သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Venezuela နိုင်ငံရေးတင်းမာမှု အမေရိကန် အနီးကပ်စောင့်ကြည့်


ဗင်နီဇွဲလား အစိုးရ ဆန့်ကျင်သူတွေ ထောင်နဲ့ချီပြီး အင်္ဂါနေ့က မြို့တော် ကရာကတ်စ်မှာ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့တွေနဲ့လည်း ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အမေရိကန် အသိအမှတ်ပြုထားတဲ့ အတိုက်အခံ ခေါင်းဆောင် Juan Guaido က သမ္မတ Nicolas Maduro ကို ဖြုတ်ချရေး ကြိုးပမ်းမှု နောက်မဆုတ်ဘူးလို့ ပြောဆိုထားပြီး အမေရိကန် ဘက်ကလည်း အာဏာကို ငြိမ်းချမ်းတဲ့ နည်းနဲ့ လွှဲပြောင်းပေးဖို့ တိုက်တွန်းထားသလို နည်းလမ်းပေါင်းစုံကို စဉ်းစားထားတယ်လို့လည်း ပြောဆိုထားပါတယ်။ ဗင်နီဇွဲလား နောက်ဆုံးရ အခြေအနေတွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြမှာပါ။

အမေရိကန်က အသိအမှတ်ပြုခံထားရပြီး သူ့ကိုယ်သူ ကြားဖြတ် သမ္မတ အဖြစ် ကြေညာထားသူ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် Juan Guaido ကေ သမ္မတ Nicolas Maduro ကို ဖြုတ်ချရေး ကြိုးပမ်းမှုကို နောက်မဆုတ်ဘူးလို့ ပြောဆိုထားတာနဲ့ အတူ ဗင်နီဇွဲလား ဆိုရှယ်လစ် အစိုးရကတော့ မြို့တော် ကရာကတ်မှာ စစ်အာဏာသိမ်းဖို့ ကြံစည် လုပ်ဆောင်နေကြတယ်လို့ ပြောဆိုနေပါတယ်။ လွတ်မြောက်ရေး ကြိုးပမ်းမှု စပြီလို့ အတိုက်အခံ ခေါင်းဆောင်က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပြီးနောက် မြို့တော် ကရာကတ်မှာ ထောင်နဲ့ချီတဲ့ လူတွေ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသလို အာဏာပိုင်တွေဘက်ကလည်း ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေနဲ့ ဖြိုခွဲ၊ နောက် ကျောက်တုံးနေတဲ့ ပေါက်ကြတဲ့ ဆန္ဒပြ လူအုပ်ထဲကို လုံခြုံရေး အစောင့်တပ်ရဲ့ ကားတစင်း မောင်းဝင်ခဲ့တာကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။ စစ်သား တယောက် ကျည်ထိတယ်လို့ ဗင်နီဇွဲလား အစိုးရက ပြောပါတယ်။ အမေရိကန် သမ္မတ Donald Trump ကတော့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ ဗင်နီဇွဲလား ပြည်သူတွေနဲ့ သူတို့ လွတ်မြောက်ရေး အတွက် အမေရိကန်က အတူ ရပ်တည်နေကြောင်း တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင် Guaido ထံ စစ်တပ် တပ်မှူးတွေ ဘက်ပြောင်းရေး ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး Vladimir Padrino Lopez အပါအဝင် ထိပ်တန်း တာဝန်ရှိသူတွေ နားချကြဖို့လည်း အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး John Bolton က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

"သမ္မတ အနေနဲ့ အစကတည်းက ပြောခဲ့သလိုဘဲ၊ မူလ ရည်မှန်းချက် အတိုင်းဘဲ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းပေးရေးကို လိုလားပါတယ်။ နည်းလမ်းပေါင်းစုံ စဉ်းစားထားတယ်ဆိုတာကိုလည်း Nicolas Maduro နဲ့ သူ့ကို ထောက်ခံသူတွေ အထူးသဖြင့် ဗင်နီဇွဲလား မဟုတ်သူတွေ အနေနဲ့ သိရှိနားလည်ထားဖို့ လိုပါတယ်။"

ဗင်နီဇွဲလား လွှတ်တော် အကြီးအကဲ ဖြစ်တဲ့ Juan Guaido က သူ့ရဲ့ လွှတ်တော် ဥက္ကဌ လုပ်ပိုင်ခွင့် အာဏာကို သုံးပြီး သမ္မတ မာဒူရိုကို တရားမဝင်ကြောင်း ကြေညာပြီးနောက် သူ့ကိုယ်သူ ကြားဖြတ် သမ္မတ အဖြစ် ကြေညာထားတာပါ။ အတိုက်အခံ ခေါင်းဆောင် Guaido ကိုတော့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ထောက်ခံထားတာ ဖြစ်ပါတယ်။ မနေ့ အင်္ဂါနေ့မှာတော့ အတိုက်အခံ ခေါင်းဆောင်က စစ်တပ် ယူနီဖောင်းဝတ် အမျိုးသားတွေ နောက်ခံထားပြီး အခုလို ကြေညာခဲ့တာပါ။

"ကျနော်တို့ စစ်တပ်ကို တိုက်တွန်းနေတာဖြစ်ပြီး ဒီနေ့ သူတို့ ဒီကို ရောက်လာပါပြီ။ ကျန်တဲ့သူတွေလည်း ကျနော်တို့နဲ့ ပူးပေါင်းဖို့ လိုအပ်ပါတယ်။ အားလုံးဘဲ Altamira ကို လာကြပါ။ လွတ်မြောက်ရေး ကြိုးပမ်းမှု စတင်ပါပြီ။"

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကလည်း ကြားဖြတ်သမ္မတ Guaido က လွတ်မြောက်ရေး ကြိုးပမ်းမှု စတင်ပြီလို့ ကြေညာခဲ့ကြောင်း၊ ဗင်နီဇွဲလား ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အမေရိကန် အစိုးရက အပြည့်အ၀ ထောက်ခံကြောင်း အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

တွစ်တာ လူမှုကွန်ယက်မှာ တင်ထားတဲ့ ဗွီဒီယိုထဲမှာတော့ စစ်တပ် ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသားတွေ၊ နောက် နေအိမ်အကျယ်ချုပ်ကျခံထားတဲ့ အတိုက်အခံ နိုင်ငံရေး သမား Leopoldo Lopez တို့လည်း အတိုက်အခံ ခေါင်းဆောင် Guaido ရဲ့ နောက်မှာ တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ မြို့တော် ကရာကတ်က La Carlota လေတပ်စခန်းအနီးက စစ်တပ်ယူနီဖောင်းဝတ် လက်နက်ကိုင် အမျိုးသား ၇၀ လောက်နဲ့ Guaido တို့ရှိရာကို လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကိုလည်း ရိုက်တာ သတင်းထောက် တွေ့ခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင် Guaido ရဲ့ ဆန့်ကျင် လှုပ်ရှားမှုကို ဘက်ပြောင်းလာတဲ့ ဒုတိယ ဗိုလ်မှူးကြီး Ilish Sanchez ကလည်း အတိုက်အခံ လှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"ကျနော်တို့ အနေနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်။ ထိပ်တိုက် မတွေ့လိုပါဘူး။ ဒီအချိန်မှာတော့ ကျနော်တို့ တိုက်ခိုက်ခံနေရပါတယ်။ သူတို့ဘက်က လက်နက်သုံး အကြမ်းဖက်ပြီး ကျနော်တို့ကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေပါတယ်။ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပါတယ်။ ကျနော်တို့ လိုချင်တာက ဗင်နီဇွဲလား ပြည်သူတွေ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့၊ ထိုက်သင့်တဲ့ လစာရရှိဖို့နဲ့ ကျနော်တို့ရဲ့ ကလေးတွေ ဒီနိုင်ငံမှာ အနာဂတ် ရှိစေဖို့ ဖြစ်ပါတယ်။ ဒီအချက်ကိုဘဲ ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ကျနော်တို့ ထိပ်တိုက် မတွေ့လိုဘူး။ စစ်ပွဲတွေ မလိုလားဘူး၊ ငြိမ်းချမ်းရေးဘဲ လိုချင်ပါတယ်။"

စစ်တပ် ယူနီဖောင်း ဝတ်ထားသူတွေနဲ့ အတူ အတိုက်အခံ ခေါင်းဆောင် Guaido ရဲ့ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက်မှာတော့ ဗင်နီဇွဲလား အစိုးရဘက်ကလည်း စစ်တပ် ပုန်ကန်မှု မရှိဘူးလို့ ချက်ချင်းဘဲ ငြင်းဆိုပါတယ်။ သမ္မတ Nicolas Maduro ကလည်း တွစ်တာ လူမှုကွန်ယက်ကနေ တုံ့ပြန်ခဲ့တာမှာတော့ ကာကွယ်ရေး တပ်ဖွဲ့ အကြီးအကဲတွေနဲ့ စကားပြောပြီး ဖြစ်ကြောင်း၊ အားလုံးက လူထု၊ အခြေခံ ဥပဒေနဲ့ အဖမြေပေါ်မှာ သစ္စာရှိကြောင်း ပြောဆိုခဲ့ကြတယ်လို့ ရေးသားခဲ့တာပါ။ စစ်တပ်ထဲက သစ္စာဖောက် စစ်သားအနည်းငယ်က စစ်စခန်းအနီးမှာ နေရာယူပြီး အာဏာသိမ်းရေး အထမြောက်အောင် ကြိုးပမ်းနေတာကို ရင်ဆိုင် ဖြိုခွဲနေရတယ်လို့ အစိုးရရဲ့ ဆက်သွယ်ရေး ဝန်ကြီး Jorge Rodriguez ကလည်း အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။ စစ်အာဏာသိမ်းဖို့ ကြံစည်မှုကို ဖြိုခွင်းဖို့နဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ဗင်နီဇွဲလား တပ်ဖွဲ့တွေနဲ့ အတူ ပြည်သူတွေ သတိရှိကြဖို့လည်း ဆက်သွယ်ရေး ဝန်ကြီးက တိုက်တွန်းသွားပါတယ်။

အခု ဖြစ်နေတဲ့ ဗင်နီဇွဲလား မတည်မငြိမ်မှုဟာ စစ်အာဏာသိမ်းမှုမဟုတ်ဘူးလို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး John Bolton က ပြောဆိုသွားပြီး ဗင်နီဇွဲလား ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စားနပ်ရိက္ခာမလုံလောက်မှု အပါအဝင် လူသားဆိုင်ရာ ဘေးဒုက္ခတွေ တော်လောက်ပြီလို့ ပြောဆိုသွားပါတယ်။ ဗင်နီဇွဲလား သမ္မတ Nicolas Maduro ကိုတော့ ကျူးဘား၊ ရုရှားနဲ့ အတူ တရုတ်၊ တူရကီတို့လို နိုင်ငံတွေက ထောက်ခံထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG