သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြီး (၄) ကြီး ဗျူးခဲ့တဲ့ ဌာနမှူးရဲ့ အနှစ်ချုပ်သုံးသပ်ချက်


VOA မြန်မာဌာနမှူး ဦသန်းလွင်ထွန်း နိုင်ငံခေါင်းဆောင်ကြီးများကို တွေ့ဆုံမေးမြန်း
VOA မြန်မာဌာနမှူး ဦသန်းလွင်ထွန်း နိုင်ငံခေါင်းဆောင်ကြီးများကို တွေ့ဆုံမေးမြန်း

ဒီတပတ်မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ တိုင်းပြည်အနာဂါတ်အရေးကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ လိုအပ်တယ်ဆိုတာ မြန်မာ့နိုင်ငံရဲ့ ကြီး (၄) ကြီးလုံး သဘောပေါက်ထားကြတာကို တွေ့ရတယ်။ တိုင်ရင်းသားတွေနဲ့ ထိတွေ့မှုမှာ တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည်ထက် အရေအတွက်အားဖြင့် ပိုသာနေတာ တွေ့ရှိရတယ်လို့ VOA မြန်မာပိုင်းဌာနမှူး က ပြောဆိုပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် တို့ (၄) ဦးကို တွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးသန်းလွင်ထွန်း ကို ဦးကျော်ဇံသာ က မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ကြီး (၄) ကြီး တွေ့ဆုံမယ့်အရေးကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတယ်။ တချို့က (၆) ပွင့်ဆိုင် တွေ့မယ်ဆိုပြီးတော့ တခါလုပ်လာပြန်တယ်။ ဒါကို နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က မဖြစ်နိုင်ဘူး။ ပိုပြီးကျယ်ပြန်တဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်မယ်။ ဘာညာအမျိုးမျိုး ပြောနေကြပါတယ်။ ဒါပေမဲ့ ကျနော် စဉ်းစားကြည့်တော့ ဘယ်လောက်ပဲတွေ့တွေ့ အဓိက အဆုံးအဖြတ်ပေးကြမှာ ဒီလေးယောက်လို့ ထင်ပါတယ်။ ပိုပြီးမှန်အောင် ပြောရရင် ဒီ (၄) ယောက် သဘောတူညီမှု ရှိရင်တော့ ကျန်တဲ့လူတွေနဲ့လည်း ပြေလည်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီ (၄) ယောက်လုံးနဲ့ တွေ့ခဲ့ရတဲ့ ဦးသန်းလွင်ထွန်း သူတို့နဲ့ ဆွေးနွေးစကားပြောခဲ့ရတဲ့၊ မေးမြန်းခဲ့ရတဲ့လူ။ ဒီ (၄) ယောက်ကြားမှာ သဘောတူညီမှု တစုံတရာ ရနိုင်တဲ့ အလားအလာ ရှိပါသလားခင်များ။

ဦးသန်းလွင်ထွန်း ။ ။ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးပြောနေကြတာက မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးကို တွေ့ဆုံညှိနှိုင်းပြီးတော့ အဖြေရှာရမယ်ဆိုတဲ့အချက်ကို (၄) ဦးစလုံးက ပြောကြတာပဲလေ။ လူဘယ်နှစ်ယောက်၊ ဘယ်နှစ်ဦး ဆုံညီတွေ့ဆုံကြမယ်ဆိုတာကတော့ ကွဲလွဲချက်လေးတွေ ရှိနေသေးတာပေါ့။ အထူးသဖြင့် နိုင်ငံတော်သမ္မတ နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က (၄) ဦးဆိုတာထက် အားလုံးတော်တော်များများကို ကိုယ်စားပြုတဲ့ အများကိုယ်စားပြုကို လိုလားတယ်။ တဖက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျနော့်ရဲ့ အင်တာဗျူးထဲမှာ ပြောထားတာရှိပါတယ်။ ဥပမာလေးတွေ ပေးတာက မြောက်အိုင်ယားလန်မှာ ကြိုတင်ဆွေးနွေးကြတဲ့ကိစ္စ။ တောင်အာဖရိကမှာ ဆွေးနွေးတဲ့ကိစ္စ။ ဒီကိစ္စမှာ ယုံကြည်ချက်အပြည့်နဲ့ဆိုရင် လူနည်းနည်းနဲ့ စနိုင်တယ်ဆိုရင် ပိုကောင်းမယ်။ နောက်ပိုင်းမှာ ပြန်တိုးကြမယ်ဆိုတဲ့သဘောမျိုးလေးတွေ ရှိပါတယ်။ အဲဒီတော့ ဘာပဲပြောပြော တွေ့ဆုံဆွေးနွေးပြီးတော့ ညှိနှိုင်းအဖြေရှာမယ့်ဆိုတဲ့ စိတ်ဆန္ဒအရင်းခံ ရှိနေကြတယ်လို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အကြောင်းအရာအားဖြင့် ကြည့်မယ်ဆိုရင် အဓိက မြန်မာနိုင်ငံမှာ သဘောတူညီဖို့ လိုအပ်နေတာက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ။ နောက်တခါ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်တောင်းဆိုမှုနဲ့ ပတ်သက်ပြီးတော့ ဒေသန္တရအာဏာပိုင်တွေကို အာဏာပိုပေးဖို့။ သူတို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအကြီးအကဲဝန်ကြီးချုပ်ကို သူတို့ပြည်နယ်က အမတ်တွေကိုယ်တိုင် ရွေးချယ်ခွင့် စသဖြင့်။ နောက်တခါ စီးပွားရေးလုပ်ပိုင်ခွင့် ပိုပေးဖို့။ အဲဒီအရေးတွေ ရှိနေပါတယ်။ ဆိုတော့ ဒီကိစ္စမှာ ပထမအကြောင်းဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့ ဒီ (၄) ယောက်ကြားမှာ သဘောတူမယ့် အလားအလာ တွေ့မိပါသလား။

ဦးသန်းလွင်ထွန်း ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလို့ ပြောတဲ့နေရာမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်ကို မြင်ကြတဲ့အမြင် သဘောထားတွေပေါ်မှာတော့ နည်းနည်းလေး ကွဲလွဲနေတာကို တွေ့ရတယ်။ ဥပမာအားဖြင့် နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ကဆိုရင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အချိန်အခါအလျောက် အများက သဘောတူညီထားခဲ့တဲ့ ပြီပြည့်စုံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသဘောမျိုး မြင်ကြတာရှိတယ်။ တဖက်ကတော့ လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းအနေနဲ့ကတော့ ပြုပြင်စရာလေးတွေ မြင်လာတဲ့အတွက်ကြောင့်မို့ ပြုပြင်ဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ ပြုပြင်မှ ဖြစ်မယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်။ ဒါပေမဲ့ အားလုံးအခြေအနေကို သုံးသပ်လိုက်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအားဖြင့် အထူးသဖြင့် ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်တဲ့အခါမှာ သပိက်မှောက်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်ပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်ဝင်လာတာတွေ။ နောက် တခြားအတိုက်အခံပါတီ အဖွဲ့အစည်းတွေက လွှတ်တော်အတွင်း နိုင်ငံရေးတွေမှာ ပါဝင်လာတာတွေကို ကြည့်မယ်ဆိုရင်တော့ De facto အားလုံးအနေနဲ့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြဌာန်းချက်တွေကို လက်ခံထားပြီ ဖြစ်တယ်ဆိုတာကတော့ ဒီအချိန်ကျမှ ငြင်းလို့တော့ မရတော့ဘူး။ အဲဒီတော့ ပြုပြင်စရာတွေကို ဘယ်လို ရှေ့တိုးပြီးတော့ လုပ်ကြမလဲဆိုတာကိုပဲ အားလုံးညှိကြဖို့ လိုမယ်လို့ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် က လူထုလက်မှတ်တွေ ကောက်ခံခဲ့တာ (၅) သန်းရတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတော့ တိတ်နေတဲ့အသံတွေကိုလည်း ကြားမှဖြစ်မယ်။ (၅) သန်းဆိုတာ ဘယ်လောက်မှ မဟုတ်ဘူးဆိုတာကို ပြောတာလည်း တွေ့ရပါတယ်။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည် က လူထုရဲ့ အင်အားကိုလည်း သုံးရမယ်။ လူထုကလည်း ဒီဟာကို နှိုးကြနေရမယ်ဆိုတဲ့ သဘောမျိုးပြောတာကို တွေ့ရပါတယ်။ ဆိုတော့ ဒါဟာ ထိပ်တိုက်ရင်ဆိုင်တိုးမယ်ဆိုတဲ့ စိန်ခေါ်မှုလို့များ အဓိပ္ပါယ်ကောက်နိုင်သလား။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်ကတော့ အဲဒီလို သိပ်မမြင်ဘူး။ ဒီလက်မှတ် (၅) သန်းကိစ္စကို လွှတ်တော်ထဲမှာ ဒီကိစ္စကို တစုံတရာ အရေးတယူ ဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်ပိုင်းမှာ ဆုံးဖြတ်ရမယ့်ကိစ္စတွေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ လုပ်ကြရမယ်ဆိုတဲ့သဘောမျိုး ပြောထားတာ ရှိပါတယ်။ အဲဒီတော့ ဒီပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ လူထုဆန္ဒခံယူပွဲဆိုတာကလည်း လွှတ်တော်ထဲမှာ အားလုံးက အတည်ပြုပြီးတော့ နိုင်ငံတော်အစိုးရက လက်ခံကျင်းပပေးမှ ဖြစ်လာမယ့်ကိစ္စပါ။ အဲဒီတော့ ဒါဟာ ရုတ်တရက် လက်ငင်းကြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာလိမ့်မယ်လိုတော့ ကျနော် မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတာကလဲ ကျနော့် အင်တာဗျူးထဲမှာ သိခဲ့ရသလောက်တော့ လူထုကို လမ်းမပေါ်ထွက်ပြီး ဆန္ဒပြပါတို့ အဲဒီလိုသဘောမျိုးတွေ မကြားခဲ့ရပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက တိုင်းရင်းသားကိစ္စ ဖြစ်ပါတယ်။ အခုဆိုရင် တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေး အလားအလာ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အလားအလာ။ အတော် အားနည်းသွားတယ်လို့ လူတိုင်းက တွက်ကြပါတယ်။ အခုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ကြည့်ပြီးတော့။ တကြိမ်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် က (၄) ပွင့်ဆိုင် တွေ့ဖြစ်ရင် တိုင်းရင်းသားတွေကို သူကိုယ်စားပြုပြီးတော့ ဆွေးနွေးနိုင်တယ်လို့ ပြောတယ်။ တချို့ တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း အပြည့်အဝ ဒီကိစ္စကို ပံ့ပိုးပေးတာကို မတွေ့ရပါဘူး။ ဆိုတော့ ဦးသန်းလွင်ထွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ သူဖက်က တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ဘယ်လောက် နားလည်းသဘောပေါက်နေလဲ။ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုနဲ့ ထပ်တူထပ်မျှ ရပ်တည်နိုင်မယ့် အခြေအနေ ရှိပါသလား။ အထူးသဖြင့် ဖယ်ဒရယ် တပ်မတော်တို့ဘာတို့ တိုင်းရင်းသားတွေက လုပ်နေကြတာလဲ ရှိတယ်။ စစ်တပ်ကတော့ အပြင်းအထန် ငြင်းထားတယ်။

ဦးသန်းလွင်ထွန်း ။ ။ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ကျနော် မေးတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တခုအပေါ်တော့ ကျနော် အံ့အားသင့်ခဲ့တာ တခုရှိပါတယ်။ နှစ်ဖက်စလုံးက မဖိတ်ဘူးဆိုတဲ့သဘော ကျနော်ကို ပြောပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျနော်တို့လည်း သိထားတာလေးတွေ ရှိပါတယ်။ အထူးသဖြင့် ဝန်ကြီးဦးအောင်မင်းတို့ ဦးဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခဲ့တာလေးတွေ ရှိပါတယ်။ တဖက်က တိုင်းရင်းသားအဖွဲ့အစည်း။ အထူးသဖြင့် ကချင်ဘက်က လက်မခံတဲ့အတွက် နောက်ပိုင်းမှာ ခဏဆိုင်းထားရတယ်ဆိုတဲ့ သတင်းမျိုးလေးတွေလည်း ရှိပါတယ်။ အဲဒါလဲ တဖက်က ဦးအောင်မင်းတို့ဖက်က ကျနော်ကို နောက်ပိုင်းမှာ အတည်ပြုတာလေးတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အခုလောလောဆယ် အခြေအနေအရေကတော့ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖြစ်လာဖို့ဆိုတာတော့ တော်တော်လေး ခက်ခက်ခဲခဲ ဖြစ်နေပြီလို့ ယူဆပါတယ်။ နိုင်ငံတော်အစိုးရ သမ္မတကနေ အစောပိုင်းမှာ ရည်မှန်းထားတယ် - ဒီနှစ်မကုန်မီမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ဆိုတာကတော့ ပြောရမယ်ဆိုရင်တော့ လုံးဝမဖြစ်နိုင်တော့ဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေပါပြီ။ အထူးသဖြင့် ကချင်ကိစ္စမှာဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောတဲ့ သဘောအရဆိုရင် တပ်ထဲမှာလည်း သူတို့ဖက်က အတော်လေး နာကြည်းချက်တွေ ရှိနေတယ်။ တဖက်နဲ့တဖက် ယုံကြည်မှုဆိုတာ တော်တော်လေး ပျောက်ကွယ်နေတဲ့ အနေအထားမှာ ရှိတယ်။ အထူးသဖြင့် အခုနောက်ပိုင်းမှာ ဖယ်ဒရယ်တပ်မတော်ဆိုပြီးတော့ တဖက်တိုင်းရင်းသားတွေက စုပြီးတည်ထောင်တဲ့အပေါ်မှာ မြန်မာတပ်မတော်ဖက်က ဒါကိုလုံးဝ မကျေနပ်ဘူးဆိုတဲ့ သဘောမျိုး ရှိနေတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေ တဖွဲ့ချင်းတဖွဲ့ချင်းဆီအနေနဲ့ သူတို့နဲ့ ဆွေးနွေးဖို့ဆိုတဲ့ သဘောကို မူသဘောအရ လက်ခံထားပေမယ့် တဖက်ကနေ ဖယ်ဒရယ်တပ်မတော်ဆိုပြီး ဖွဲ့စည်းလာတဲ့အခါကြတော့ တပ်မတော်ကလည်း သူတို့ကိုယ်သူတို့ ယူဆထားတာက ပြည်ထောင်စုတပ်မတော်။ တနည်းတဖုံအားဖြင့် ဖယ်ဒရယ်တပ်မတော်လို့ ယူဆထားတယ်။ တဖက်က တိုင်းရင်းသားတွေအဖွဲ့ကလဲ စုပေါင်းပြီး ဖယ်ဒရယ်တပ်မတော်ဆိုပြီး ထူထောင်မယ်ဆိုတဲ့သဘောမျိုး ဖြစ်နေတဲ့အခါကြတော့ တိုင်းပြည်ထဲမှာ တပ်မတော် (၂) ခု မရှိဘူးဆိုတဲ့ သဘောမျိုးကိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြတ်ပြတ်သားသား ပြောထားတာကို ကြားပါတယ်။ အဲဒီတော့ ဒီကိစ္စတွေက ဘယ်လောက်အထိ ထပ်ပြီးညှိနှိုင်းနိုင်အုံးမယ်ဆိုတာတော့ ကျနော်တောင် တော်တော်လေး ခန့်မှန်းရခက်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စမျိုးမှာ ဖယ်ဒရယ်တပ်မတော်ဖက်ကများ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဆွေးနွေးနိုင်စရာ ရှိမယ်လို့ ကျနော်တို့ စဉ်းစားရင် …

ဦးသန်းလွင်ထွန်း ။ ။ ဒီလိုတော့ ပြောရတာတော့ ခက်တယ်။ ဘာကြောင့်လဲဆိုတော့ ထိတွေ့မှုအပိုင်းမှာ ဒါက ကျနော်တို့ လက်တွေ့မြင်ရတဲ့အပိုင်းပေါ့။ တပ်မတော် ဒါမှမဟုတ် မြန်မာနိုင်ငံအစိုးရနဲ့ တိုင်းရင်းသားတွေရဲ့ ထိတွေ့မှုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့မှုထက်စာရင် ပိုတောင်များနေသေးတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ကျနော်တို့ တနေ့တနေ့ ကြားနေရတာက ကရင်ဖြစ်စေ၊ ကချင်ဖြစ်စေ၊ တခြားအဖွဲ့အစည်းတွေဖြစ်စေ မြန်မာနိုင်ငံအစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ ညှိနှိုင်းတာတွေ ကြားရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှု၊ ထိတွေ့မှုဆိုတာက တော်တော်လေး ကြားရခဲတဲ့ကိစ္စမျိုးလို ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုလို့။ ရွေးကောက်ပွဲ မတိုင်ခင် မဟာမိတ်ဖွဲ့စည်းမှုလို့ပဲ ဆိုကြပါစို့။ ပေါ်ပေါ်ထင်ထင် မဟုတ်ပေမဲ့ လူတော်တော်များများက သုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းက ပိုပြီးညီညွှတ်လာတယ်။ ဒီကိစ္စမှာ သမ္မတဦးသိန်းစိန်နဲ့ သူတို့နှစ်ဦးတို့ အတော်အလှမ်းဝေးလာတယ်လို့ သုံးသပ်ကြပါတယ်။ ဒီနေရာမှာ ကျနော် သိချင်တာက တကယ်လို့ ဖွဲ့စည်းပုံကို မပြင်ရင် ဒေါ်အောင်ဆန်းစုကြည် က သမ္မတဖြစ်ပိုင်ခွင့် မရှိဘူး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းကို ပံ့ပိုးပြီးတော့ သူနဲ့ ပူးတွဲပြီးတော့ ဆောင်ရွက်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲ။

ဦးသန်းလွင်ထွန်း ။ ။ ပြောပုံဆိုပုံ လွှတ်တော်ထဲမှာ မြင်နေရတဲ့ အနေအထားတွေအရဆိုရင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြားမှာ နီးစပ်မှု ပိုရှိနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းမရတဲ့ကိစ္စပါ။ နှစ်ဖက်စလုံးကလဲ ဒါကို ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေကို ပြောထားပါတယ်။ ဘယ်အနေအထားအထိ ပူးပေါင်းမလဲဆိုတာကိုတော့ ကျနော်တို့ မသိနိုင်ပါဘူး။ တဖက်မှာ ကျနော် စဉ်းစားမိတာကတော့ မြင်နေရတဲ့ အနေအထားအရဆိုရင် ကြံ့ခိုင်ရေးပါတီထဲမှာလဲ အနည်းဆုံး (၃) စုလောက် ကွဲနေတာကို တွေ့ရတယ်။ မြင်ရနိုင်တယ်ဆိုတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်းနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်မယ်ဆိုရင်တောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အစိတ်အပိုင်းတပိုင်းနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နိုင်လိမ့်မယ်ဆိုတဲ့ သဘောပဲ ရှိပါတယ်။ ကျန်တဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ဖက်မှာ ရှိနေတဲ့ အစုအဖွဲ့။ ဒါမှမဟုတ် တခြားကျန်ရှိနေသေးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးဖက်က အစုအဖွဲ့နဲ့ တပ်မတော်သား အစုအဖွဲ့တွေနဲ့ ညှိနှိုင်းနိုင်ဖို့က အခုအချိန်မှာ ဝေးနေသေးတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုကတော့ အခု ကြီး (၄) ကြီးအထဲမှာ အကြီးဆုံး (၂) ယောက်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ပါတယ်။ သူတို့ (၂) ယောက် တွေ့ဆုံတဲ့ကိစ္စဟာ အတော်လေး အထူးအဆန်းကိစ္စဆိုပြီး ဦးသန်းလွင်ထွန်း ဗမာပြည် မသွားခင်လေးတင် ဖြစ်ပျက်ခဲ့တဲ့ကိစ္စပါ။ အဲဒီကိစ္စကို ဦးသန်းလွင်ထွန်း ထပ်မေးတဲ့အခါ ဗိုလ်ချုပ်မှူးကြီးက မတင်မကျဖြေတယ် “ကျနော်
တွေ့စရာ ဘာပြောစရာ ရှိလို့လဲ ပြောတာ။ ကျနော် မတွေ့ဘူးလို့ ငြင်းတာ မဟုတ်ဘူး။ တွေ့ဖြစ်ရင်လဲ တွေ့မယ်” ဆိုပြီး သူဟာသူ မတင်မကျ၊ မပြတ်မသား ဖြစ်နေပါတယ်။ ဆိုတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်တွေ့လာနိုင်တဲ့ အလားအလာ ရှိပါသလား။ ဒေါ်အောင်ဆန်းစုကြည် က ဘာပြောလဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခဲ့တာ မရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို မေးတဲ့အခါမှာတော့ လောလောဆယ်အားဖြင့်တော့ နှစ်ဦးချင်း တွေ့ဖို့ဆိုတာကတော့ တွေ့စရာအကြောင်း မရှိသေးဘူးဆိုတဲ့ ပုံစံမျိုးပဲ ပြောပါတယ်။ ဒီနေရာမှာလဲ ဗိုလ်ချုပ်မှူးကြီဖက်က ကြည့်မယ်ဆိုရင်လဲ မှန်ကောင်းမှန်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုနေတဲ့ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို တပ်မတော်အနေနဲ့ လုံးဝလက်မခံနိုင်သေးဘူး အနေအထားမျိုး တင်းတင်းမာမာ ရှိနေသေးတယ်။ အလားတူပဲ (၄) ပွင့်ဆိုင် တွေ့ဆုံပွဲ ဆိုတဲ့ကိစ္စကိုလဲ သဘောမတူနိုင်သေးဘူးဆိုတဲ့ အနေအထားရှိနေတော့ ဒီအချိန်မှာ တွေ့လို့ရှိရင်လဲ သူဖက်က မလျှော့နိုင်သေးဘူးဆိုတဲ့ သဘောဖြစ်မှာပဲ။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ အချိန်နည်းနည်းလေး ပေးပြီးတော့ လာမယ့် လွှတ်တော်သက်တမ်းကာလ။ လာမယ့် အစိုးရသက်တမ်းကာလမှာမှ တွေ့လာကြမလားတော့ မပြောတတ်ဘူး။ ဒီအချိန်မှာတော့ ကျနော်တို့ နှစ်ဦးချင်း တွေ့ဆုံဖို့ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် ပြောသလို (၄) ပွင့်ဆိုင် တွေ့ဆုံပွဲဆိုတာကတော့ ဖြစ်နိုင်ချေ သိပ်မရှိဘူးလို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးဆိုပေမဲ့ နောက်ဆုံးတခု မေးချင်ပါသေးတယ်။ ကျနော်တို့ မီဒီယာတွေအပေါ်မှာ ဒီပုဂ္ဂိုလ် (၄) ဦးရဲ့ သဘောထား။ အရင်တုန်းကတော့ မီဒီယာဆိုတာ သိပ်အရေးမပါခဲ့သလို။ အခုတော့ (၄) ယောက်စလုံးက လိုလိုလားလား သူတို့ရဲ့ အတွေ့အကြုံ၊ သူတို့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ ဆိုတော့ အခု ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ မီဒီယာကို ဖိနှိပ်မှု များလာတယ်ဆိုပြီးတော့ မီဒီယာတွေဖက်က အော်နေကြတာတွေလဲ ရှိတယ်။ အဲဒီနှစ်ခုကို ဘယ်လို ယှဉ်ပြောလိုပါသလဲ။ သူတို့ဟာ သူတို့အကျိုးအတွက် တွေ့တာလား။ သို့မဟုတ် မီဒီယာကို တကယ်ပဲ ပွင့်ပွင့်လင်းလင်း ပြောသင့်ပြီလို့ သဘောပေါက်လာကြတယ်လို့ ထင်ပါသလား။

ဦးသန်းလွင်ထွန်း ။ ။ အားလုံးကတော့ သဘောပေါက်မှာပါ။ မီဒီယာကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့အချက်ကို။ ဒါပေမဲ့ (၄) ဦးစလုံးက မီဒီယာကို လိုအပ်သလိုတော့ ကောင်းကောင်း အသုံးချနိုင်စွမ်း မရှိသေးဘူးလို့ ကျနော် မြင်ပါတယ်။ သမ္မတကြီးအနေနဲ့လဲ လစဉ်မိန့်ခွန်းပြောတာ ရှိတယ်။ ဒါဟာ တဖက်သတ် မိန့်ခွန်း။ တိုင်းပြည်ကို အစီရင်ခံတဲ့သဘော။ ရံဖန်ရံခါမှာ သတင်းစာရှင်းလင်းပွဲလေးတွေ လုပ်တာရှိတယ်။ ဒီနေရာမှာလဲ ကျကျနန အသေးစိတ်လေးတွေကို မေးမြန်းမှုတွေ၊ ဖြေကြားနိုင်မှုတွေ မရှိဘူး။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လဲ ပြည်တွင်းမှာ ပြည်တွင်းမီဒီယာတွေနဲ့ ထိစပ်မှုဆိုတော အင်မတန် နည်းပါတယ်။ အင်မတန် နည်းတဲ့ဆိုတဲ့ နေရာမှာ သူမှာ လူထုဟောပြောပွဲတွေ လုပ်တာရှိတယ်။ သတင်းစာရှင်းလင်းပွဲလေးတွေမှာ တချို့မေးခွန်းလေးတွေကို တခွန်းစနှစ်ခွန်းစ ဖြေတာလေးတွေ ရှိတယ်။ ဒါပေမဲ့ မီဒီယာနဲ့ ကျနော်နဲ့ စကားပြောခဲ့သလို ကျကျနန ထိုင်ပြီး တွေ့ဆုံမေးမြန်းတာဆိုတာမျိုးက ပြည်တွင်းမီဒီယာတွေနဲ့ အတော်နည်းနေတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီကိစ္စမျိုးလေးတွေကို များများလုပ်သင့်တယ်လို့ ကျနော်တိုက်တွန်းလိုပါတယ်။

XS
SM
MD
LG