ဒုတိယကမ္ဘာစစ်မှာ အမေရိကန်ဝင်ပါအပြီး သီတင်းခုနစ်ပတ်ကျော်အကြာမှာ နယူးယောက်မြို့မှာရှိတဲ့ အသံလွှင့်စတူဒီယိုလေး တခုကနေ ဂျာမနီုနိုင်ငံကို ၁၅ မိနစ်ကြာ လှိုင်းတို တိုက်ရိုက် ရေဒီယိုအစီအစဉ်တခု ၁၉၄၂ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စလွှင့်ခဲ့ ပါတယ်။
ရေဒီယိုအစီအစဉ်ကို အမေရိကန် မျိုးချစ်တေးတပုဒ်ဖြစ်တဲ့ The Battle Hymn of the Republic ဆိုတဲ့သီချင်းနဲ့ စဖွင့်ပါတယ်။ အဲဒီနောက် အသံလွှင့်သူ William Harlan Hale က “အမေရိကန်အသံက အသံလွှင့်နေပါတယ်၊ ဒီကနေ့ကစပြီး နေ့စဉ် အမေရိကန်နိုင်ငံနဲ့ စစ်ပွဲသတင်းတွေကို ထုတ်လွှင့်ပေးသွားမှာပါ၊ သတင်းကောင်းတွေ ဖြစ်နိုင်ပါတယ်၊ သတင်းဆိုးတွေ ဖြစ်နိုင်ပါ တယ်၊ ဒါပေမဲ့ သတင်းမှန်တွေကို ကျနော်တို့ ထုတ်လွင့်သွားပါမယ်” လို့ စပြီး ပြောခဲ့ပါတယ်။
အဲဒါဟာဖြင့် နောက် နှစ်ပေါင်း ၇၅ နှစ် ကြာပြီးတဲ့နောက် ဒီကနေ့မှာ ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်ပြီး ဗွီအိုအေ အမေရိကန် အသံရယ်လို့ဖြစ်လာစေတဲ့ ပထမဆုံး အသံထုတ်လွှင့်ချက်ပဲဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အဆုံးသတ်ချိန်မှာတော့ ဗွီအိုအေကနေ ဘာသာစကားပေါင်း ၄၀ ကျော်နဲ့ ထုတ်လွှင့်ခဲ့ပြီး ဂီတ၊ သီချင်းနဲ့ သုံးသပ် ချက် စတဲ့ကဏ္ဍပေါင်းစုံပါဝင်ပါတယ်။ အဲဒီအချိန်ကစလို့ ဗွီအိုအေဟာ မာလ်တီမီဒီယာ နိုင်ငံတကာအသံလွှင့်ဌာနအဖြစ် ပို ကြီးမားလာပြီး ဒီကနေ့မှာတော့ ရေဒီယို၊ ရုပ်သံ၊ အင်တာနက် စတဲ့ မာလ်တီမီဒီယာ နည်းလမ်းပေါင်းစုံသုံးပြီး ဘာသာစကားပေါင်း ၄၇ မျိုးနဲ့ တကမ္ဘာလုံးကို ထုတ်လွှင့်နေပါတယ်။
၂၀၁၆ ခုနှစ်အထိဆိုရင် ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုတဲ့ ကမ္ဘာတဝန်း ပရိသတ်အရေအတွက်ဟာ သီတင်းတပတ်ကို ၂၃၆ သန်းကျော် ရှိပါတယ်။