှိ ကူတုပလောင် ဒုက္ခသည်စခန်းကို အင်္ဂါနေ့က သွားရောက်ခဲ့တာဖြစ်ပါတယ်။ အခုလို သွားရောက်စဉ် ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ မြန်မာပဋိပက္ခရောက်နေသူတွေအတွက် အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူ နောက်ထပ် ဒေါ်လာ ၄၄ သန်းပေးမယ်လို့ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ အကဲစမ်းမူတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက USAID ကတဆင့် နောက်ထပ် လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူ ဒေါ်လာ ၄၄ သန်းပေးမှာဖြစ်ပါတယ်။ ဒါက လက်ရှိပေးထားပြီးသား အကူအညီတွေကို ထပ်စောင်းပြီးတော့လည်းပေးတာဖြစ်ပါတယ်။ အဓိကအားဖြင့် ကုလသမဂ္ဂ ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကြီးကနေ တဆင့် မြန်မာနိုင်ငံအတွင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် ပေးမှာဖြစ်ပါတယ်။ လက်ရှိကယ်ဆယ်ရေးနဲ့ တုံ့ပြန်ကူညီဆောင်ရွက်ရေးကြိုးပမ်းမှုတွေကို အားပေးဖို့လည်းဖြစ်ပါတယ်။"

အခု နောက်ထပ်ပေးမယ့် လူသားချင်းစာနာမှုဆိုင်ရာအထောက်အကူ ဒေါ်လာ ၄၄ သန်းဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ၇ သိန်းနီးပါးအပြင် ၊ မြန်မာပြည်တွင်းရှိ ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေ ၈.၃ သန်းတို့အတွက် အရေးပေါ်ကူညီရေးပစ္စည်းတွေပေးမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

" လူသားချင်းစာနာမူအထောက်အကူအသစ်မှာ အရေးပေါ်စားနပ်ရိက္ခာ အဟာရဖြည့်ဆည်းမှု အပြင် နေစရာ၊ သောက်သုံးရေ၊ အသက်ကယ်ဆေးဝါးကုသမှုနဲ့ တခြားအရေးကြီးတဲ့အထောက်အပံ့ကူညီမှုတွေပါဝင်ပါတယ်။"

USAID အကြီးအကဲဟာ ဒါကာမြို့တော်မှာ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးဝန်ထမ်းတွေ ၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဝန်ထမ်းတွေ အပြင် cox's bazar ကို နောက်ထပ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အသစ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ Heather Nauert ကပြောပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အဟန့်အတားမရှိအကူအညီပေးနိုင်ဖို့နဲ့ ဌာနေပြန်နိုင်ရေးအတွက်လည်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း Ms. Heather Nauert ကပြောပါတယ်။

"အကူအညီလိုအပ်နေသူတွေဆီကို အဟန့်အတားမရှိ အကူအညီတွေ ချက်ချင်းပေးနိုင်ခွင့်ပြုဖို့နဲ့ ဘေးအန္တရာယ်ကင်းစွာနဲ့ မိမိတို့သဘောအလျောက်နေရပ်ရင်းပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကိုတိုက်တွန်း ပါတယ်။"

ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အပြီး မြန်မာနိုင်ငံကိုသွားရောက်မယ့် ခရီးစဉ်အတွက်လည်း USAID အကြီးအကဲအနေ နဲ့ နိုင်ငံခြားရေးဝန်ကြီးအသစ် Mike Pompeo ထံ သူ့ခရီးစဉ်နဲ့ပတ်သက်လို့ အပြည့်အစုံအစီရင်ခံဖို့ရှိတယ်လို့ Ms. Nauert ကပြောပါတယ်။

"နိုင်ငံခြားရေးဝန်ကြီးအသစ် Pompeo ကိုယ်စား ဒီသီတင်းပတ်နှောင်းပိုင်းမှာ USAID အကြီးအကဲ Mr. Green ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာအစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်နဲ့ တခြားပြည်နယ်တွေမှာဖြစ်နေတဲ့ အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက်ခြေလှမ်းတွေစဖို့တိုက်တွန်းမှာဖြစ်ပါတယ်။ သူ့ခရီးစဉ်အပြန်မှာ အစီရင်ခံချက်အပြည့်အစုံကိုလည်း နိုင်ငံခြားရေးဝန်ကြီးက သိရှိဖို့ စောင့်မျှော်နေပါတယ်။"

USAID အကြီးအကဲ Mark Green နဲ့အတူ USAID အာရှရေးရာ အဆင့်မြင့်လက်ထောက် အကြီးအကဲ Gloria Steele နဲ့ လူဦးရေ၊ ဒုက္ခသည်များနဲ့ အခြေချမှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mark Storella တို့လည်းလိုက်ပါခဲ့အပြီး မြန်မာနိုင်ငံခရီးစဉ်အပြီး ထိုင်းနိုင်ငံ ဘန်ကောက်ကို မေလ ၂၁ နဲ့ ၂၂ တို့မှာ သွားရောက်ဖို့ရှိပြီး သမ္မတ Trump ရဲ့ အင်ဒိုပစိဖိတ် အင်ဒိုဗျူဟာနဲ့ ပတ်သက်လို့လည်း USAID အကြီးအကဲ တွေနဲ့ ဆွေးနွေးဖို့ရှိကြောင်းလည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG