သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြွင်းချက်သတ်မှတ်မှုနဲ့ F35 တိုက်လေယာဉ်ဝယ်ခွင့်ပေးမယ်လို့ တူရကီကို ကန် ကမ်းလှမ်း


F35 တိုက်လေယာဥ်
F35 တိုက်လေယာဥ်

အမေရိကန်နဲ့တူရကီ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာတာနဲ့အမျှ ရုရှားလုပ် S-400 ဒုံးကျည်တွေကို တတိယနိုင်ငံတခုခုကိုရွှေ့ထားရင် အမေရိကန်ရဲ့နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေကိုဝယ်ယူခွင့်ပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းလိုက်ပါတယ်။ ဒီဒုံးကျည်တွေဟာ ရုရှား-တူရကီ ဆက်ဆံရေးနက်ရှိုင်းတာကိုပြသနေတဲ့ သင်္ကေတပဲဖြစ်တယ်လို့ Dorian Joan အစ္စတန်ဘူလ်ကနေသတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။​

ရုရှားလေယာဉ်ပစ် S-400 ဒုံးကျည်တွေဝယ်ယူပြီးတဲ့နောက် တူရကီဟာ အမေရိကန် F-35 တိုက်လေယာဉ်ဝယ်ယူရေး အစီအစဉ်က ဖယ်ရှားခံလိုက်ရပါတယ်။ အကြောင်းကတော့ ဒီ ဒုံးကျည်တွေကြာင့် F-35 တိုက်လေယာဉ်ရဲ့ ကိုယ်ပျောက်နည်းပညာကို ထိခိုက်တယ်လို့ အမေရိကန်ကပြောပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့လကပဲ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Victoria Nuland ရဲ့ ခရီးစဉ်မှာ ရုရှားဒုံးကျည်တွေ တတိယနိုင်ငံတခုကိုရွှေ့ထားရင် ဂျက်တိုက်လေယာဉ် ရောင်းမယ့်ကိစ္စ ပြန်စမယ်လို့ ပြောလိုက်ပါတယ်။ တူရကီ Hakan Fidan က လည်း ဒီလိုမျိုးဆိုရင် သဘောတူနိုင်တယ်လို့ အရိပ်အရောင်ပြပါတယ်။ ရုရှားရေးရာကျွမ်းကျင်သူ Onur Isci က အရင်ကမဝယ်ဖူးတဲ့ လေယာဉ်ပစ် ဒုံးကျည်တွေ ဝယ်ပြီးတဲ့နောက်မှာ အာဒိုဝမ်အစိုးရအဖွဲ့ထဲက တချို့လူတွေက အမှားကြီးပဲ​လို့ ဝန်ခံကြပါတယ်။ တူရကီက S-400 ဒုံးကျည် ဝယ်တာဟာ အကုန်အကျသိပ်များသွားခဲ့ပါတယ်။

ဒီ ဒုံးကျည်ကို ဝယ်လိုက်တာဟာ ရုရှား-တူရကီ ဆက်ဆံရေး နက်ရှိုင်းလာတာကို ပြသနေတဲ့သင်္ကေတပဲဖြစ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးပျက်ပြားလာနေတာပါ။ ၂၀၁၆ ခုနှစ် တူရကီက မအောင်မြင်တဲ့အာဏာသိမ်းမှုမှာ အမေရိကန် ပါဝင်ပတ်သက်တယ်လို့ တူရကီအစိုးရဘက်ကစွပ်စွဲနေတဲ့အချိန် မယုံမကြည်ဖြစ်နေတဲ့အချိန်မှာ ဝယ်ခဲ့တာပါ။ ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ တူရကီက အတည်ပြုပေးအပြီးမှာ အမေရိကန် နဲ့ ဆက်ဆံရေး ပြန်ကောင်းလာခဲ့ပြီး အပြန်အလှန်အနေနဲ့ အမေရိကန် F-16 ဂျက်တိုက်လေယာဉ်တွေ တူရကီကို ဝယ်ယူခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း F-16 က F-35 ထပ်နိမ့်ပါတယ်။ တူရကီ အိမ်နီးချင်း ဂရိက F-35 တိုက်လေယာဉ်တွေနဲ့ သူ့စစ်တပ်ကိုအဆင့်မြှင့်ဖို့ လုပ်ထားတာပါ။ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ Soli Ozel က အခုလို ပြောပါတယ်။

"တူရကီက သဘောထားတင်းမာသူတွေကို တီးခေါက်ကြည့်ရင် အေဂျီယမ် ပင်လယ်ပြင်မှာ ဂရိနိုင်ငံဘက်က အလေးသာသွားမှာကို မလိုလားကြပါဘူး။"

F-35 ဂျက်ဝယ်ဖို့ အမေရိကန်ဘက်ကတောင်းဆိုတဲ့အတိုင်း ရုရှားလုပ်ဒုံးကျည်တွေကို အာဇာဘိုင်ဂျန်လို နိုင်ငံဘက်ကိုရွှေ့မလား၊ ကာတာ သို့မဟုတ် လစ်ဗျားကိုရွှေ့မလားဆိုတာက အမေရိကန်နဲ့ဆက်ဆံရေးတိုးတက်မှုအပေါ် မူတည်ပါတယ်။ နိုင်ငံခြားရေးမူဝါဒ အင်စတီကျုက Huseyin Bagci က
တူရကီအနေနဲ့ S-400 ကို အလွန်တကူ စွန့်လိုက်နိုင်ပါတယ်။ ဒါဟာ နိုင်ငံရေး ဆုံးဖြတ်ချက်ပါ။ စစ်ရေးလိုအပ်ချက် မဟုတ်ပါဘူး။ နိုင်ငံရေးဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးအရ လိုက်လျောမှုပါ။ လက်ရှိမှာတော့ S-400 ကြောင့် တူရကီအနေနဲ့ နေတိုးအဖွဲ့၊ အမေရိကန်နိုင်ငံတွေနဲ့ တိုးပြီးညှိနှိုင်းလာနိုင်ပါတယ်။

ရုရှားအတွက်လည်း တူရကီက သူ့ဒုံးကျည်တွေဝယ်သွားတာဟာ သံတမန်ရေး အရ​အောင်မြင်မှုလို့မြင်ကြပြီး တူရကီကို နေတိုးမဟာမိတ်အဖွဲ့ကြား ခွဲထုတ်နိုင်ခဲ့တာပါ။ ဒီဒုံးကျည်တွေ ဖယ်ရှားနိုင်တယ်ဆိုရင်တော့ အမေရိကန်အတွက် အလားတူအောင်ပွဲမျိုး ဖြစ်မှာပါခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG