သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှုမှာ အီတလီသံရုံး ပူးပေါင်း ပါဝင်

မြန်မာနိုင်ငံဆိုင်ရာ အီတလီသံ ရုံးအကြီးအကဲ Nicolò Tassoni Estense (ဓာတ်ပုံ- UNFPA Myanmar fb SS)
မြန်မာနိုင်ငံဆိုင်ရာ အီတလီသံ ရုံးအကြီးအကဲ Nicolò Tassoni Estense (ဓာတ်ပုံ- UNFPA Myanmar fb SS)

မြန်မာနိုင်ငံမှာ ကျား-မ ကွဲပြားမှုအခြေခံကြောင့် မိန်းကလေးငယ်နဲ့ အမျိုးသမီးတွေ အကြမ်းဖက် သတ်ဖြတ်ခံနေရတာကို ဆန့်ကျင်တဲ့ ၁၆ ရက်ကြာ လှုပ်ရှားမှုမှာပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးအကြီးအကဲက Video ရုပ်သံထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ပဋိပက္ခတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် အများအပြား သတ်ဖြတ်ခံနေရတာကိုအမြဲတမ်းအမှတ်ရနေစေဖို့ အနီရောင်ခုံတန်းတခုကို အီတလီသံရုံးမှာ ထားရှိတယ်လို့ သံရုံး အကြီးအကဲ Nicolò Tassoni Estense က ရုပ်သံ ဗီဒီယိုထဲမှာ ပြောထားပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့မှာကျရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အတွက်၁၆ ရက် ကြာ လှုပ်ရှားမှုတွေကို အီတလီနိုင်ငံခြားရေးဌာနက ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အမှတ်ရနေအောင် အနီရောင်ခုံတန်းတခုကို Fiuggi မြို့မှာ နိုဝင်ဘာ ၂၅ရက်က ကျင်းပခဲ့တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ အီတလီက စတင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာ အခုလို ကျားမ အခြေခံတဲ့ အကြမ်းဖက်မှုတွေ ရပ်တန်းက ရပ်အောင် အီတလီနိုင်ငံက ခုလို သတိပေးဆောင်ရွက်နေတာဖြစ်တယ်လို့ အီတလီ သံရုံး အကြီးအကဲ Nicolò Tassoni Estense က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က နေ့စဉ်လိုလို ကျုးလွန်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့က မကြာခင်ကပဲ သတင်းထုတ်ပြန် ထားပါတယ်။ အောက်တိုဘာလ တလတည်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၁ ဦး သေဆုံးပြီး ၄၀ ကျော်ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ပြောထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေအတွင်းမှာ အမျိုးသမီး ၁၂၅ ယောက်နဲ့ကလေးငယ် ၈၈ ယောက် သေဆုံးခဲ့တဲ့အကြောင်းလည်း ကုလသဂ္ဂရဲ့ မကြာသေးခင်လပိုင်းတွေအတွင်း ထုတ်ပြန်တဲ့အစီရင်ခံစာတွေမှာလည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG