သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူသားချင်းစာနာမှု ဒေါ်လာ သန်း ၅၀ ကန် ထပ်ကူညီ


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ အရေးအခင်းကြောင့် ထွက်ပြေးလာကြပြီး ဒုက္ခရောက်နေကြတဲ့ လူတွေအတွက် လူသားချင်း စာနာမှု အထောက်အကူ အမေရိကန်ဒေါ်လာ သန်း (၅၀) ထပ်ဆောင်းပေးမယ်လို့ အမေရိကန် ယာယီ နိုင်ငံခြားရေးဝန်ကြီး John J Sullivan က တနင်္လာနေ့ မှာ ကြေညာလိုက်ပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လ က စပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေ အတွက် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့တဲ့ အကူအညီဟာ အမေရိကန်ဒေါ်လာ ၁၆၃ သန်းကျော် ရှိနေပြီဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ် အစကတည်းက ဆိုရင် မြန်မာနိုင်ငံအတွင်းနဲ့ မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူတွေ အတွက် ပေးအပ်တဲ့ လူသားချင်း စာနာမှုအထောက်အကူ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၅၅ သန်းကျော် ရှိပြီဖြစ်ပါတယ်။ ယာယီ နိုင်ငံခြားရေးဝန်ကြီးဟာ အခုထပ်မံပေးအပ်မဲ့ အကူအညီအသစ် ကို တိုရွန်တိုမြို့မှာကျင်းပတဲ့ G7 ထိပ်သီးညီလာခံမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီညီလာခံကြီးမှာ ယာယီနိုင်ငံခြားရေး ဝန်ကြီးဟာ တခြား G7 အဖွဲ့ဝင်တွေနဲ့အတူ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ အလွန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ အပါဝင် မတရားဖိနှိပ်မှုတွေကို ပစ်တင်ရှုတ်ချ ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစလို့ လူပေါင်း (၇)သိန်း လောက်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးခဲ့ကြပါတယ်။ ဒီအထဲမှာ အများစုဟာ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြပါတယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က လက်ခံထားရတဲ့ ဒုက္ခသည် အရေအတွက် စုစုပေါင်းဟာ တသန်း နီးပါးရှိနေပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အသက်ကယ်ဆယ်ရေး အထောက်အကူတွေကို ဆက်လက် ပေးအပ်နေပါတယ်။ ဒီအထဲမှာ ဒုက္ခသည်တွေနဲ့ သူတို့ကိုလက္ခံထားကြရတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံတွေ အတွက် အကာအကွယ်ပေးတာ၊ အရေးပေါ် နေထိုင်စရာတွေ၊ ရေနဲ့ မိလ္လာ အညစ်ကြေး စွန့်ပစ်မှုစနစ်၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စိတ်ဓါတ်ရေးရာ အားပေးကူညီမှုတွေ၊ မုတ်သုန်မိုးရာသီနဲ့ ဆိုက်ကလုန်း လေမုန်တိုင်းဒဏ် ခံနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပါဝင်ပါတယ်။

အရေးပေါ်အခြေအနေတွေအတွက် ဒေါ်လာသန်း ၅၀ ထောက်ပံ့ကူညီပေးဖို့ အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော် ပါတီကြီး ၂ ရပ် လုံးက အခိုင်အမာ ထောက်ခံမှု ပေးခဲ့ကြတာဖြစ်ပါတယ်။

တခြားနိုင်ငံတွေအနေနဲ့လည်း အလားတူ လူသားချင်းစာနာမှု အထောက်ကူတွေ ပေးကြဖို့ အမေရိကန် ယာယီနိုင်ငံခြားရေးဝန်ကြီး Sullivan က တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG