သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် မုန်တိုင်းအန္တရာယ် မိုးလေဝသကျွမ်းကျင်သူတွေ သတိပေး


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့တွင်း မိုးသည်းထန်နေစဉ် တွေ့ရတဲ့ လမ်းသွားလမ်းလာတဦး (အောက်တိုဘာ ၆၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့တွင်း မိုးသည်းထန်နေစဉ် တွေ့ရတဲ့ လမ်းသွားလမ်းလာတဦး (အောက်တိုဘာ ၆၊ ၂၀၂၂)

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဆီ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်လာနိုင်ပါတယ်။ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာလည်း လေပြင်းအန္တရာယ် ကျရောက်နိုင်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ မုန်တိုင်းအခြေအနေ ဘယ်လိုရှိလာမလဲဆိုတဲ့ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ) နဲ့ မေးမြန်းထားတာကို မမြသဇင်အောင် တင်ပြပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ အလွန်အားကောင်းတဲ့ Mocha ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်းဆီ ဦးတည်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လာမယ့် မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းကစပြီး မြန်မာပြည်ထဲ ရောက်ရှိလာနိုင်တယ်လို့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ လမ်းကြောင်းကို အွန်လိုင်းကနေတဆင့် မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးနေတဲ့ ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ) က ပြောပါတယ်။

"မုန်တိုင်းရဲ့ ဦးတည်ရာ လမ်းကြောင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းကိုသာ ဦးတည်လာတော့မှာ ဖြစ်တယ်။ အခုဖြတ်နိုင်တဲ့ လမ်းကြောင်းကတော့ ဘူးသီးတောင်၊ မောင်တောဘက်ကနေမှ ဖြတ်နိုင်တယ်ဆိုပြီးတော့ လက်ရှိအနေအထားအရ အဖြေထွက်ပါတယ်။ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှာ ကျောက်ဖြူမြို့ အနောက်ဘက်ကို ရောက်လာမယ်။ ပြီးရင် ညနေပိုင်းမှာ စစ်တွေကို ရောက်လာပြီးတော့ ညသန်းခေါင်ယံ အချိန်လောက်မှာတော့ ဘူးသီးတောင်၊ မောင်တောလောက်ကနေ ဖြတ်နိုင်တယ်လို့ လက်ရှိအနေအထားအရ ခန့်မှန်းတွက်ချက် ရရှိထားပါတယ်။ ထိခိုက်မှု အများဆုံးကတော့ ဘူးသီးတောင်၊ မောင်တောဘက်ကနေ ဝင်မှာဆိုတော့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား အဲဒီဘက်တွေကတော့ အထိအခိုက် များနိုင်တာပေါ့။ ပြီးရင် မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘ်ဇားဘက်ကိုပဲ ဆက်သွားမှာပေါ့နော်။ အဲဒီတော့ ကျနော်တို့က ၁၄ ရက်နေ့ မွန်းလွဲပိုင်းနဲ့ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဒီနေရာတွေက မုန်တိုင်းဝင်နိုင်တယ်ပေါ့နော်။ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တာပေါ့။"

Mocha မုန်တိုင်း ခန့်မှန်းခြေလမ်းကြောင်းပြမြေပုံ
Mocha မုန်တိုင်း ခန့်မှန်းခြေလမ်းကြောင်းပြမြေပုံ

မေလ ၁၃ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်း အပါအဝင် ရန်ကုန်တိုင်းနဲ့ နေပြည်တော်တို့မှာ လေပြင်းအန္တရာယ် အနည်းငယ်ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၁၄ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းအထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ချင်းပြည်နယ်တို့မှာ လေပြင်းအန္တရာယ် ကျရောက်နိုင်တယ်လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။

"၁၃ ရက်နေ့မှာ လေပြင်းတိုက်ခတ်နိုင်တဲ့ နေရာတွေရှိတယ်။ ၁၄ ရက်နေ့မှာ လေပြင်းတိုက်ခတ်နိုင်တဲ့ နေရာတွေရှိတယ်။ အဓိက လေပြင်းအန္တရာယ် အများစုခံရနိုင်တာက ရခိုင်ပြည်နယ်ပေါ့ဗျာ။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို သူကတည့် (ဒဲ့) ဝင်မှာကို။ ပြီးရင် မကွေးတိုင်းဒေသကြီး မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အဖျားခပ်မယ်။ ချင်းပြည်နယ် အဲဒီနေရာတွေကတော့ ၁၃၊ ၁၄ နှစ်ရက်ကတော့ လေပြင်းဒဏ်ကို ခံရနိုင်တာပေါ့။"

မုန်တိုင်းဦးတည်မယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ လေတိုက်နှုန်းက တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မေလတုန်းက မြန်မာနိုင်ငံမှာ အင်အားပြင်းထန်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ တနာရီကို ၁၃၅ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။ အခု Mocha ဆိုင်ကလုန်းမုန်တိုင်းဟာလည်း နာဂစ်မုန်တိုင်းလောက် မပြင်းနိုင်ပေမယ့် သတိထားသင့်တယ်လို့ ပြောပါတယ်။

မုန်တိုင်းရဲ့ ဦးတည်ရာ လမ်းကြောင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းကိုသာ ဦးတည်လာတော့မှာ ဖြစ်တယ်။ အခုဖြတ်နိုင်တဲ့ လမ်းကြောင်းကတော့ ဘူးသီးတောင်၊ မောင်တောဘက်ကနေမှ ဖြတ်နိုင်တယ်ဆိုပြီးတော့ လက်ရှိအနေအထားအရ အဖြေထွက်ပါတယ်။

အချိန်ကာလ ၁၅ နှစ်တာ ကြာခဲ့ပေမယ့် နာဂစ်မုန်တိုင်းကြောင့် အထိနာခဲ့ရတဲ့ ဧရာဝတီတိုင်းထဲမှာတော့ အခုရက်ပိုင်းထဲ ရောက်လာနိုင်တဲ့ မုန်တိုင်းကိုကာကွယ်နိုင်ဖို့ တချို့က နေရာရွှေ့ပြောင်း နေထိုင်နေကြပါတယ်။ အခုမုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကိုသာ ဦးတည်မှာဖြစ်လို့ ဧရာဝတီတိုင်းမှာ နေထိုင်ကြသူတွေ အထိတ်တလန့်ဖြစ်ပြီး မလိုလားအပ်တာတွေ မဖြစ်စေဖို့ကိုလည်း မိုးလေဝသ ခန့်မှန်းသူတွေက သတိပေးထားပါတယ်။

"မုန်တိုင်းတကယ်ဝင်နိုင်တဲ့ နေရာတွေကတော့ သေချာကြိုတင် ပြင်ဆင်ထားဖို့ လိုတာပေါ့နော်။ ဧရာဝတီတိုင်းကတော့ လက်ရှိအနေအထားအရ မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ မဖြစ်နိုင်တော့တာကို အရမ်းကြောက်လန့်နေမယ်၊ ကုန်စျေးနှုန်းတွေ တက်နေမယ်။ ဒါတွေ မဖြစ်အောင်လို့ ဧရာဝတီတိုင်းမှာ ဖြစ်နိုင်ခြေ အလားအလာက တော်တော်နည်းသွားပြီပေါ့နော်။ အခုလက်ရှိ နောက်ဆုံးတွက်ချက်မှု အရဆို ၂၉ ရာခိုင်နှုန်းပဲ ရှိတော့တာပေါ့။ ကျန်တဲ့ ရာခိုင်နှုန်းအားလုံးက ရခိုင်ပြည်နယ် မြောက်ပိုင်းကိုပဲ ဝင်တော့မယ်ပေါ့နော်။"

အခုအားကောင်းနေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မေလ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့်လည်း လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့ အတူ မြေပြိုတာလည်း ဖြစ်နိုင်ဖို့ ကုန်းမြင့်မှာနေထိုင်သူတွေကို သတိပေးထားပါတယ်။ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေလည်း ရေကြီး၊ ရေလျှံတာဖြစ်နိုင်လို့ သတိနဲ့နေထိုင်ဖို့ အသိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG