သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ အားပြင်းဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်ခံရနိုင်


(ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - မေ ၁၈၊ ၂၀၂၀)
(ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန - မေ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း Amphan ဟာ ဒီနေ့ ညနေပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့အဆင့်ကနေ စူပါဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာပြီး တစ်နာရီ ၁၃၅ မိုင်နှုန်းအထိ ရှိနေတဲ့သတင်းကို တင်ပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ စနေနေ့က ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကို ရောက်ရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ပြောင်းလဲခဲ့တာပါ။

ဒီကနေ့ ညနေပိုင်းမှာတော့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကနေ ပိုပြီးအားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“လက်ရှိကတော့ Super Cyclonic မုန်တိုင်းအဆင့်ကို ရောက်သွားပြီပေါ့နော်။ လေတိုက်နှုန်းကတော့ တစ်နာရီကို ၁၃၅ မိုင်လောက်ရှိတယ်။ အဲဒါကို သတင်းထုတ်ဖို့ ကျနော်တို့ တိုင်းထွာနေပါတယ်။”

တိုင်းထွာချက်တွေအရ ဆိုင်ကလုန်း Amphan ဟာ မြောက်ဘက်ကို ဦးတည်ရွှေ့လျားနေကြောင်းနဲ့ လာမယ့် ၂၀ ရက်နေ့မှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖွယ်ရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

"ခန့်မှန်းထားတဲ့အတိုင်းပဲပေါ့နော်။ လက်ရှိအချိန်အထိတော့ မပြောင်းသေးဘူး။ ၂၀ ရက်နေ့ည၊ ညပိုင်းလောက်မှာပေါ့။ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်အစပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစပ်လောက်ကနေပြီးတော့မှ ကမ်းကို ဖြတ်မယ်ပေါ့နော်။ ဒီ ကမ္ဘာမိုးလေဝသ၊ မုန်တိုင်းစင်တာကြီးတွေရဲ့ ခန့်မှန်းချက်တွေအရ အကုန်လုံးက တစ်ခုနဲ့ တစ်ခု မကွာဘူးပေါ့နော်။ အားလုံးလည်းပဲ တူညီပြီးသား နည်းနည်းလေးပဲ ကမ်းဝင်ဥစ္စာလေးတွေမှာ နည်းနည်းလေးပဲ အချိန်ကွာတယ်။ ကျန်တာ အကုန်နီးပါးအတူဖြစ်တဲ့အတွက်ကြောင့် လက်ရှိအနေအထားအရတော့ ခန့်မှန်းထားတဲ့ လမ်းကြောင်း မပြောင်းသေးဘူး။ ”

မုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးမတည်ပေမဲ့ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်အပါအဝင် ကမ်းရိုးတမ်းဒေသတွေဟာ မုန်တိုင်းအဝန်းအဝိုင်းထဲမှာ ကျရောက်နေတာကြောင့် သတိထားကြဖို့လည်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“ရခိုင်တို့ မြစ်ဝကျွန်းပေါ်တို့မှာတော့ မုန်တိုင်းတော့ တိုက်ရိုက် မကျရောက်ပေမဲ့ မုန်တိုင်းအရှိန်ကြောင့်ပေါ့။ ရခိုင်တို့ဆိုရင် အပေါ်တက်လာရင် အဝန်းအဝိုင်းထဲမှာ နည်းနည်းလေး ကျရောက်နေတဲ့အချိန်ကျတော့ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းပြင်းထန်မယ်ပေါ့။ အဲလို မိုးသက်လေပြင်းကျတဲ့အချိန်မှာလည်း မြေပြင်ရေပြင်လေဟာ တစ်နာရီ ၉၅ မိုင်လောက်အထိ တိုက်နိုင်တဲ့အနေအထားရှိတယ်ပေါ့နော်။ အဓိကကတော့ သူ့ရဲ့ အလုံးအထည်က အတော်လေး ကြီးတယ်။ ကမ်းရိုးတန်း တလျှောက်လုံး သတိထားနိုင်မှ ရမှာ။ သူရဲ့ဒီလှိုင်း ခန့်မှန်းချက်တွေမှာတော့ သူက မြစ်ဝကျွန်းပေါ်လောက်အထိမှာကို လှိုင်းက ၁၄ ပေ၊ ၁၅ပေလောက်အထိရှိမယ်။ နောက်ရက်တွေကျရင်။”

မုန်တိုင်းဦးတည်ချက်ဟာ လက်ရှိမြောက်ဘက်ကနေ အရှေ့မြောက်ဘက်ကို ပြောင်းမယ်လာရင် သတိထားဖို့ လိုအပ်သလို ဒီရက်ပိုင်းအတွင်း ပင်လယ်ပြင်ခရီးသွားတာ၊ ငါးဖမ်းတာတွေကို ရှောင်ရှားသင့်ကြောင်း သတိပေးပြောဆိုထားပါတယ်။

ဒီလ ၂၀ရက်နေ့ဝန်းကျင်မှာ မြန်မာပြည် တောင်ပိုင်းကို အနောက်တောင်မုတ်သုန်လေ စတင်ဝင်ရောက်မှာဖြစ်သလို မုန်တိုင်းအရှိန်ကြောင့်လည်း မွန်၊တနင်္သာရီ ကမ်းရိုးတန်းမှာ မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း၊ တစ်ခါတစ်ရံ မိုးသက်လေပြင်းဟာ ၃၄ မိုင်ကနေ မိုင် ၄၀ထိ တိုက်ခတ်နိုင်ကြောင်းနဲ့ မုန်တိုင်းကြောင့် မြန်မာပြည်အနှံ့ မိုးရရှိနိုင်သလို နေရာကွက်ကျား မိုးကြီးနိုင်တာကြောင့် တောင်ကျချောင်းတွေမှာ လျှပ်တပြက် ရေကြီးတာနဲ့ မြေပြိုတာတွေကို သတိထားဖို့ လိုကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနကတော့ ဆိုင်ကလုန်း Amphan ဟာ ဒီလ ၂၀ ရက်နေ့ နေ့ခင်း ၁၂ နာရီလောက်မှာ အနောက်ဘင်္ဂလားပြည်နယ်ကို ဝင်ရောက်နိုင်ကြောင်း ခန့်မှန်ထားသလို ထိခိုက်နိုင်တဲ့ဒေသက လူ ၁၁ သိန်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG