သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကို လုပ်ကြံဖို့ ကြိုးပမ်းမှုနဲ့ ဗင်နီဇွဲလား ဗိုလ်ချုပ်ကြီးကိုဖမ်း


သမ္မတ Nicolas Maduro
သမ္မတ Nicolas Maduro

ဗင်နီဇွဲလား နိုင်ငံမှာ သမ္မတ Nicolas Maduro ကို လုပ်ကြံဖို့ ကြိုးစားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိမှုနဲ့ အဆင့်မြင့် စစ်တပ်အရာရှိကြီး ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

သံသယရှိသူ အရေအတွက်ဟာ ၃၄ ဦး အထိ တိုးလာခဲ့ပြီး အဲဒီအထဲမှာ ဗိုလ်ချုပ်ကြီးတဦး၊ ဗိုလ်မှုးကြီးနဲ့ Maduro အစိုးရကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ် ၂ ဦးလည်း ပါဝင်တယ်လို့ ရှေ့နေချုပ် Tarek William Saab က အင်္ဂါနေ့က ပြောကြောင်း AP သတင်းမှာ ဖေါ်ပြပါတယ်။

စစ်တပ် အခန်းအနားတခုမှာ သမ္မတ Maduro မိန့်ခွန်းပြောနေတဲ့ နေရာအနား ပလပ်စတစ် ဖေါက်ခွဲရေးပစ္စည်းတွေပါတဲ့ အဝေးထိန်း ဒရုန်းယာဉ် ၂ စင်း နဲ့ ဖေါက်ခွဲပြီး လုပ်ကြံဖို့ ကြိုးစားခဲ့တာ ဖြစ်ကြောင်း တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

အခုအချိန်အထိ ဖမ်းဆီးထားသူ ၁၄ ဦး ရှိပြီလို့လည်းရှေ့နေချုပ် Saab ကပြောပါတယ်။ အဖမ်းခံရတဲ့ အရာရှိကြီး ၂ ဦးမှာ တဦးက ဗင်နီဇွဲလား နိုင်ငံတော် အစောင့်တပ်က ဗိုလ်ချုပ်ကြီး တဦးဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် အတိုက်အခံ အမတ်တဦးလည်း အဖမ်းခံခဲ့ရပြီး သူ့ကို နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ လူသတ်ဖို့ ကြိုးစားမှုတွေနဲ့ စွဲချက်တင်ထားပါတယ်။

ကိုလံဘီယာနိုင်ငံ Bogota မှာ ရောက်နေတဲ့ ထင်ရှားတဲ့ အတိုက်အခံလွှတ်တော်အမတ် Julio Borges ကို ဗင်နီဇွဲလားနိုင်ငံကို ပြန်ပို့ပေးဖို့လည်း ဗင်နီဇွဲလား အရာရှိတွေက ကိုလံဘီယာအစိုးရကို တောင်းဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG