သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံနဲ့ ညှိနှိုင်းဖို့ ဗင်နီဇွဲလား သမ္မတ ကမ်းလှမ်း


ဗင်နီဇွဲလား အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးဖို့နဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ အချိန်စောကျင်းပဖို့ အသင့်ရှိနေကြောင်း သမ္မတ Nicolas Maduro က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံ အကျိုးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတဲ့အကြောင်း ရုရှားသတင်းဌာန RIA နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။

ဒါပေမဲ့လည်း သမ္မတသစ် ရွေးချယ်မယ့် ရွေးကောက်ပွဲကိုတော့ ၂၀၂၅ ခုနှစ် မတိုင်ခင် ကျင်းပမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပြီး၊ အတိုက်အခံတွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Juan Guaido ရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ မေလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ ကိုယ်စားလှယ် အများစု ဝင်ခွင့်မရတာ၊ ဒါမှမဟုတ်ရင်လည်း သပိတ်မှောက်ခဲ့ကြတာကြောင့် Maduro တကျော့ပြန် ရွေးကောက်ခံခဲ့ရတာဟာ ဥပဒနေဲ့မညီကြောင်း လွှတ်တော်က ကြေညာခဲ့ပြီးနောက်၊ လွှတ်တော်ဥက္ကဋ္ဌ Guaido က ယာယီသမ္မတအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာပါ။

လက်နက်ကိုင် တပ်ဖွဲ့တွေ လူထုဘက်ကရပ်တည်အောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုဆန္ဒပြပွဲတွေ ဒီနေ့မွန်းလွဲပိုင်းမှာ ၂ နာရီကြာ ကျင်းပဖို့လည်း အတိုက်အခံခေါင်းဆောင်က တိုက်တွန်းထားပါတယ်။ Maduro ဦးဆောင်တဲ့ ဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်ပြီး၊ အတိုက်အခံ လှုပ်ရှားမှုကို ပူးပေါင်းလာမယ့် စစ်သားတွေကို အရေးမယူပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လည်း ကမ်းလှမ်းထားတာပါ။

မနေ့တုန်းက အမေရိကန်ရုပ်သံ CNN နဲ့ မေးမြန်းခန်းမှာတော့ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းမှုတွေနဲ့ နောက်ဆုံးမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခွင့်အလန်းတွေ ရှိနေကြောင်း ယာယီသမ္မတအဖြစ် ကြေညာထားတဲ့ Guaido က ပြောဆိုထားပါတယ်။ ရှေ့နေချုပ် Tarek William Saab ကတော့ သမ္မတ Maduro အစိုးရကို ဆန့်ကျင်ပြီး ယာယီသမ္မတအဖြစ် ကြေညာခဲ့ရာက နိုင်ငံမှာ မတည်မငြိမ်အခြေအနေတွေ ပေါ်ပေါက်အောင် ဖန်တီးခဲ့တယ်ဆိုပြီး Guaido ရဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆွေးမယ့်အကြောင်း မနေ့တုန်းကပဲ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG