သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဘေး ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေ


(ဓာတ်ပုံ-မိုးလေဝသနဲ့ဇလေဗဒ)
(ဓာတ်ပုံ-မိုးလေဝသနဲ့ဇလေဗဒ)

ဘင်္ဂလားပင်လယ်အော်ထဲ ဖြစ်ထွန်းနေတဲ့ ဆိုင်ကလုန်းမုန်တိုင်းတခုဟာ မြန်မာကမ်းရိုးတန်းကိုဝင်ရောက်ပြီး ပြည်နယ် တိုင်းတချို့ကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ မိုး/ဇလ ခန့်မှန်းချက်တွေကြောင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်တာတွေ ရှိလာနေပါတယ်။ မြန်မာပြည်ရဲ့ ဘယ်နေရာ၊ ဘယ်ဒေသဆီ မုန်တိုင်းဘေး ကျရောက်နိုင်မလဲဆိုတာကိုတော့ ခန့်မှန်းဖို့ စောသေးတယ်လို့ မိုးဇလတာဝန်ရှိသူက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

မေလရဲ့ ဒုတိယရက်သတ္တပတ်ထဲမှာ ဖြစ်ပွားနိုင်ခြေရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အခုချိန်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေပါတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာနိုင်ပြီး မေလ ၉ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ မေလ ၁၀ ရက်နေ့၊ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်မယ်လို့ မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"လက်ရှိအနေအထားအရတော့ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်းက ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းပေါ့။ အဲတော့ နေရာအနေအထားအရ ဧရာဝတီ မော်တင်စွန်းရဲ့အနောက်တောင်ဘက် ပင်လယ်ပြင်ထဲမှာရှိတယ်။ အတိအကျတော့ ပြောလို့မရဘူး။ မုန်တိုင်းဘယ်ကိုသွားမယ်... အဖြစ်နိုင်ဆုံးကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်ကို သွားမယ်လို့တော့ မှန်းထားတယ်။"

အဲဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကနေ တဆင့် ဘင်္ဂလားဒေ့ရှ် - မြန်မာ ကမ်းရိုးတန်းဆီ ရွေ့လျားနိုင်တယ်လို့ မိုးဇလရဲ့ ခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။

"တကယ်တမ်းက မုန်တိုင်းဘေးဆိုတာ ကြိုတင်သိနိုင်တဲ့ဘေးပဲ။ မုန်တိုင်းစတင် သန္ဓေတည်တဲ့ အချိန်ကနေ ကမ်းကပ်တဲ့အချိန်ထိ ရက်ပေါင်း အနည်းဆုံး ၅ ရက်၊ ၆ ရက်လောက် ရတယ်။ အဲတော့ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်တာက အရမ်းစောဖို့လည်း မလိုဘူး။ ဘာလို့လဲဆိုတော့ ဘယ်နေရာသွားမလဲက ဘာမှပြောလို့မရဘူး။ မုန်တိုင်းတောင်မဖြစ်သေးဘဲ နာမည်ပေးပြီးတော့ ဘယ်သွားမယ်၊ ညာသွားမယ် ဆိုတာတွေပေါ့။ ကြိုတင်ပြင်ဆင်တာက မုန်တိုင်းဘယ်သွားမယ်ဆိုတဲ့လမ်းကြောင်းနဲ့ အနီးစပ်ဆုံးသိမှသာလျှင် ကြိုတင်ပြင်ဆင်မှုက လုပ်ရတာကောင်းမယ်။ အဲဒီတော့ ခုနကပြောသလို ပင်လယ်ပြင်မှာမုန်တိုင်းဖြစ်လာရင်တော့ ပုံမှန်အခြေအနေတော့ မဟုတ်ဘူး။ မုန်တိုင်းက ပြတ်ထွက်လာတဲ့တိမ်တိုက်တွေကြောင့် မိုးရွာတာ၊ လေပြင်းတိုက်တာတွေ ရှိနိုင်တယ်။ မုန်တိုင်းရဲ့ အရှိန်ပေါ့။"

ဆိုင်ကလုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာ အပါအဝင် မြေပြိုတဲ့အန္တရာယ်တွေဖြစ်ပေါ်လာနိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိရှိဖို့ မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနီးမှာ နေထိုင်သူတွေ အနေနဲ့လည်း ရေကြီး၊ ရေလျှံမယ့်ဘေးဖြစ်ပေါ်နိုင်လို့ သတိပြုနေထိုင်ဖို့ကို တိုက်တွန်းထားပါတယ်။

မုန်တိုင်းဘေးကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကြောင့် တချို့တွေကလည်း ကြိုတင်ပြင်ဆင်တာတွေ အခုရက်ပိုင်းထဲမှာ လုပ်ဆောင်လာပါတယ်။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်က ကြီးလေးကြီး လူမှုကူညီရေးအသင်းကလည်း သဘာဝဘေးအန္တရာယ် ကျရောက်လာရင်ကူညီနိုင်ဖို့ကို ကြိုတင်ဆောင်ရွက်ထားတယ်လို့ အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

"လက်ရှိအချိန်မှာ ကား ၅ စီးကိုတော့ ဆီဖြည့်ထားတယ်။ နောက်တခုက သစ်ပင်တွေ လေကြောင့်ကျိုးတာတို့၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ၊ သစ်ပင်ကြောင့် လမ်းပိတ်တာတွေတို့အတွက် ပြင်ဆင်ထားတာတွေ ရှိတယ်။ လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဝယ်ယူစုဆောင်းပြီးတော့ ကြိုတင်ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်ဗျ။"

လေကြောင်းနဲ့ ရေကြောင်း လုပ်ကိုင်သူတွေလည်း မုန်တိုင်းဘေး ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံနေရာအနှံ့မှာ မိုးရွာလာနိုင်ပြီး လျှပ်စီးမိုးကြိုးအန္တရာယ် ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင်တချို့ကလည်း ခန့်မှန်းထားပါတယ်။ မိုးရွာတဲ့အရှိန်ကြောင့် လာမယ့်ရက်တွေမှာ နေ့အပူချိန်လျော့သွားနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG