အမေရိကန် စာတိုက်လုပ်ငန်း အနေနဲ့ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်က လာတဲ့ စာတွေနဲ့ ပါဆယ်အထုပ်တွေကို ဆက်ပြီး လက်ခံသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ အင်္ဂါနေ့က ယာယီဆိုင်းငံ့ထားမယ်ဆိုတဲ့ ကြေညာချက်ကို ဖျက်သိမ်းပြီး အခုလို လုပ်ဆောင်တာဟာ ပစ္စည်း ပို့ဆောင်ရေး ပြတ်တောက်မှုကို ရှောင်ရှားဖို့ ဖြစ်ပြီး အကောက်ခွန် နဲ့ နယ်စပ်လုံခြုံရေးဌာနနဲ့လည်း ပူးပေါင်းပြီး တရုတ်နိုင်ငံအပေါ် ချမှတ်ထားတဲ့ သွင်းကုန်ခွန် ကောက်ခံဖို့ ကိစ္စအတွက်လည်း လုပ်ငန်းစဉ်အသစ်ကို လုပ်ဆောင်နေတယ်လို့ အမေရိကန် စာတိုက်လုပ်ငန်းက ကြေညာပါတယ်။
တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၁၀ % အခွန်တိုးကောက်အပြီး အခုလို စီစဉ်ခဲ့တာပါ။ အဲ့ဒီအတွက်လည်း အမေရိကန်စားသုံးသူတွေအတွက် တရုတ်နိုင်ငံမှာထုတ်တဲ့ ကုန်ပစ္စည်းဈေးတွေ တက်သွားနိုင်တာပါ။ သွင်းကုန်ခွန် ၂၅% တိုးကောက်ခံရမယ့် ကနေဒါနဲ့မက္ကဆီကို နိုင်ငံတွေကတော့ အမေရိကန်နဲ့ညှိနှိုင်းပြီး သွင်းကုန်ခွန်တိုးကောက်မယ့်ကိစ္စကို တလတာ ဆိုင်းငံ့ထား ပါတယ်။
အရင်ထုတ်ပြန်ထားတဲ့ အမေရိကန်စာတိုက်က ပိတ်ပင်မှုကြောင့် တရုတ်အွန်လိုင်းဈေးရောင်းတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Temu နဲ့ Shein လို ကုမ္ပဏီတွေကိုထိခိုက်ဖွယ်ဖြစ်ခဲ့ပြီး ဒီကုမ္ပဏီတွေဟာ အခုနှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံက ဈေးသက်သာတဲ့အဝတ်အစားတွေနဲ့ပစ္စည်းတွေကို အမေရိကန်စားသုံးသူတွေဆီ တိုက်ရိုက်ရောင်းချနေတာပါ။ ဒီကုမ္ပဏီတွေဟာ ဒေါ်လာ ၈၀၀ အောက် တန်ဖိုးရှိတဲ့ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ စည်းကမ်းကိုအသုံးပြုပြီး ကုန်ကျစရိတ်သက်သာအောင် ပစ္စည်းတွေကို တရုတ်နိုင်ငံကနေ အမေရိကန် စာတိုက်ဝန်ဆောင်မှုကိုသုံးပြီး စားသုံးသူတွေဆီ တိုက်ရိုက်ပို့နေတာပါ။
ပြင်ဆင်ဖြည့်စွက်ချက် - တရုတ်နဲ့ ဟောင်ကောင်က ပါဆယ်တွေ ဝန်ဆောင်မှု အမေရိကန် အစိုးရစာပို့လုပ်ငန်း ယာယီရပ်ဆိုင်းလိုက်ကြောင်းကြေညာခဲ့ပြီး နောက်တရက်မှာ ဒီကြေညာချက်ကို ဖျက်သိမ်းကြောင်းထုတ်ပြန်ခဲ့ပါတယ်။
Forum