ဗင်နီဇွဲလားအတိုက်အခံ သမ္မတကိုယ်စားလှယ်လောင်း Edmundo Gonzalez ဟာ တနင်္ဂနွေနေ့က စပိန်နိုင်ငံကိုရောက်ရှိပြီး ခိုလှုံခွင့်တောင်းခံထားတယ်လို့ စပိန်အာဏာပိုင်တွေက ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ဇူလိုင်ကအငြင်းပွားဖွယ်ရွေးကောက်ပွဲကြောင့် နိုင်ငံရေးနဲ့ သံတမန်ရေး အကြပ်အတည်းတွေကြုံနေချိန်မှာပဲ အတိုက်အခံခေါင်းဆောင်က တိုင်းပြည်က ထွက်သွားခဲ့တာပါ။
ရွေးကောက်ပွဲမှာ သူ အနိုင်ရတယ်ဆိုပြီး သမ္မတ Nicolas Maduro က ကြေညာတဲ့အပေါ် အတိုက်အခံ ခေါင်းဆောင်Gonzalez က ပြန်လည် စိန်ခေါ်ပြီး ရွေးကောက်ပွဲအငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် အတိုက်အခံခေါင်းဆောင်Gonzalez နဲ့ သူ့ဇနီးဖြစ်သူတို့နှစ်ဦး စပိန်စစ်အခြေစိုက်စခန်း တခုကို ဆိုက်ရောက်လာတယ်လို့ စပိန် နိုင်ငံခြားရေးဌာနကထုတ်ပြန်လိုက်ပါတယ်။
အသက် ၇၅ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် Gonzalez ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ အမေရိကန်၊ အီးယူနဲ့ ဒေသတွင်း နိုင်ငံကြီးတွေက ရှုမြင်ထားကြပါတယ်။ ဗင်နီဇွဲလား အာဏာပိုင်တွေ က အတိုက်အခံခေါင်းဆောင်Gonzalez ကို ဖမ်းဝရမ်းထုတ်တဲ့နောက် ရက်သတင်းပတ်တပတ်အကြာ သူ တိုင်းပြည်က ထွက်ခွာလာခဲ့တာပါ။ ဒီနေ့ရက်ဟာ ဗင်နီဇွဲလား နိုင်ငံ ဒီမိုကရေစီစနစ်အတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့ပါပဲလို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာအကြီး Josep Borrell က ကြေညာချက်ထုတ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ ဘယ်နိုင်ငံရေးခေါင်းဆောင်ကမှတခြားတနိုင်ငံမှာ မဖြစ်မနေ ခိုလှုံရတာမျိုးမရှိသင့်ဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံရေးတည်ငြိမ်မှုရဖို့ Gonzalez ကို အာဏာပိုင်တွေက လမ်းကြောင်းဖွင့်ပေးခဲ့တာလို့ ဗင်နီဇွဲလား ဒုသမ္မတကInstagram လူမှုကွန်ယက်မှာ ရေးပါတယ်။ မြို့တော် Caracas မှာရှိတဲ့ စပိန်သံရုံးမှာ သူ့သဘောနဲ့သူ ခိုလှုံသွားခဲ့ပြီးနောက်ဗင်နီဇွဲလားနိုင်ငံကနေ ထွက်ခွာသွားခဲ့တာလို့ ရေးပါတယ်။
Forum