သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗစ်တိုးရီးယားအမှုနဲ့ ဆက်စပ်ပြီး ရဲအရာရှိကြီး ၃ ဦး ရာထူးတိုးမြှင့်ရပ်ဆိုင်း ပြစ်ဒဏ် ချမှတ်ခံထားရ


ဗစ်တိုးရီးယား အမှုအကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိကြီးသုံးဦး။ (ဒီဇင်ဘာ ၁၉၊ ၂၀၁၉)
ဗစ်တိုးရီးယား အမှုအကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိကြီးသုံးဦး။ (ဒီဇင်ဘာ ၁၉၊ ၂၀၁၉)

(Zawgyi / Unicode)

ဗစ်တိုးရီးယားလို့ ထင်ရှားတဲ့ ကလေးငယ်ရဲ့အမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့မညီတဲ့ လုပ်ရပ် ကျူးလွန်တဲ့ မှုခင်းရဲတပ်ဖွဲ့ အရာရှိသုံးဦးကို အရေးယူထားပြီလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

“အဲ့ ရဲအရာရှိကြီးတွေ ကျနော်တို့ အရေးယူထားတယ်လို့ အရင်ကလည်း ဖြေကြားထားပါတယ်။ အဲတော့ တိတိကျကျပြောရရင် အဓိကတာဝန်ရှိတဲ့ ရဲအရာရှိကြီးသုံးဦးကို အရေးယူထားတယ်။ ဘယ်လိုအရေးယူထားလဲဆိုရင် ရာထူးတိုးမြှင့်ခြင်း ရပ်ဆိုင်းတဲ့ Promotion Stop ပြစ်ဒဏ် အရေးယူထားတယ်လို့ ကျနော်တို့ကို ပြန်ပြီးတော့ ပြောထားပါတယ်” လို့ ဒီကနေ့ပြုလုပ်တဲ့ နေပြည်တော်က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေး ပြောသွားပါတယ်။

အရေးယူခံရတဲ့ ရဲအရာရှိကြီးတွေ ဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘယ်လိုရာထူးရှိသူတွေ ဖြစ်တယ် ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တိတိကျကျ ပြောမသွားပါဘူး။

ဒီအမှုမှာ ဥပဒေကျူးလွန်တဲ့ ရဲအရာရှိတွေကို လိုအပ်သလို အရေးယူဖို့ သမ္မတက ဖေဖော်ဝါရီလမှာ ညွှန်ကြားခဲ့ပြီးနောက် အခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗစ်တိုးရီးယားရဲ့ နာမည်အရင်းနဲ့ မိသားစု အချက်အလက်တွေကို ရဲအရာရှိကြီးသုံးဦးက ထုတ်ဖော် ပြောဆိုခဲ့ကြသလို ရဲတပ်ဖွဲ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်ကနေလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့တာကြောင့် အပြင်းအထန် ဝေဖန်ခံထားရတာပါ။

ဗစ်တိုးရီးယားလို့ ရည်ညွှန်းခံရတဲ့ ကလေးမလေးဟာ လိင်ပိုင်း ကျူးလွန်ခံခဲ့ရတာဖြစ်ပြီး ရဲတပ်ဖွဲ့က အခုချိန်အထိ တရားခံကို မဖော်ထုတ်နိုင်သေးပါဘူး။ ဗစ်တိုးရီးယားရဲ့ အမှုနဲ့ ပတ်သက်ပြီး သံသယတရားခံ ကိုအောင်ကြီးကို သက်သေ အခြေအမြစ် မခိုင်လုံဘူးဆိုပြီး တရားရှင် ပြန်လွှတ်လိုက်ပြီး ဖြစ်ပါတယ်။

ဗစ်တိုးရီးယားမိသားစု အပါအဝင် လူအများကလည်း သူ့ကို တရားခံလို့ မယူဆကြပါဘူး။

နေပြည်တော်မှာ ဖွင့်လှစ်ထားတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက သုံးနှစ်အရွယ် ကလေးမလေး ဗစ်တိုးရီးယားဟာ ၂၀၁၉ မေလမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရကြောင်း မိခင်ဖြစ်သူက ဇွန်လမှာ တိုင်ကြားခဲ့ပြီး အခု ကျူးလွန်မှုဖြစ်အပြီး တနှစ်အကြာမှာ ဒီအမှုကိုင်တွယ်ရာမှာ ပါဝင်တဲ့ ရဲအရာရှိကြီးတွေကို အရေးယူထားတယ်ဆိုတာ သမ္မတရုံးက တရားဝင်ထုတ်ပြောတာ ဖြစ်ပါတယ်။

--------------------------------

(Unicode)










XS
SM
MD
LG