သမ္မတ Putin ရဲ့သားသမီးများ ပိုင်ဆိုင်မှု အပေါ် ကန်နဲ့မဟာမိတ်တွေ ပစ်မှတ်ထားဒဏ်ခတ်
{{Zawgyi/Unicode}}
ရုရှားမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံမှု အသစ်တွေ မလုပ်ဖို့နဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ အရွယ်ရောက်သူ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားတာ အပါအဝင်၊ ရုရှားအပေါ် စီးပွားရေးအရ ချက်ခြင်းလက်ငင်း သက်ရောက်မှုရှိမယ့် ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေကို ချမှတ်လိုက်ကြောင်း အမေရိကန်နဲ့ အနောက်မဟာမိတ်တွေက ကြေညာလိုက်ပါတယ်။
“ပူတင်ကို ပိုမိုထိခိုက်စေဖို့၊ ရုရှားရဲ့ စီးပွားရေး ပိုမိုအထီးကျန် ဖြစ်စေဖို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ စီးပွားရေးအရ တိုးမြှင့်ဖိအားပေးသွားမှာ ဖြစ်ပါတယ်။” လို့ ဗုဒ္ဓဟူးနေ့ ဝါရှင်တန်က အခမ်းအနားမှာ အမေရိကန်သမ္မတ Joe Biden ပြောလိုက်တာပါ။
ယူကရိန်းနိုင်ငံ Kyiv မြို့တော်အနီး၊ Bucha မြို့မှာ မကြာသေးခင်ရက်တွေက ရုရှားတပ်တွေ ဆုတ်ခွာရာမှာ အရပ်သားတွေအပေါ် ရက်ရက်စက်စက် ကျုးလွန်ခဲ့တဲ့လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်တာလို့လည်း သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
Bucha မြို့က သတ်ဖြတ်မှု စွပ်စွဲချက်တွေကိုတော့ ရုရှားက ငြင်းဆန်ထားပါတယ်။ ရုရှားရဲ့ အကြီးဆုံးဘဏ္ဍာရေးလုပ်ငန်းဖြစ်တဲ့ Sherbank နဲ့ အကြီးဆုံး ပုဂ္ဂလိကဘဏ်လုပ်ငန်း Alfa ဘဏ်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ အပြည့်အ၀ ချမှတ်သွားမယ်လို့လည်း ပြောပါတယ်။
အရေးကြီးတဲ့ ရုရှားအစိုးရပိုင် လုပ်ငန်းတွေ၊ ရုရှားသမ္မတရဲ့ အရွယ်ရောက်သူ သားသမီးတွေ၊ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov ရဲ့ ဇနီးနဲ့သမီးတို့အပြင် ရုရှားလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကိုလည်း ဒဏ်ခတ်အရေးယူလိုက်ကြောင်းလည်း အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်ရဲ့ စီရင်ပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ ရုရှားက ချေးငွေပြန်ဆပ်တာတွေကို တားမြစ်လိုက်သလို၊ အမေရိကန်မှာ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ ငွေကြေးတွေနဲ့ ချေးငွေဆပ်တာတွေကို တားမြစ်ဖို့လည်း ဒီသီတင်းပတ် အစောပိုင်းမှာပဲ ကြေညာထားပါတယ်။
..................................................
{{Zawgyi/Unicode}}