သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ စစ်ရှောင်တသိန်းခွဲကျော်အတွက် အကူအညီလိုအပ်မှုကြီးမား


အမိုးအကာလိုအပ်နေကြတဲ့ ကရင်နီဒေသ စစ်ဘေးရှောင်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ
အမိုးအကာလိုအပ်နေကြတဲ့ ကရင်နီဒေသ စစ်ဘေးရှောင်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ

ကယားပြည်နယ် ဒေသအခေါ် ကရင်နီမှာ စစ်ပြေးဒုက္ခသည် တသိန်းခွဲထက်မနည်းရှိနေပြီး စားနပ်ရိက္ခာကြပ်တည်းနေသလို အကူအညီတွေလိုအပ်ချက်တွေကြီးမားနေတယ်လို့ သိရပါတယ်။ ကရင်နီဒေသမှာ ယာယီစစ်ရှောင်စခန်းပေါင်းက လေးရာကျော်ရှိပါတယ်။ ကရင်နီဒေသ စစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ကရင်နီဒေသ စစ်ပြေးဒုက္ခသည်တွေဟာ စစ်ရှောင်စခန်းတွေနဲ့နီးစပ်ရာတောတောင်ထဲ ခိုလှုံနေသူတွေရှိသလို ကရင်နီဒေသနဲ့နီးစပ်ရာမြို့တွေ ရွာတွေဖက်ကို တိမ်းရှောင်သွားသူတွေလည်း ရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ကျေးရွာတွေကို ဒီနှစ်အတွင်း ဒေသခံအနည်းအကျဉ်း နေရပ်ပြန်လာတာ ရှိတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ အကူအညီတွေ ရှားပါးလာပြီး ဒုက္ခသည်တွေအဖို့ စားသောက်နေထိုင်ရေး ပိုခက်ခဲလာတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို ပြန်လာတဲ့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“အခက်အခဲတော့ ကြုံနေတာတော့ အများကြီးရှိတယ်။ အစားအသောက်တွေလည်း ဘယ်လိုပြောမလဲ ဝယ်ရပြုရခက်တာပေါ့။ ပိုက်ဆံရှိရင်တောင် ဝယ်စားလို့မရ နောက်ဈေးကလည်း တအားကြီးနေတယ်။ ခက်ခဲတွေတော့ ရှိတာပေါ့နော်။ အလှူရှင်တွေက မပေါ်လာတော့ဘူးပေါ့နော်။ ရွာမှာ ပြန်နေဆိုလည်း တချို့ဆို နေ့စားသွားပြီးမှ ဆန်တွေဘာတွေ ဝယ်စားရ ဖြေရှင်းရတာပေါ့နော်။ သူ့နည်းနဲ့သူပေါ့ သူ့နေရာနဲ့သူ အဲ့လိုမျိုး ရရာအလုပ်ကို လုပ်ပြီးမှပဲ ဖြေရှင်းရတာပေါ့လေ။ တအားဒုက္ခများတယ်လေ၊ တောထဲမှာနေတယ်ဆို တအားဒုက္ခများတယ်။”

ကရင်နီဒေသထဲမှာ စစ်ရှောင်စခန်း ၄၂၁ ခုရှိပြီး လူဦးရေတသိန်းခွဲ (၁၅၀,၀၀၀) ထက်မနည်းရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။ ဒါဟာ သူတို့လက်လှမ်းမီတဲ့ အရေအတွက်သာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ရှောင်အရေအတွက် များပြားနေပြီး စားနပ်ရိက္ခာလိုအပ်ချက် ပိုကြီးမားလာတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

“အများစုကတော့ ဒီစစ်ရှောင်စခန်းမှာ ဆက်နေသေးတာပေါ့နော်။ ကိုယ့်အိမ် ကိုယ့်ရွာမှာ ပြန်နေတဲ့သူဖြစ်စေ၊ စစ်ရှောင်စခန်းဖြစ်စေပေါ့နော်၊ အခု အခြေအနေကတော့ ဒီစားနပ်ရိက္ခာ လိုအပ်မှုကတော့ ရှိသေးတယ်ပေါ့နော်။ အထူးသဖြင့် စစ်ရှောင်ပေါ့နော်။ စစ်ရှောင်စခန်းမှာဆို အခု နောက်ပိုင်း ဒီစားနပ်ရိက္ခာ ပိုကြပ်တည်းလာတယ်လို့ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ ဘာကိုအခြေခံ ပြောလဲဆိုတော့ ကျနော်တို့ IEC ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနကို တောင်းဆိုလာတဲ့ပမာဏက လျှော့ကျတာမဟုတ်ဘူး။ ပိုများလာတယ်ဆိုတဲ့ဟာ တချက်တွေ့ရတယ်ပေါ့နော်။”

ဒုက္ခသည်တွေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ အရက်ဖက်အဖွဲ့အစည်းတွေက တတ်နိုင်သလောက် အကူအညီပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်ရှောင်အရေအတွက် ပိုများပြားလာတာကြောင့် အကူအညီပေးဖို့ မလုံမလောက်ဖြစ်နေတယ်လို့ဆိုပါတယ်။

အခုလို မိုးတွင်းကာလမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ခပ်စိတ်စိတ်တွေ့လာရပြီး စားနပ်ရိက္ခာအရေးပေါ်လိုအပ်ချက် တင်ပြတောင်းခံတဲ့ စစ်ရှောင်စခန်း တလအတွင်း စခန်းပေါင်း ၂၀ ကျော် ရှိလာတယ်လို့ IEC ရဲ့ လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယာက ဗွီအိုအေကို ပြောပါတယ်။

“မြို့နယ်အလိုက်၊ ဧရိယာအလိုက် ဥပမာ ကျနော်တို့ကို အရေးပေါ်ဆိုပြီးတော့မှ တင်ပြတောင်းခံတဲ့စာတွေက ဧရိယာတခုမှာဆိုလို့ရှိရင် အနည်းဆုံးမရှိဘူးဆိုလို့ရှိရင် စခန်း ၁၀ ခုနဲ့အထက်၊ တချို့ဧရိယာဆိုလို့ရှိရင် အခု ၂၀ နဲ့အထက် အဲ့လိုမျိုးတာပေါ့နော်၊ ဒါ တလအတွင်းပေါ့လေနော်။ ဧရိယာတခုမှာ ခုနပြောတဲ့ အရေးပေါ် စားနပ်ရိက္ခာ တပတ်စာ နှစ်ပတ်စာ၊ ကျနော်တို့ကို တင်ပြတောင်းခံတဲ့ဟာက အရမ်းမြင့်တယ်၊ အဲ့ဒီပြတဲ့အထဲမှာဆိုလို့ရှိရင် ၈၇ အိမ်ရှိတယ်ဆိုလို့ရှိရင် အရေးပေါ်လိုနေတဲ့ မိသားစုက အိမ်ခြေ ၄၊ ၅၊ ၆၀ ဖြစ်နေတာပေါ့လေနော် ဆိုတော့ အဲ့လိုအခြေအနေမျိုးရှိတယ်။”

တချို့စစ်ရှောင်တွေက ဆန်ကွဲချက်စားနေရတဲ့ အခြေအနေ ရောက်လာတယ်လို့လည်း ဌာနမှူးကြီး ခွံမာတီးယာက ပြောပါတယ်။

“ဆန်မဟုတ်တဲ့ ဆန်ကွဲတွေကို တချို့ချက်စားနေရတဲ့ဟာမျိုးတွေ ရှိလာတယ်ပေါ့လေနော်၊ အဲ့ကြောင့်မို့လို့ တချို့ သတင်းမီဒီယာဆိုလည်း တွေ့ကြမှာပါ ဒီဆန်ပြုတ် ပြုတ်စားနေရတယ်ဆိုတဲ့ဟာ မျိုးပေါ့။ ဒါကတော့ ခုနပြောတဲ့ ဆန်အဆင့်မဟုတ်တဲ့ ဒီဆန်ကွဲတွေကို ချက်စားနေရတဲ့ အခြေအနေမျိုးတွေကတော့ ကြုံကြတာပေါ့လေနော်။ အဲ့ပြဿနာကြုံရတယ်။ နောက်တခုက အခုမိုးတွင်းကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီသဘာဝဘေးကြောင့် လေပြင်းမုန်းတိုင်တွေ ဖြစ်တယ်၊ တဲတွေ၊ အဆောက်အဦးတွေလည်း ခဏခဏပျက်စီးမှုတွေ စိတ်စိတ်ကြုံလာတယ်၊ အဲ့တော့ ဒီအမိုးအကာတွေကလည်း လိုအပ်ချက်ကလည်း အမြင့်ဆုံးကာလဖြစ်တာပေါ့နော်။”

ကရင်နီဒေသမှာ ကုန်စည်စီးဆင်းမှုက ရပ်တန့်နေတာကြောင့် ငွေကြေးရှိရင်တောင် ဆန်၊ ဆီ၊ ဆား စတဲ့ကုန်ပစ္စည်းတွေဝယ်ခြမ်းဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။ (၁) လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ကရင်နီဒေသမှာမှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတာမို့ သတင်းအချက်ရရှိဖို့ မလွယ်ကူ၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG