[Zawgyi/Unicode]
အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်ပြီးဖြစ်နေတာမှာ ဗီယက်နမ်နိုင်ငံမှာ ၃ လကျော်နောက်ပိုင်း ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု ပြန်ပြီးတွေ့တာကြောင့် အာဏာပိုင်တွေက ရောဂါရှိသူနဲ့ ထိတွေ့ကွင်းဆက်တွေကို သေသေချာချာ စစ်ဆေးနေပါတယ်။ အခု ရောဂါကူးစက်ထားတယ်လို့ သိရတဲ့ အသက် ၃၂ နှစ်အရွယ်အမျိုးသားနဲ့ ထိတွေ့ခဲ့တဲ့သူ ၁၃၀ ကျော်ကို သီးခြားခွဲစောင့်ကြည့်ထားပြီး ဒီအမျိုးသားအလုပ်လုပ်တဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းကိုလည်း ပိတ်ထားပါတယ်။ အခုထိ ဗီယက်နမ်မှာ COVID–19 ကူးစက်သူ ၁,၃၄၇ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက်ရှိပြီး ကူးစက်မှု ထက်ဝက်ကျော်လောက်က ပြည်ပကူးစက်မှုတွေဖြစ်ပါတယ်။
ဟောင်ကောင်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပြန်ပြီးမြင့်တက်လာတဲ့အတွက် ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ပြည်သူတွေကို မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ သတိပေးတိုက်တွန်းထားပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေကို အိမ်ထဲမှာပဲ နေကြဖို့ သူက တိုက်တွန်းတာပါ။ အခု ကူးစက်မှု နှုန်း မြင့်လာတဲ့အတွက် စည်းမျဉ်းကန့်သတ်ချက်တွေပို တိုးပြီး ချမှတ်ထားသလို အပြင်မှာ လူ ၂ ဦးထက်ပိုပြီး မစုဝေးဖို့လည်း သတ်မှတ်ထားပါတယ်။
ဖိလစ်ပိုင်မှာ ခရစ္စမတ်ပွဲတော်ကာလ အသွားအလာတွေကို ဆက်ပြီး တင်းကြပ်ကန့်သတ်ဖို့ ရှိပါတယ်။ ဒီဇင်ဘာလအတွင်း မြို့တော်မနီလာနဲ့ နောက်ထပ် ပြည်နယ်နဲ့ မြို့ကြီး ၇ ခုမှာ သီးခြားခွဲစောင့်ကြည့်စစ်ဆေးတာတွေကို ပြုလုပ်သွားမယ်လို့ သမ္မတ Rodrigo Duterte က မနေ့တုန်းက ပြောပါတယ်။ ဖိလစ်ပိုင်မှာ ရောဂါကူးစက်ထားသူ ၄၃၁,၆၀၀ ကျော်နဲ့ သေဆုံးသူက ၈,၃၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်း ဒုတိယ အများဆုံးဖြစ်ပါတယ်။
ကမ္ဘောဒီးယားမှာ အခုထိ ကူးစက်သူ ၃၀၀ ကျော်ရှိပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ ကူးစက်မှုနှုန်း အနည်းဆုံးနိုင်ငံတွေထဲတခု အပါအဝင်ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပြည်တွင်း ကူးစက်မှု တခု တွေ့ရှိရပြီးတဲ့နောက် ကမ္ဘောဒီးယားနိုင်ငံမှာလည်း မနေ့ တနင်္လာနေ့က စပြီး မင်္ဂလာဆောင်ပွဲတွေ ကျင်းပခွင့်ပိတ်ထားပြီး လူ ၂၀ ထက်ပိုပြီး စုဝေးခွင့်ကို တားမြစ်ထားပါတယ်။
[Unicode Version]