သုံးရလွယ်ကူစေသည့် Link များ

တရုတ်ကုန်စည် ဗီယက်နမ်မှတဆင့် အမေရိကန်ကို တင်ပို့တဲ့ ပြဿနာ


ဇွန်လ ၅ ရက်နေ့က စတင်လို့ ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်း တစ်ချို့ အပေါ်မှာ အခွန်စည်းကြပ်ခဲ့ပါတယ်။ အဲဒီ ကုန်ပစ္စည်းတွေဟာ တရုတ်နဲ့ အမေရိကန်နိုင်ငံအကြားက ကုန်သွယ်ရေးစစ်ရဲ့ အကျိုးဆက်ဖြစ်တဲ့ အမေရိကန်က အခွန်တိုးမြှင့် ကောက်နေတဲ့ တရုတ်ပစ္စည်းတွေပါ။ ဒီ ပစ္စည်းတွေကို အမေရိကန်နိုင်ငံကို တင်ပို့မယ့်အစား ဗီယက်နမ်ကို တင်ပို့နေပြီး တစ်ချို့ ပစ္စည်းတွေကိုတော့ Made in China အစား Made in Vietnam အဖြစ် ပြောင်းလဲကာ အမေရိကန်နိုင်ငံကို ဆက်လက်တင်ပို့ခဲ့ပါတယ်။ အဲဒီ တရုတ်ပစ္စည်းတွေ အပေါ် ဗီယက်နမ်နိုင်ငံက ၅ လတာ အခွန် စည်းကြပ် လိုက်လို့ ဗီယက်နမ်နဲ့ တရုတ်၊ ဗီယက်နမ်နဲ့ အမေရိကန်တို့ရဲ့ အကြား ဆက်ဆံရေး ဘယ်လို့ ဖြစ်လာနိုင်မလဲ ဆိုတာကို ဗွီအိုအေ သတင်းထောက် Ralph Jennings သတင်းပေးပို့ ထားပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဗီယက်နမ်နိုင်ငံဟာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး အငြင်းပွားမှု အကြားမှာ အကျိုးအမြတ် ကောင်းကောင်း ရနေတဲ့ နိုင်ငံတစ်နိုင်ငံ လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်ထွက်ကုန်တွေ အပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက နည်းပါးတာကြောင့် တရုတ်အခြေစိုက် လုပ်ငန်းရှင်တွေက ဗီယက်နမ်က တစ်ဆင့် Made in China ကို Made in Vietnam အဖြစ် ပြောင်းလဲပြီး အမေရိကန်နိုင်ငံကို ဆက်လက် တင်ပို့ဖို့ ကြိုးစား လာလို့ပါ။ တရုတ်-အမေရိကန် ကုန်သွယ်ရေး အငြင်းပွားမှု အရှိန်မြင့်တက်လာတာနဲ့အမျှ တရုတ်က ဗီယက်နမ်ကို တင်ပို့တဲ့ ကုန်ချောတစ်ပိုင်း အလူမီနီယံ ပစ္စည်း ပမာဏဟာ ၂၀၁၈ ခုနှစ်မှ၂ ဆ မြင့်တက်လို့ တန်ချိန် ၆ သောင်း ၂ ထောင် အထိ ရှိလာကြောင်း ဟနွိုင်းမြို့ အခြေစိုက် ငွေကြေးဈေးကွက် လေ့လာရေးအဖွဲ့SSI Research က ပြောပါတယ်။ HIS Markit လို့ခေါ်တဲ့ သုတေသနအဖွဲ့က အာရှ-ပစိဖိတ် ဈေးကွက်ရေးရာ ကျွမ်းကျင်သူ Rajiv Biswas ကလည်း ဒီ အကြောင်း အခုလို ပြောပါတယ်။

" ဗီယက်နမ်နိုင်ငံက လာတယ်လို့ ယူဆရတဲ့ သွင်းကုန်တစ်ချို့ဟာ တကယ်တော့ အမေရိကန်က အလူမီနီယံ သွင်းကုန်တွေအပေါ် စည်းကျပ်ထားတဲ့ အခွန်တွေကို ရှောင်ပြီး ရောက်လာတဲ့ တရုတ် ပစ္စည်းတွေဆိုတာ ဖော်ထုတ်ရမိခဲ့ပါတယ်။"

ဒါကို ဟန့်တားဖို့အတွက် အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာနက တရုတ်မှာ ထုတ်လုပ်ပြီး ဗီယက်နမ်က လာတဲ့ အလူမီနီယံ ပစ္စည်းတွေအပေါ် အခွန်ကောက်ဖို့ ကြေညာခဲ့ပါတယ်။ ဒါကို တုန့်ပြန်တဲ့အနေနဲ့ ဗီယက်နမ် စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနက ဇွန်လ ၅ ရက်နေ့ကစပြီး တရုတ်နိုင်ငံက လာတဲ့ ကုန်ချောတစ်ပိုင်း အလူမီနီယံ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂ ဒသမ ၄၆ ရာခိုင်နှုန်းကနေ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းအထိ ယာယီ ၅ လတာ အခွန်း စည်းကြပ် ကောက်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ဟာ ဗီယက်နမ်ကလာတဲ့ တရုတ်ထုတ် အလူမီနီယံ ပစ္စည်း တွေအပေါ် အခွန်တိုးကောက်ဖို့ အမေရိကန်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးဌာနရဲ့ ကြေညာချက်ကို ဗီယက်နမ်နိုင်ငံက ထိထိရောက်ရောက် ပြန်လည် တုန့်ပြန်ခဲ့တာလို့လည်း ဟနွိုင်းမြို့ အခြေစိုက် ငွေကြေးဈေးကွက် လေ့လာရေး အဖွဲ့SSI Research က ပြောပါတယ်။ တရုတ်ပစ္စည်းတွေ ဗီယက်နမ်ကတဆင့် အမေရိကန်ကို တင်ပို့တာဟာလည်း ဗီယက်နမ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း ဟိုချီမင်းမြို့ အခြေစိုက် နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်တဲ့ Baker Mckenzie အဖွဲ့က Frederick Burke အခုလို ပြောပါတယ်။

" သူ့ တိုင်းပြည်က တစ်ဆင့် ပစ္စည်းတွေ တင်ပို့နေတဲ့အပေါ် ဗီယက်နမ်နိုင်ငံက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ ကြိုးစားနေတာကို ကျွန်တော် မြင်ပါတယ်။ ဗီယက်နမ်နိုင်ငံ အတွက်ကတော့ ဒါဟာ ရာဇဝတ်မှုပါပဲ။ ပစ္စည်းတွေ မှောင်ခို ဝင်လာလိုက်၊ မှောင်ခို ထွက်သွားလိုက်ပေါ့။ သူတို့ရဲ့ ဂုဏ်သိက္ခာသာ ထိခိုက်မှာ ဖြစ်ပြီး ဘာအကျိုးအမြတ်မှ ရှိမှာ မဟုတ်ပါဘူး။"

တရုတ်ထုတ် အလူမီနီယံ သွင်းကုန်တွေ မတရား များလာတာကြောင့် ဗီယက်နမ် နိုင်ငံ ကိုယ်တိုင်ကလည်း သူ့ရဲ့ ပြည်တွင်း အလူမီနီယံ လုပ်ငန်းတွေလည်း ထိခိုက်ခံနေရတဲ့နည်းတူ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အစိုးရက ဗီယက်နမ် သွင်းကုန်တွေကို ပိုလို့ စောင့်ကြည့်မယ် အနေအထားကို ဖြစ်စေတယ်လို့ ထရမ့်ရဲ့ စီးပွားရေး အကြံပေးတွေက ယုံကြည်နေကြပါတယ်။ ဗီယက်နမ်က အခုလို တရုတ်ပစ္စည်းတွေကို ရက်ပေါင်း ၁၂၀ ကာလ အခွန်တိုးကောက်ဖို့ ဆုံးဖြတ်တာဟာ ကောင်းမွန်နေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို အထောက်အကူ ပြုသလို အခွန်မပေးဘဲ တရုတ်က ဝင်လာတဲ့ ပစ္စည်းတွေကိုလည်း ဟန့်တားပြီးသား ဖြစ်စေပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ အသာစီးရနေပြီး ထရမ့်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အနာဂတ်မှာ တရုတ်လို ငွေကြေး ကစားနိုင်တဲ့နိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံကို သတ်မှတ်ထားခဲ့ပါတယ်။ ဗီယက်နမ်နဲ့ အမေရိကန် ဆက်ဆံရေးအပေါ် စင်္ကာပူ အခြေစိုက် CIMB ဘဏ်က Song Seng Wun က အခုလို ပြောပါတယ်။

" သမ္မတ ထရမ့်မှာ လုပ်ပိုင်ခွင့် အာဏာ သူ့အတိုင်းအတာနဲ့သူ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒီ အချိန်မှာ ဗီယက်နမ်နိုင်ငံအနေနဲ့ တရုတ်ကို စိတ်ဆိုးအောင် လုပ်တာထက် အမေရိကန်ကို စိတ်ဆိုးအောင် လုပ်ဖို့ အလားအလာ နည်းပါတယ်။"

တကယ်လို့ ဗီယက်နမ်ကသာ အခုလို တရုတ်ကုန်ပစ္စည်းတွေကို သူ့ဘာသာသူ အခွန် တိုးမကောက်ဘူးဆိုရင် တရုတ်ပစ္စည်းတွေ တင်ပို့တယ်လို့ သံသယရှိခံရတဲ့ ဗီယက်နမ် ကုမ္ပဏီတွေကို အမေရိကန်က စုံစမ်းစစ်ဆေးတော့မှာဖြစ်သလို ဗီယက်နမ်က လာတဲ့ ကုန်ပစ္စည်းတွေအပေါ်လည်း ဂရုတစိုက် စစ်ဆေး ကြည့်ရှုဖို့ အမေရိကန်အနေနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ ရှိကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG