သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းစစ်ဘေးရှောင်တို့ ဘဝရပ်တည်ရေးခက်ခဲ


စစ်ရှောင်ဒုက္ခသည်များ (Photo: C J)
စစ်ရှောင်ဒုက္ခသည်များ (Photo: C J)

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မူဆယ် ဒီလို စစ်ပွဲလွတ်တဲ့နေရာတွေကို ရောက်လာပေမဲ့လည်း နေရာသစ်မှာ ဝင်ငွေပုံမှန်ရနေဖို့၊ နေထိုင်ဖို့အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်သူတွေက ဗွီအိုအေကို ပြောပါတယ်။

စား၊ ဝတ်၊ နေရေး ဒုက္ခတွေကြောင့် နေရာသစ်ကိုထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေရဲ့ ဒုက္ခက အတော်လေး ကြီးမားလာတယ်လို့ အကူအညီပေးရေး အဖွဲ့တွေနဲ့ ကာယကံရှင်တွေက ပြောပါတယ်။ နေရာသစ်မှာ အလုပ်အတည်တကျရဖို့၊ ငှားရမ်းနေထိုင်ဖို့အတွက် တဖြည်းဖြည်း မလွယ်ကူတော့ကြောင်း ပြောပါတယ်။ ဒီအကြောင်း ပေးပို့လာတဲ့သတင်းအပြည့်အစုံကို သိင်္ဂီထိုက်ကပြောပြပေးပါမယ်။

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မူဆယ် ဒီလို စစ်ပွဲလွတ်တဲ့နေရာတွေကို ရောက်လာပေမဲ့လည်း နေရာသစ်မှာ ဝင်ငွေပုံမှန်ရနေဖို့၊ နေထိုင်ဖို့အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်သူတွေက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲတွေကြောင့် မူဆယ်နဲ့ တောင်ကြီးမြို့မှာ စစ်ရှောင်အများအပြား ရောက်ရှိနေတာပါ။

တချို့ကတော့ မူဆယ်ကတဆင့် တရုတ်ပြည်ထဲဝင်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ လက်ရှိကုန်ဈေးနှုန်းနဲ့ မူဆယ်မြို့မှာ အလုပ်မရှိဘဲ အချိန်ကြာကြာနေလို့ မဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" မူဆယ်မြို့မှာ တယောက်ရဲ့ ကုန်ကျစရိတ်က တနေ့ကို၂သောင်း ပျမ်းမျှရှိတယ်။ စားတာ၊ သောက်တာ၊ အိပ်တာပေါ့နော်။ တလလောက် စောင့်လိုက်မှ တပတ်ကတ်ကရတာ၊ တရုတ်ပြည်ထဲကို ဝင်တယ်၊ တရုတ်ကုမ္ပဏီတွေက အာမခံပြီးတော့မှ စက်ရုံတွေမှာ အလုပ်လုပ်ကြရတာလေ။ မူဆယ်မြို့မှာက မြောက်များစွာရှိတယ်၊ ပြောရမယ်ဆိုရင် ပြည်နယ်နှင့်တိုင်း ၁၄ခုလုံးက အကုန်ရောက်သလို ဖြစ်နေကြတာ။ မိန်းကလေး၊ ယောကျ်ားလေး မြင်မကောင်းဘူး တချို့ဆို လမ်းဘေးမှာအိပ်၊ လမ်းဘေးမှာစားရတဲ့ အဆင့်တွေရောက်လာတယ်။ လူတဦးတယောက်ကို အကူအညီတောင်းမိသွားတဲ့ အဆင့်တွေရောက်လာတယ်။ ဒီဒုက္ခတွေကိုလည်း မူဆယ်မှာရှိတဲ့ ပရဟိတ ညီနောင်တွေကလွဲပြီး ဘယ်သူမှ ကင်တင်ပေးနိုင်သူလည်း မရှိကြဘူး။ ဦးလေးတို့လည်း ဒီဒုက္ခသည်နဲ့တင် ဗြောင်းသတ်နေတာ။"

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရောက်နေတဲ့ စစ်ရှောင်တွေကလည်း ဒီမြို့မှာ အိမ်ငှားရမ်းခတွေ ဈေးကြီးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ တချို့ကတော့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခဏတည်းပြီး မန္တလေးနဲ့ ရန်ကုန်ကို တခါထပ်ပြီး ပြောင်းရွှေ့ကြပါတယ်။ လားရှိုးဘက်မှာ စစ်ပွဲတွေထပ်ဖြစ်နေလို့ တရက်ကို လူ၅၀၀နီးပါး တောင်ကြီမြို့ကို ရောက်ရှိလာကြောင်း ကူညီပေးနေသူတဦးက ပြောပါတယ်။

" တောင်ကြီးမြို့ တမြို့လုံးဆိုရင် (စစ်ရှောင်) ၄ထောင်နဲ့ ၅ထောင်မှာ ရှိမယ်ဗျ၊ ကျနော်တို့ ဒီနားမှာတော့ လူဦးရေ ၅၀၀ပတ်ချာလည်မှာ ရှိတယ်ဗျ နေ့တိုင်း အဝင်အထွက်နဲ့ပေါ့နော်။ တချို့ကတော့ အခက်အခဲရှိတယ်၊ အိမ်ငှားတယ်ဆိုလည်း အိမ်တွေက ငှားလို့မရတာနဲ့ဘာနဲ့ အခက်အခဲတွေ အများကြီးပဲ။ တချို့က ဗမာပြည်ဘက် ပြန်ဆင်းတာလည်းရှိတယ်။ သွားမဲ့နေရာမရှိရင်တော့ ကျနော်တို့ဒီဌာနမှာပဲ ထားထားတယ်၊ လက်ရှိ လူဦးရေ၅၀၀ကျော်ဆိုရင် တရက်အသုံးစရိတ်က ၂၅သိန်း ပတ်ချာလည်မှာ ရှိတယ်ဗျ။"

ရန်ကုန်နဲ့ မန္တလေးမှာ အိမ်ခန်းတခုကို ကျပ်၂သိန်းနီးပါး အနည်းဆုံးပေးရသလို၊ အလုပ်တခုရဖို့လည်း ခက်ခဲကြောင်း စစ်လေးရှောင်တချို့က ပြောပါတယ်။

တနိုင်ငံလုံးမှာ ပဋိပက္ခတွေက ဆက်ဖြစ်နေပြီး မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တတဲ့ စစ်လက်နက် အကြွင်းအကျန်တွေကိုလည်း စိုးရိမ်နေရပါတယ်။ ဒါ့အပြင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာတာတွေ ဆက်ရှိနေပြီး လူသားချင်းစာနာတဲ့ လိုအပ်ချက်တွေလည်း ပိုများလာတယ်လို့ မြန်မာဆိုင်ရာ ကုလ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် လူဦးရေ ၃သန်းလောက်က နေရပ်ကနေ ထွက်ပြေး၊ တိမ်းရှောင်နေရတယ်လို့ အခုဇူလိုင်အတွင်း ထုတ်ပြန်ခဲ့တဲ့ OCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG