သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ NLD နာယက သူရဦးတင်ဦးအတွက် ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းပေးပို့


ဦးတင်ဦးအတွက် ပေးပို့သော လွမ်းသူ့ပန်းခြင်းများ
ဦးတင်ဦးအတွက် ပေးပို့သော လွမ်းသူ့ပန်းခြင်းများ

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦးအတွက် နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သာမက စစ်ကောင်စီ အကြီးအကဲကပါ အမှတ်တရ လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ စနေနေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဦးတင်ဦး ကိုတော့ လာမယ့် ဇွန် ၅ ရက်နေ့ကျရင် ရေဝေးသုဿန်မှာ ဂူသွင်းမြှုပ်နှံမယ်လို့လည်း မိသားစုကပြောပါတယ်။ ကွယ်လွန်သူ ဦးတင်ဦး အပေါ် သဘောထားအမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်ကက သတင်းပေးပို့ထားတာကို မခင်လေး တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကလည်းဖြစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဦးတင်ဦးဟာ ဇွန် ၁ ရက်နေ့ စနေနေ့ မနက် ၈ နာရီကျော်မှာ ကွယ်လွန်ခဲ့တာပါ။ နေအိမ်မှာ ၅ရက်ကြာထားပြီး လာမယ့် ဇွန် ၅ ရက်နေ့ညနေပိုင်းမှာ ရေဝေး သုဿန်မှာဂူသွင်းမယ်လို့ မိသားစုတွေက ပြောဆိုပါတယ်။ မနေ့ကတော့ ကွယ်လွန်သွားတဲ့ သူရဦးတင်ဦး ရုပ်အလောင်းထားရှိရာ ဗဟန်းမြို့နယ် နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ လွမ်းသူ့ပန်းခြင်းပေးပို့ခဲ့ပြီး ပန်းခြင်းကို စစ်ကောင်စီ တာဝန်ရှိသူတွေလာပို့သွားသလို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုး‌ကြီးမင်းအောင်လှိုင်ကလည်း ပန်းခြင်းပို့ခဲ့ပါတယ်။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်နေ့ကနေ ၁၉၇၆ ခုနှစ် မတ်လ ၆ ရက်နေ့အထိ တပ်မတော်မှာ စတုတ္ထမြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တပ်မတော်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူရဦးတင်ဦးဟာ ကျူးကျော်သူ တရုတ်ဖြူတွေကို တိုက်ထုတ်ရာမှာ ထင်ရှားတဲ့ တပ်မှူးတဦးအဖြစ်နဲ့လည်း လူသိများပါတယ်။

ဦးတင်ဦးဈာပန နေအိမ်တွင်ပြင်ဆင်ထားစဉ် (ဇွန် ၃၊ ၂၀၂၄)
ဦးတင်ဦးဈာပန နေအိမ်တွင်ပြင်ဆင်ထားစဉ် (ဇွန် ၃၊ ၂၀၂၄)

တပ်မတော်ကနေထွက်လာပြီးနောက် NLD ပါတီကို စပြီး ထူထောင်ချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီးတော့ ပါဝင် ဦးဆောင်လာသူ ဖြစ်တာမို့ရော မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ အခု အသက်အရွယ် ကြီးရင့်ချိန်ထိ မနားတမ်း အားထုတ် ကြိုးပမ်းလုပ်ဆောင်နေတာကြောင့်ပါ အများရဲ့ အထူး လေးစားမှုကို ခံယူရရှိထားရသူဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ဦးတင်ဦးကွယ်လွန်တာဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ပြောပါတယ်။

"ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကတော့ မြန်မာပြည်သူတွေလည်း လွမ်းရမယ့် ၊ မြန်မာပြည်သူတွေဘက်ကရပ်တည်ပေးခဲ့တဲ့ ရှားရှားပါးပါး ဗမာ့တပ်မတော်က ထွက်လာခဲ့တဲ့အထဲက ပြည်သူလူထုရဲ့ ချစ်ခင်ခြင်းခံရတာ။ တပ်ထဲမှာနေတုန်းကလည်း တပ်ထဲက အောက်ခြေရဲဘော်တွေရဲ့ ချစ်ခင်ခြင်းကိုခံရတယ်လို့ ကြားဖူးပါတယ်။ တိုင်းပြည်အတွက်တော့ ဆုံးရှုံးတာပေါ့ဗျာ။​ မျိုးချစ်ပုဂ္ဂိုလ်ကြီးတယောက်၊ တိုင်းချစ်ပြည်ချစ်တယောက်၊ ပြည်သူဘက်ကရပ်တည်ခဲ့တဲ့တယောက်ဆုံးရှုံးတာပေါ့နော်"

ပြည်သူ့ပါတီဥက္ကဌလည်းဖြစ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးကတော့ မြန်မာ့ဒီမိုကရေစီရေးမှာ လူငယ်တွေကို နေရာပေးတတ်သူ လူငယ်တွေကိုနားလည်ပေးတတ်သူတယောက်အနေနဲ့ အမြဲအမှတ်ရနေမှာဖြစ်တယ်လို့ ပြောပါတယ်။

"အဓိကကတော့ကျနော်တို့ ၈၈၈၈ အရေးတော်ပုံကစပြီးတော့ အန်ကယ်ဦးတင်ဦးနဲ့ထိတွေ့ဆက်ဆံခဲ့ရတော့ ကျနော်တို့နဲ့အတူတွဲ ဟောပြော ပွဲတွေ လှုပ်ရှားမှုတွေတော်တော်များများတွဲလုပ်ခဲ့ဖူးတယ်။ အဲဒီတော့ သူ့ရဲ့လူငယ်တွေအပေါ်ထားတဲ့စိတ်နေသဘောထား၊ ကွယ်လွန်သည်အထိ ဒီမိုကရေစီအရေးနဲ့ပတ်သတ်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေ အရွယ်နဲ့မလိုက်အောင်တက်ကြွတာတွေက ကျနော်တို့အားလုံးအတွက် အမှတ်တရဖြစ်နေမှာပါ"

ရှားရှားပါးပါး ဒီမိုကရေစီလိုလားတဲ့စစ်သားကောင်းတဦးဖြစ်တယ်လို့ မှတ်ချက်ပေးလာသူကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရခိုင်တိုင်းရင်းသား ဦးဖေသန်းပါ။

"ဦးတင်ဦးက တပ်မတော်ကနေ တနည်းပြောရရင်စစ်အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီဘက်ကိုဘက်ကူးပြောင်းပြီးတော့ သူတတ်နိုင် တဲ့လုပ်ငန်းစဉ်တွေမှာပါဝင်ဆောင်ရွက်ခဲ့တယ်။ စစ်အာဏာရှင်စနစ်အတွေးအခေါ်အောက်ကနေ ဖောက်ထွက်နိုင်ခဲ့တယ်။ အဲဒါကတကယ်တမ်း ကြိုဆိုရမယ့်ကိစ္စဖြစ်တယ်။ သင်ခန်းစာယူရမယ့်ကိစ္စမျိူးလဲဖြစ်တယ်။ ဒါကြောင့်စစ်ခေါင်းဆောင်အနေနဲ့ ဒီမိုကရေစီဘက်ကို သူရဲ့ သေဆုံးတဲ့ အချိန်ထိ မားမားမတ်မတ်ရပ်တည်ခဲ့တယ်။ ဒါကသင်ခန်းစာဘဲ တနည်းအားဖြင့်စစ်အာဏာရှင်စနစ် စစ်တပ်လောင်းရိပ်အောက်ကမထွက်နိုင် သူတွေအတွက် သူပေးတဲ့သင်ခန်းစာကောင်းဖြစ်တယ်လို့"

ကွယ်လွန်သူ ဦးတင်ဦးကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီးနောက် ၁၉၇၄ ဇွန် အလုပ်သမားသပိတ်၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊၁၉၇၅ ဇွန် ကျောင်းသားသပိတ်တွေဖြစ်ပွားခဲ့ပါတယ်။ ဒီသပိတ်တွေမှာ အလုပ်သမားကျောင်းသား အတော်များများ အဖမ်းခံရပြီး အင်းစိန်ထောင်ထဲ ရောက်ခဲ့ကြတာမှာ အဓိကတာဝန်ရှိသူအနေနဲ့ ပါဝင်ခဲ့တာမို့ ဝေဖန်ခံရတာတွေလည်းရှိခဲ့ပါတယ်။

၇၄ အရေးအခင်းမှာပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးကတော့ ဦးတင်ဦးအပေါ်မှာ အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။

"သိတာကတော့ ၈၈နောက်ပိုင်းမှာဘဲသေချာမှတ်မိတာပေါ့နော်။. သူကပြည်သူနဲ့တလျှောက်လုံးရပ်တည်သွားတာပေါ့။ ကျနော်တို့ကတော့ ဒီအသက်အရွယ်နောက်ဆုံးအချိန်ထိ သူတိုင်းပြည်အတွက်လုပ်ပေးသွားတာအင်မတန်တော်ပါတယ်။ တိုင်းပြည်အတွက်အကောင်းဆုံးလုပ် သွားတယ်လို့အဲလိုပြောလို့ရပါတယ်။"

၁၉၇၄ ခု မတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ တိုက်ပွဲများမှာ ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့လို့ သူရဘွဲ့လည်း ချီးမြှင့်ခံခဲ့ရသူပါ။ နောက်ပြီး စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းဘွဲ့ဖြစ်တဲ့ဇေယျကျော်ထင်ဘွဲ့လည်းရရှိခဲ့သူဖြစ်ပါတယ်။ သူရဦးတင်ဦး ကွယ်လွန်ချိန်မှာ ဇနီး၊ သားတဦးနဲ့ မြေး ၁ယောက်မြစ် ၁ ယောက်ကျန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG