သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်ဆဲ


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကိုးကန့်တပ်နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေက ဒီနေ့အထိပြင်းထန်နေဆဲဖြစ်ပါတယ်။ အခုလိုရက်ကြာရှည်လာပြီဖြစ်တဲ့ ကိုးကန့်လောက်ကိုင် တိုက်ပွဲကို အမြန်ဆုံး ရပ်စေချင်ပြီလို့ ဒေသခံတွေက မေတ္တာရပ်ခံ တောင်းဆိုကြပါတယ်။ လောက်ကိုင်မြို့က ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေအပြင် တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားတဲ့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာလည်း လားရှိုးဘက်ကို တိမ်းရှောင်လာနေကြဆဲဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

ဟုတ်ပါတယ်။ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ မြန်မာအစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းကစလို့ နှစ်ဘက် တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့တာ အခုဆိုရင် လနဲ့ချီ ကြာမြင့်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက MNDAA ကိုးကန့်တပ်တွေဘက်က လောက်ကိုင်မြို့ထဲအထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်တဲ့အတွက် နေအိမ်၊ ကားတွေ မီးလောင်ပျက်စီးတာ အပါအဝင် ဒေသခံပြည်သူအချို့အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။

ဒီကနေ့ စနေနေ့မှာလည်း လောက်ကိုင်ဘက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ ကြားနေရဆဲပဲလို့ တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ နမ့်စံမြို့မှာ သီတင်းသုံးနေတဲ့ ဆရာတော်ဦးကေသရက မိန့်ပါတယ်။

" တိုက်တုန်းပါပဲ။ ဒီနေ့ကျတော့ သေနတ်အသံက ၃၊ ၄ လုံးကြားပါတယ်။နောက်ပြီးတော့ ဗုံးကလည်း ၃၊ ၄ လုံး ကျပါတယ်။ ဒီနေ့ပေါ့နော်။ ဒါပေမဲ့ တိုက်ပွဲနားမှာ ဘုန်းဘုန်းလည်း မသွားရဲ၊ မလာရဲတော့ ဘယ်လိုထူးခြားပြီးတော့ လုံခြုံရေးလုပ်ထားလဲ ဒါတော့ ဘုန်းဘုန်းမသိသေးဘူးနော်။"

နယ်စပ်ဒေသမတည်မငြိမ်ဖြစ်ပြီး ဒေသခံတွေ အသက်ဘေးစိုးရိမ်နေရပြီး ထိတ်လန့်နေရတဲ့အနေအထားကနေ အမြန်ဆုံးတိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းစေချင်ပြီလို့ နမ့်စံက ဆရာတော်က မေတ္တာရပ်ခံပါတယ်။

"အကောင်းဆုံးကတော့ ငြိမ်းချမ်းရေးပေါ့နော်။ သူသူငါငါ ငြိမ်းချမ်းပါစေပေါ့နော် လူတိုင်းက ဆုတောင်းပါတယ်။ လူတိုင်းက ရချင်ပါတယ်။ လူတိုင်းပါးစပ်ထဲမှာ ပြောကြပါတယ်။ တချက်ကတော့ နိုင်ငံရေးအရ စစ်ရေးအရ ဘယ်သိနိုင်မလဲ ဒါပေမဲ့ တဘက်နဲ့တဘက် နားလည်မှုရှိပါစေ။ တဘက်နဲ့တဘက် စာနာမှုရှိပါစေ။ တဘက်နဲ့တဘက် ခွင့်လွှတ်မှုရှိပါစေ။ ဒီလူထုတွေက ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါစေ။"

မြို့တွင်းအထိ ဝင်ရောက်ပြီး ပစ်ခတ် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ လောက်ကိုင်မြို့တွင်းက လုံခြုံရေး အခြေအနေနဲ့ပတ်သက်လို့လည်း လောက်ကိုင်မြို့ထဲအထိ ဒုက္ခသည်တွေကို သွားရောက်ကူညီ ကယ်ဆယ်ပေးခဲ့တဲ့ လားရှိုးမန်ဆူကျောင်း ကယ်ဆယ်ရေးအဖွဲ့က ကိုမောင်မောင်သန်းက လက်ရှိအခြေအနေကို အခုလိုပြောပါတယ်။

" လောက်ကိုင်ဘက် အခြေအနေက ညဆိုရင်တော့ အသံတွေကြားရတယ်ပေါ့။ ဗြောက်သံလိုမျိုးပေါ့နော် ဗုန်းဒိုင်း ဝုန်းဒိုင်းနဲ့။ အဲ့တာကတော့ရှိတယ်။ ညတိုင်းကတော့ရှိတယ်။ တောင်ကုန်းတွေနဲ့ မြို့တွင်းတွေနဲ့ အပြန်အလှန်ပစ်နေတာတော့ရှိတယ်။ မြို့ထဲမှာကတော့ ၁၄ရက်နေ့က နောက်ဆုံးဖြစ်တယ်။ ၁၄ရက်နေ့ ညနေ ၄နာရီခွဲကနေ ၁၅ရက်နေ့ မနက် အထိဗျ။ လက်နက်တွေနဲ့အပြန်အလှန်ပစ်ခတ်ကြတာ။ ၁၅ရက်နေ့က ကျနော် လောက်ကိုင်တက်သေးတယ်။

လောက်ကိုင်က နေ့လည်ပိုင်း အေးဆေးပေမဲ့ ဘာလဲဆိုတော့ လူတွေ မနေရဲဘူးလေ။ ကျနော်တို့ရောက်သွားတော့ လမ်းတွေက ခြောက်ကပ်နေတာ တိုက်ကြီးတွေက အကြီးကြီးဖြစ်ပြီး တကယ့်စည်ကားရမယ့် တကယ်စည်ကားခဲ့တဲ့မြို့ကြီးက ခြောက်သွေ့နေတာ ဘာမှ မရှိဘူး။ ကျနော်တို့ရောက်သွားတော့ လမ်းမှာ ဟိုဆိုင်လေးဖွင့် ဒီဆိုင်လေးဖွင့် ဟိုတအိမ်လောက်လေး လူရှိ ဒီတအိမ်လောက်လေး လူရှိ။ အဲ့တာ ကျနော် လောက်ကိုင်ကို ၁၅ရက်နေ့ သွားခဲ့တဲ့အခြေအနေပေါ့ အခုလည်း ဒီအတိုင်းပါပဲ လောက်ကိုင်ကလူတွေ မပြန်သေးဘူးဆိုတော့ အခြေအနေက သိပ်မဟန်သေးလို့ပေါ့။"

အခုအချိန်အထိ လောက်ကိုင်ဘက်ကနေ ရှမ်းမြောက် လားရှိုးဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်ပေါင်းက မန်ဆူကျောင်းက ကောက်ခံထားတဲ့စာရင်းအရ ၇၅၀၀ ကျော်ရှိပြီး နေ့စဉ်လိုလို ရာနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ စစ်ဘေးရှောင်ဖို့ ဝင်လာနေကြဆဲဖြစ်တယ်လို့လည်း ကိုမောင်မောင်သန်းကပြောပါတယ်။

"မနေ့က တနေ့ကုန် အယောက် ၂၂၃ ယောက် ဝင်ပါတယ်။ ထမင်းကျွေးတယ်။ ညထားတယ်။ ဒီမနက် ကားလေးစီးနဲ့မန္တလေးကို ပြန်ပို့ပေးတယ်။ နောက် အခု အယောက်(၂၀) ဝင်တယ် အဲ့ဒီ့အယောက် ၂၀လည်း တခါတည်း လွှတ်လိုက်ပြီ ၃နာရီလောက်က ဝင်တာပေါ့။ အခုထပ်လာဖို့လည်း ရှိသေးတယ်။ ၁၀၀ နီးနီး ။ တောက်လျောက်ထပ်လာဖို့ရှိတယ်။ အဲ့တာ Transit တွေချည်းပဲ။ စာရင်းကတော့ ၁၀၀ ရှိတယ်။ တချို့မိသားစုတွေကတော့ လောက်ကိုင်ကိုပြန်မယ်။ ဒေသခံတွေကိုး။"

အခုလက်ရှိဒုက္ခသည်နောက်ဆုံးအခြေအနေကတော့ လောက်ကိုင်ဘက်က တိမ်းရှောင်လာသူတွေအပြင် တရုတ်နိုင်ငံဘက်ခြမ်းကို ဝင်ရောက်ထွက်ပြေးသွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ရာနဲ့ချီပြီး ပြန်ဝင်လာနေကြတယ်လို့ ဆိုပါတယ်။

"အခုလာနေတာကလေ လောက်ကိုင်က မဟုတ်ဘူး။ တရုတ်ပြည်ထဲရောက်ပြီး တရုတ်ပြည်ထဲ သွားအလုပ်လုပ်တဲ့သူတွေ လာတာ။ တချို့လည်း တရုတ်-မြန်မာနယ်စပ်ထဲ အလုပ်လုပ်နေရင်း တရုတ်ပြည်ထဲထွက်ပြေးလိုက်ရတာကိုး အဲ့တာမျိုးလည်း ပါတယ်။ အဲ့တာမျိုး လူတွေက ကျန်နေတာ အခုက။ ကျနော်ထင်တယ်။ နောက် ၃၊ ၄၊ ၅ ရက်လောက်ဆိုရင်တော့ ရပ်လောက်မယ်ထင်တယ်။ ကျနော်တို့လည်း ရပ်စေချင်ပြီ နည်းနည်းလည်းပင်ပမ်းပြီဗျ။"

တကယ်လို့သာ တိုက်ပွဲဟာ ရက်ကြာရှည်လာခဲ့မယ်ဆိုရင်တော့ ကူညီကယ်ဆယ်ပေးနေသူတွေမှာ အခက်အခဲတွေနဲ့ရင်ဆိုင်လာကြရမယ့်အနေအထားဖြစ်တယ်လို့လည်း ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

အခုလို တိုက်ပွဲတွေပြင်းထန်နေဆဲ အနေအထားကြောင့် မတ်လ ၁၀ရက်နေ့ ကစလို့ လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တွေမှာ ည (၉) နာရီကနေ မနက် ၆နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ထုတ်ပြန်ထားဆဲ အနေအထားဖြစ်ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ထောင်ချီတဲ့ ဒေသခံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေလည်း အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။ တရုတ်အစိုးရဘက်ကလည်း တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတာကို နှစ်ဘက် အမြန်ဆုံးရပ်ကြဖို့နဲ့ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG