သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကူညီပေးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ စည်းလုံးမှုရှိရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြဿနာတွေ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းဖို့ တရုတ်နိုင်ငံက ကမ်းလှမ်းဆောင်ရွက်နေပါတယ်လို့ ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

Saudi Arabia နဲ့ အီရန်နိုင်ငံကြား သမိုင်းဝင် ပြန်လည်သင့်မှုရရှိအောင် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့သလို မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အပြစ်အခတ်ရပ်ဆိုင်းအောင် ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်။ ပြဿနာဖြစ်နေတဲ့ကိစ္စတွေမှာ နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ တရုတ်နိုင်ငံက အားပေးဆောင်ရွက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်အချုပ်အခြာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်သွားမှာဖြစ်ပြီး အနိုင်ကျင့် ဗိုလ်ကျမှုအားလုံးကို လုံးဝဆန့်ကျင်သွားမယ်လို့လည်း ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောကြားသွားတာဖြစ်ပါတယ်။ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တပ်တွေပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို ပြီးခဲ့တဲ့နှစ်ပိုင်းက ပြုလုပ်ခဲ့တာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နိုင်ငံ နယ်စပ်ဒေသတွေမှာ စစ်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ခဲ့သလို တရုတ်နိုင်ငံသားတွေ သေဆုံးမှုရှိခဲ့ပြီးနောက် တရုတ်အစိုးရက အပစ်အခတ်ရပ်ဆိုင်းထားအောင် စစ်တပ်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုးကန့်နဲ့ စစ်တပ်ကြားသဘောတူညီချက်အရ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ လောလောဆည် ရပ်ဆိုင်းနေပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ဆက်လက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ဒီနေ့ ကြာသပတေးနေ့မှာပဲ ကချင်တိုင်းရင်းသားလက်နက်ကိုင် KIA ကလည်း ကချင်ပြည်နယ်ထဲမှာရှိတဲ့ စစ်တပ်စခန်းအများအပြားကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တွေဘက်က စစ်စခန်းပေါင်း ၃၀ ကျော်ကို တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်း ၄ ခုထက်မနည်း သိမ်းနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနက VOA မြန်မာပိုင်းကို ပြောပါတယ်။ KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG