သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလား ပြဿနာ ကမ္ဘာကို ရိုက်ခတ်


ဗင်နီဇွဲလားနိုင်ငံရဲ့အမျိုးသားလွှတ်တော်ဥက္ကဌ Juan Guaidoကို နိုင်ငံ့ခေါင်းဆောင်အဖြစ်ဝိုင်းပြီးထောက်ခံကြဖို့နဲ့ လက်ရှိ သမ္မတ Nicolas Maduroကိုဝိုင်းပြီးဖယ်ကျင်ထားကြဖို့ အနောက်နိုင်ငံတွေကို အမေရိကန်က စည်းရုံးတိုက်တွန်းနေပါ တယ်။ တဘက်မှာကလည်း ရုရှားနဲ့တရုတ်နိုင်ငံတွေက လက်ရှိသမ္မတ Maduroရဲ့အစိုးရကိုပဲဆက်ပြီးထောက်ခံနေကြပါ တယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကတော့ ဗင်နီဇွဲလားနိုင်ငံရဲ့အကျပ်အတည်းကကြီးမားလာနိုင်တာကြောင့် ပြေလည် အောင်ညှိနှိုင်းကြဖို့သတိပေးနေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပါလိမ့်မယ်။

လက်ရှိဗင်နီဇွဲလားသမ္မတ Nicolas Maduroအစိုးရကိုဆန့်ကျင်ပြီး ကြားဖြတ်သမ္မတအဖြစ်တာဝန်ယူမယ်လို့ ဗုဒ္ဓဟူးနေ့ ကပဲ သူ့ကိုယ်သူကြေညာခဲ့တဲ့ လွှတ်တော်ဥက္ကဌ Juan Guaido ထောက်ခံတဲ့အနောက်နိုင်ငံတွေထဲမှာ ဗြိတိန်နဲ့ပြင်သစ် တို့ လည်းပါဝင်လာကြပါပြီ။ သမ္မတMaduroကို ရာထူးကဖယ်ရှားဖို့ ဆန္ဒပြနေကြတဲ့ဗင်နီဇွဲလား ပြည်သူတွေကိုထောက်ခံ ကြောင်းမနေ့က ကြာသာပတေးနေ့မှာ ဗြိတိန်နဲ့ပြင်သစ်နိုင်ငံတွေက ကြေညာလိုက်ပါတယ်။ လွှတ်တော်ဥက္ကဌ Juan Guaidoက ကြားဖြတ်သမ္မတလုပ်မယ်လို့ကြေညာလိုက်ပြီး သူ့ကိုချက်ချင်းထောက်ခံခဲ့ကြတဲ့နိုင်ငံ တွေထဲမှာ အမေရိကန်နဲ့ ဗင်နီဇွဲလားနဲ့ကပ်ရက် ကိုလံဘီယာအပါအဝင် လက်တင်အမေရိကနိုင်ငံတွေတော်တော်များများပါဝင်ခဲ့ကြပါတယ်။ OAS လို့ခေါ်တဲ့အမေရိကတိုက်နိုင်ငံများအဖွဲ့အနေနဲ့လည်း ဗင်နီဇွဲလားနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုဝိုင်းပြီးထောက် ခံကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မနေ့ကပဲ တိုက်တွန်းလိုက်ပါတယ်။

"ကြားဖြတ်သမ္မတ Juan Guaidoကို အသိအမှတ်ပြုတဲ့နိုင်ငံတော်တော်များများထဲမှာ OAS နိုင်ငံတွေလည်းပါဝင်ပါတယ်။ ဒီလိုထောက်ခံမှုတွေအတွက် ကျနော်တို့က ကျေးဇူးတင်ပါတယ်။ OAS အဖွဲ့ဝင် အမေရိကတိုက်နိုင်ငံတွေအားလုံးက လည်း ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကိုတညီတညွတ်ထဲရပ်တည်ထောက်ခံကြရမှာဖြစ်ပါတယ်"

အမေရိကန်ပြည်ထောင်စုက ကြားဖြတ်သမ္မတအဖြစ်ကြေညာတဲ့ Juan Guaidoကို ထောက်ခံလိုက်တာကြောင့် ဗင်နီဇွဲ လားမှာရှိတဲ့အမေရိကန်သံဝန်ထမ်းတွေအားလုံး ၇၂နာရီအတွင်းနိုင်ငံကနေထွက်သွားဖို့ သမ္မတNicolas Maduroက အမိန့်ထုတ်ပါတယ်။ ဒါပေမဲ့လည်း သမ္မတ Maduroအစိုးရကို အမေရိကန်ကဆက်ပြီးအသိအမှတ်မပြုတော့တာကြောင့် အမေရိကန်သံတမန်တွေ ဗင်နီဇွဲလားက ထွက်ခွါမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုကတုန့်ပြန် ပါတယ်။

"ငြင်းခုံဆွေးနွေးရမယ့်အချိန်က ပြီးဆုံးခဲ့ပါပြီ။ သမ္မတဟောင်း Nicolas Maduroရဲ့အစိုးရက တရားမဝင်တော့ပါဘူး။ သူ့ အစိုးဟာ ကျင့်ဝတ်သိက္ခာအရတန်ဘိုးမရှိပါဘူး။ စီးပွါးရေးအရလည်း အစွမ်းအစမရှိပါဘူး။ အကျင့်ပျက်ခြစားမှုတွေက လည်း အကြီးအကျယ်ရှိနေပြီး ဒီမိုကရေစီနည်းမကျတဲ့ အစိုးရပါ။ ကျနော်ထပ်ပြီးပြောပါမယ်။ သမ္မတဟောင်း Nicolas Maduroရဲ့အစိုးရက တရားမဝင်တော့ပါဘူး။ အဲဒါကြောင့်သူ့ရဲ့လုပ်ဆောင်မှုမှန်သမျှကလည်း တရားမဝင်တော့ဘူးလို့ ကျနော်တို့က ယူဆပါတယ်ဓ

ဗင်နီဇွဲလားကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က စစ်ရေးအရလုပ်ဆောင်မှုတွေရှိလာနိုင်မလားဆိုတဲ့ သတင်းထောက် တွေရဲ့မေးခွန်းကိုတော့ သမ္မတဒေါ်နလ်ထရမ့်က မယုံ့မလွန်ဖြေပါတယ်။

"ဗင်နီဇွဲလားအရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်မယ်မလုပ်ဘူးဆိုတာ အသေအချာဆုံးဖြတ်ထားတာမျိုးမရှိပေမဲ့လည်း ရှိသမျှလမ်းကြောင်းအားလုံးကိုတော့ အဆင်သင့်ပြင်ထားတယ်လို့သမ္မတထရမ့်ကပြောခဲ့တာပါ။"

ဗင်နီဇွဲလားရဲ့မြို့တော်ကရာကာ့စ်မှာတော့ သမ္မတ မာဒူရိုကိုထောက်ခံသူတွေနဲ့ ကြားဖြတ်သမ္မတလုပ်မယ်လို့ကြေညာ ထားတဲ့ Juan Guaidoကို ထောက်ခံသူတွေအကြား အဓိကရုန်းတွေဖြစ်နေပါတယ်။ ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopez ကတော့ သမ္မတမာဒူရိုအစိုးရကိုထောက်ခံကြောင်း မနေ့တုန်းကပဲကြေညာလိုက်ပြီး အတိုက် အခံတွေရဲ့လုပ်ရပ်တွေက အာဏာသိမ်းဖို့ကြိုးစားတဲ့သဘောပဲလို့ပြောလိုက်ပါတယ်။

သမ္မတမာဒူရိုအစိုးရကိုထောက်ခံကြတဲ့နိုင်ငံတွေထဲမှာ ရုရှားနဲ့တရုတ်နိုင်ငံတွေသာမကပဲ ဘိုလစ်ဗီးယား၊ ကျူးဘား၊ အီရန် နဲ့ဆီးရီးယားနိုင်ငံတွေလည်းပါဝင်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဘက်ဖို့ဆိုတဲ့ကျင့်ဝတ်ကို လိုက်နာစောင့်ထိမ်းဖို့ အမေရိကန်ကို ရုရားကသတိပေးနေပြီး တရုတ်ကလည်း ဗင်နီဇွဲလားရဲ့ပဋိပက္ခမှာ အမေရိကန်ကို ဝင်မပါဖို့ တိုက်တွန်းနေပါတယ်။တူရကီသမ္မတ Recep Tayyip Erdoganကလည်း သမ္မတမာဒူရိုအစိုးရကိုထောက်ခံ လိုက်ပါတယ်။

ကြားဖြတ်သမ္မတလုပ်မယ်လို့ကြေညာထားတဲ့ Juan Guaidoကို ထောက်ခံနေကြတဲ့နိုင်ငံတွေက အခုလောလောဆယ်မှာ အနည်းဆုံး နိုင်ငံခြောက်ဆယ်ရှိနေပါပြီ။ အဲဒီအထဲမှာ အမေရိကန်၊ ကနေဒါ၊ ဘရာဇီးလ်၊ အာဂျင်တီးနားနဲ့ အီးယူဥရောပ သမဂ္ဂအဖွဲ့ဝင်၂၈နိုင်ငံလည်း ပါဝင်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံအတွင်း တင်းမာမှုတွေကြီးကြီးမားမားဖြစ်ပေါ်လာမယ့်အရိပ်အခြေအနေတွေရှိနေတာကြောင့် အချင်းချင်း ပြေပြေလည်လည်ညှိနှိုင်းဖြေရှင်းကြရေး ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူးတားရပ်စ်က မနေ့ကပဲ တိုက်တွန်းလိုက်ပါတယ်။

"ဗင်နီဇွဲလားကအခြေအနေတွေအပေါ်ကျနော်တို့စိုးရိမ်ပူပန်နေတာကတော့ ပြည်သူတွေတော်တော်များများခံစားနေကြရ တဲ့အခြေအနေတွေပါ။ စီးပွါးရေးအကျပ်အတည်းနဲ့ နိုင်ငံရေးသဘာထားကွဲလွဲမှုပြဿနာတွေကြောင့် ဗင်နီဇွဲလားပြည်သူ တွေ တော်တော်များများနိုင်ငံထဲကနေထွက်ခွါနေကြပါတယ်။ ကျနော်တို့မျှော်လင့်ရတာက တွေ့ဆုံဆွေးနွေးမှုပါ။ ဒီလို လုပ်ခြင်းအားဖြင့် တင်းမာမှုတွေကြီးမားလာမယ့်အရေးက ရှောင်ရှားနိုင်မယ့်သဘောရှိပါတယ်။ တွေ့ဆုံညှိနှိုင်းမှုတွေက ဗင်နီဇွဲလားပြည်သူတွေနဲ့ ဒေသတွင်းမှာ ဘေးဒုက္ခကပ်ဘေးဆိုက်မယ့်အခြေအနေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုမှ မဖြစ်နိုင်ဘူးဆိုရင် ကျနော်တို့ဘာလုပ်ရမှာလဲ၊ ကမ္ဘာမှာအခက်အခဲအကျပ်အတည်းတွေအဆိုးဆုံး ကြုံရတဲ့အခြေအနေမျိုးတွေမှာတောင် တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့က တွန်းအားပေးနေဖို့လိုပါတယ်"

ဗုဒ္ဓဟူးနေ့ကတညလုံးမြို့တော်ကရာကာ့စ်မှာ သမ္မတမာဒူရိုအစိုးရဆင်းပေးဖို့တောင်းဆိုဆန္ဒပြကြသူတွေထောင်နဲ့ချီရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ဆန္ဒပြသူတွေအကြားတင်းမာမှုတွေဖြစ်ခဲ့လို့ ဆန္ဒပြသူတချို့သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းတွေ လည်းထွက်နေပါတယ်။ ဗင်နီဇွဲလားပြဿနာကတော့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ တနေ့တခြားအရှိန်မြင့်သည် ထက်မြင့်လာနေတာပါ။ ပြေလည်မှုတွေပေါ်ပေါက်လာဖို့မျှော်လင့်ချက်တချို့ရှိတယ်ဆိုပေမဲ့လည်း ပြေလည်အောင် ဘယ်လိုကြိုးပမ်းကြမလဲဆိုတာက လောလောဆယ်မှာ အဓိကကျတဲ့မေးခွန်းတခုဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG