သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုသမ္မတ Pence မြောက်ကိုရီးယားနဲ့တွေ့ဆုံဖို့ လမ်းဖွင့်ထား


အာရှနိုင်ငံတွေကို သွားရောက်နေတဲ့ အမေရိကန် ဒု-သမ္မတ Mike Pence ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ရော တောင်ကိုရီးယားသမ္မတ တို့နဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ ရှိသလို တောင်ကိုရီးယားမှာ သောကြာနေ့ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲကိုပါ တက်ရောက်မှာ ဖြစ်ပါတယ်။ ဒု-သမ္မတဟာ အခုဂျပန်နိုင်ငံကို ရောက်ရှိသွားပြီဖြစ်ပြီး ဂျပန်နိုင်ငံကို မထွက်ခွါခင်ကတော့ အိုလံပစ် အားကစားပွဲတော် အတွင်း မြောက်ကိုရီးယား အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။

အမေရိကန် ဒုသမ္မတ Mike Pence ရဲ့ ဂျပန်နဲ့ တောင်ကိုရီးယားအပါအဝင် အရှေ့မြောက် အာရှ ခရီးစဉ်အတွင်းမှာ သူဟာ အိုလံပစ်ပြိုင်ပွဲ ကနေ နိုင်ငံတကာကို ထိုးဖောက်လာတဲ့ မြောက်ကိုရီးယားရဲ့ သံတမန်ရေးထိုးစစ်ကို တန်ပြန်ဖို့ အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယား၂ နိုင်ငံကြား အားကစားပွဲနဲ့ ပြန်လည်ပေါင်းစည်းမှုတွေ ရှိနေပေမယ့် မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီယား အစီစဉ်တွေနဲ့ ပတ်သက်ပြီး သူ့ဘက်က ပြတ်ပြတ်သားသားပြောဆိုမယ်လို့ ပြောကြားထားတာပါ။

ဒုသမ္မတဟာ သူ့ရဲ့ အာရှခရီးစဉ်မတိုင်ခင် တနင်္လာနေ့က အမေရိကန် နိုင်ငံ Alasaka ပြည်နယ်က လေတပ်အခြေစိုက်စခန်းကို သွားရောက်ခဲ့ပြီး အဲဒီမှာရှိတဲ့ ပဲ့ထိန်းဒုံး ကာကွယ်ရေးစနစ်ကို လေ့လာကြည့်ရှုခဲ့ပါတယ်။ ဒု-သမ္မတ တက်ရောက်မယ့် အိုလံပစ်ပွဲတော် ဖွင့်ပွဲကို မြောက်ကိုရီးယား လွှတ်တော်ဥက္ကဌ Kim Yong Nam ဦးဆောင်ပြီး တက်ရောက်မှာမို့ အမေရိကန်နဲ့ မြောက်ကိုရီးယားးတို့ကြား တွေ့ဆုံဆွေးနွေးဖို့ ရှိမရှိ ဒု-သမ္မတ Alasaka ကနေ ဂျပန်ကို မထွက်ခွါခင် သတင်းထောက်တွေက မေးတဲ့အခါမှာ တော့

“မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ ုဆွေးနွေးရေးဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ခုလို ဆွေးနွေးပွဲလုပ်ဖို့ ကျွန်တော့် ဘက်ကတော့ မတောင်းဆိုရသေးပါဘူး။ ဒါပေမဲ့ အခြေအနေကို စောင့်ကြည့်သွားမှာပါ။ သမ္မတ Trump အနေနဲ့လဲ ခုလို တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ အဖြေရှာတာမျိုးကို အမြဲတမ်းယုံကြည်ကြောင်း ထုတ်ပြောထားပါတယ်။ မြောက်ကိုရီးယားဖက်က ဘယ်သူကိုမဆို ဘယ်လိုပုံနဲ့ပဲ တွေ့ရတွေ့ရ ကျွန်တော်ပြောမယ့် စကားတော့ - မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ ပဲ့ထိန်းဒုံးကျည် ရည်မှန်းချက်ကြီးကို လုံးဝ တခါထဲ အပြီးစွန့်လွှတ်ရမယ် ဆိုတာပါပဲ။ ဒါဟာ ဒေသတွင်းနဲ့ အမေရိကန်တွေရဲ့ ဆန္ဒပဲ မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတွေ အားလုံးက လိုလားတဲ့ ဆန္ဒပါ။”

ဒါ့အပြင် တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုပဲ ရှိနေနေ အခု အိုလံပစ်ပွဲတော်ကနေ လက်ရှိ တကယ်တမ်း ဖြစ်ပျက်နေတာတွေကို မမြင်အောင် ဖုံးထားနိုင်မှာ မဟုတ်သလို ကမ္ဘာ့အသိုင်းအဝိုင်းက မြောက်ကိုရီးယား အာဏာရှင်ကို ဆက်ပြီး အထီးကျန်လုပ်ထားရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒုသမ္မတ Mike Pence ဟာ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် Shinzo Abe နဲ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ ရှိပြီး၊ ဂျပန်ဝန်ကြီးချုပ်က သူ့ကို ညစာနဲ့ တည်ခင်း ဧည့်ခံမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ သူဟာ တောင်ကိုရီးယားနိုင်ငံကို ကြာသပတေးနေ့မှာသွားရောက်ပြီး တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အခုအာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အမှန်တရားတွေကို ပြောကြားမယ်လို့ ဒု-သမ္မတ Pence က ပြောကြားခဲ့တာပါ။

The Diplomat စာစောင်က အာရှ-ပစိဖိတ်မျက်မှောက်ရေးရာဌာန တွဲဘက်အယ်ဒီတာ Ankit Panda ကတော့ တောင်ကိုရီးယားနဲ့ အမေရိကန် မဟာမိတ်တွေကြား မြောက်ကိုရီးယားက သပ်လျှိုဖို့လုပ်တဲ့ မဟာဗျူဟာအောင်မြင်သွားမှာကို စိတ်ပူတယ်လို့ VOA သတင်းထောက် Victor Beattie ကို ပြောပါတယ်။

“မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ချဉ်းကပ်ပုံ သိသိသာသာ ကွဲနေတာ တွေ့ရပါတယ်။ အခုတောင်ကိုရီးယား သမ္မတ Moon Jae-in က အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု ရှိနေချိန်မှာပဲ Trump အစိုးရအဖွဲ့က အကြီးမားဆုံး ဖိအားတွေ ပေးဖို့ လုပ်နေတာပါ။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီယာအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား မနှစ်တုန်းက သဘောထားတူနေရာကနေ အခုလို ဖြစ်လာတာဟာ မြောက်ကိုရီးယားရဲ့ သပ်လျိုမှု အောင်မြင်တဲ့ သဘောဖြစ်နေပါတယ်။ ဒါ့ကြောင့် အခုအချိန်မှာ မဟာမိတ် ၂ နိုင်ငံကြား ဆက်ဆံရေး ကသိကအောင့် ဖြစ်နေတဲ့ အနေထားပါ။”

အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ မြောက်ကိုရီးယား အားကစားအဖွဲ့ခေါင်းဆောင် Kim Yong Nam တက်ရောက်လာပေမယ့် အမေရိကန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တွေက အဖွဲ့ဝင်တွေကြား ဆွေးနွေးပွဲဖြစ်ဖို့ကတော့ အလားအလာသိပ်မရှိဘူး လို့ မစ္စတာ Panda ကမြင်ပါတယ်။ ဒါပေမယ့်လည်း ကိုရီးယား ၂ နိုင်ငံကြားမှာတော့ အဆင့်မြင့်အရာရှိတွေကြား ဆွေးနွေးမှုရှိဖို့ ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲအတွင်း မြောက်ကိုရီးယား အရာရှိတွေနဲ့ အမေရိကန် ဒုသမ္မတ ဒီသီတင်းပတ်ထဲ တွေ့နိုင်ချေကို Dolald Trump အစိုးရဖက်က လမ်းဖွင့်ထားပေမယ့် မြောက်ကိုရီးယားဘက်က အခြေနေကို မသိရသေးတဲ့အတွက် အများက စောင့်ကြည့်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG