သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောက်သုံးရေပြဿနာ ဖြေရှင်းရေး နည်းသစ်တခု 


အနာဂတ်မှာ လူသားတွေ ရင်ဆိုင်ရမယ် အဓိက စိန်ခေါ်မှုကြီး နှစ်ခု ဟာ ရေ နဲ့ ပတ်သက်ပါတယ်။ ဥတုရာသီပြောင်းလဲ လို့ ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာတာဟာ ရေများလွန်းတဲ့ ပြဿနာပါ။ နောက်တစ်ခုကတော့ သန့်ရှင်းတဲ့ သောက်သုံးရေ နည်းပါးတဲ့ ပြဿနာဖြစ်ပါတယ်။ အခုလို သောက်သုံးရေ ပြဿနာကို ဆားငန်ရည်သန့်စင်တဲ့ သုတေသန တစ်ခု က ဖြေရှင်းနိုင်တာကို Kevin Enochs သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာ အသစ်တခု အရ ကမ္ဘာကြီး ပေါ်မှာ နေထိုင်တဲ့ လူတွေ အားလုံးအတွက် ၂၀၃၀ ခုနှစ်ကျရင် စိတ်ချရတဲ့ သောက်သုံးရေ ရရှိရေး ရည်မှန်းချက် အောင်မြင်မှာ မဟုတ်ဘူး လို့ ရေးသားထားပါတယ်။ အဲ့ဒါတင်မက ၂၀၅၀ ခုနှစ်ကျရင် ကမ္ဘာ့ လူဦးရေ တဝက်လောက်ဟာ သန့်ရှင်းတဲ့သောက်သုံးရေ ရမှာမဟုတ်ဘူး လို့ ဖော်ပြထားပါတယ်။ ပင်လယ်ထဲက ရေတွေဟာ လိုအပ်တာထက် ပိုနေပေမဲ့လည်း သောက်သုံးလို့ရအောင် ဆားတွေကို ဖယ်ထုတ်ရတဲ့ ကိစ္စက မလွယ်ပါဘူး။

ဒါပေမဲ့လည်း Rice တက္ကသိုလ်က ပရောဂျက်တစ်ခုဖြစ်တဲ့ နာနိုနည်းပညာသုံး ရေသန့်စင်တဲ့ အစီအစဉ် NEWT က ဆားငန်ရည်ကို သောက်သုံးရေ အဖြစ် အလွယ်တကူ ဈေးပေါပေါ နဲ့ ပြောင်းပေးနိုင်တော့မှာပါ။ Li Qilin က Rice တက္ကသိုလ်က သုတေသီပါ။

“ကျမတို့ ဒီ အစီအစဉ်မှာ လုပ်နေတာက ကမ္ဘာတဝန်း ရေလိုအပ်တဲ့ နေရာတွေမှာ ရေ ပေးနိုင်ဖို့ ဖြစ်ပြီး ဘယ်လို ရေမျိုးကို မဆို လိုအပ်သလောက် သန့်စင်ပေးနိုင်ဖို့ လုပ်နေတာပါ။

ဆားငန်ရည်သန့်စင်တဲ့ လုပ်ငန်း မှာ ၂ မျိုးရှိပါတယ်။ ၁ မျိုးက ရေတွေ ကို ဆားစစ်ထုတ်မယ့် ဇကာ စစ်အသေးလေးတွေကို ဖြတ်ခိုင်းတာဖြစ်ပြီး နောက်တစ်မျိုးကတော့ အပူပေး အငွေ့ပျံစေတဲ့ နည်းနဲ့ ပေါင်းခံ ချက်လုပ်တာပါ။ နည်း လမ်း ၂ မျိုးလုံး ရဲ့ ပြဿနာက စွမ်းအင် အရမ်းသုံးရပြီးတော့ ဈေးကြီးသလို ညစ်ညမ်းမှု တွေ ဖြစ်စေတာပါ။ Rice တက္ကသိုလ် သုတေသီ Naomi Halas က အခုလို ရှင်းပြပါတယ်။

“ဇကာကိုသုံးပြီး စစ်ထုတ်ရတဲ့ သမာရိုးကျနည်းမှာ ညစ်ညမ်းတဲ့ ရေပူ ကို တဘက် မှာ စီးခိုင်းရပြီး တခြားတစ်ဘက်မှာ ရေအေးကို ဖြတ်ခိုင်းရတာပါ။ အပူချိန် ကွာခြားချက်ကို သုံးပြီး သန့်စင်မှုကိုလုပ်တာဖြစ်တာကြောင့် ရေတွေ ကို အပူအများကြီး ပေးရပါတယ်။ ကိုယ့်သန့်စင်လိုတဲ့ ရေ အများကြီးကို အပူပေးရတဲ့အတွက် စွမ်းအင်အတွက် ကုန်ကျမှု အများကြီး ရှိပါတယ်။”

အခု နည်းအသစ်မှာတော့ နာနိုနည်းပညာသုံး မှုတ်ဆေးတမျိုးကို သုံးထားပြီးတော့ အဲ့ဒီ ဟာက ဇကာစစ်တွေကို အပူပေးနိုင်တဲ့ ပစ္စည်းအဖြစ်ပြောင်းပေးပါတယ်။ ဒါကို နေရောင်ခြည် စွမ်းအင်ပေးတာပါ။ Naomi Halas ကပဲ

“ကျမတို့သုံးတာက နေရာင်ခြည်ဖြစ်ပြီး အလင်းကနေ အပူအဖြစ်ပြောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကို အခြေအနေအရ ပြောင်းလို့ရပြီး ဇကာထဲမှာ မြုပ်ထားတာဖြစ်ပါတယ်။ နေရောင်က ဇကာပေါ် တိုက်ရိုက်ရောက်ရမှာပါ။ ဒါမျိုးလုပ်တာတဲ့အတွက် ရေတွေ အားလုံးကို အပူပေးစရာမလိုပဲ ဇကာစစ်နဲ့ ထိမယ့် နေရာကို ပဲ အပူပေးမှာပါ။ ရေ အငွေ့ နဲ့ တခြားအစိုင်အခဲတွေက ဇကာရဲ့ တစ်ဘက်ခြမ်းကိုကျသွားမှာဖြစ်ပြီး ရေသန့်ကို ရမှာပါ။”

စွမ်းအင်ကုန်ကျစရိတ်နည်းနည်း နဲ့ သန့်ရှင်းတဲ့ သောက်ရေသန့်ကို ဒီနည်းနဲ့ ရမှာပါ။ တမီတာ ပတ်လည် ဇကာ ဟာ တနာရီ အတွင်း သောက်ရေသန့် ၆ လီတာ ထုတ်လုပ်နိုင်ပါတယ်။ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက ဒီနည်းပညာသစ်အတွက် ဒေါ်လာ ၁.၇ သန်း ရင်းနှီးမြုပ်နှံထားပြီးတော့ သုတေသန တွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG