သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီလူးဝင်စားနေတဲ့ ကျောက်စိမ်းမြေ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အဓိကအားထားစရာ ကျောက်စိမ်းသယံဇာတကို အခုအခိုက်အတန့်မှာ တူးဖေါ်ယူငင်နေကြတာဟာ ကိုယ်ကျိုးရှာ လောဘဇောသမားတွေရဲ့ ရုပ်ပျက်ဆင်းပျက်နိုင်လှတဲ့ လုပ်ရပ်ဖြစ်သလို တိုင်းပြည်အတွက်လည်း အထူးနစ်နာစေပါတယ်။ ဒီလုပ်ရပ်ကို အခြေအနေအရ လျစ်လျူ ရှုထားသင့်ကြပါသလား၊ ဘယ်ပုံဘယ်နည်းတွေနဲ့ ဟန့်တားသင့်သလဲဆိုတာ ကချင်ဒေသခံ သတင်းသမားတွေ ဖြစ်ကြတဲ့ ကိုဇော်မိုးထက်၊ ကိုနော်ဒင်းတို့ နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ကချင်ပြည်နယ်က ဒေသခံ သတင်းသမားနှစ်ဦးကို ကျနော် ဖိတ်ခေါ်ရတာကတော့ ကချင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို အဓိက ဆွေးနွေးချင်လို့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်း။ အင်မတန် တန်းဖိုးရှိလှတဲ့ မြန်မာ့ရတနာသိုက် ကျောက်စိမ်းလုပ်ငန်းကို အခုတလော တူးဖော်နေကြတာ စည်းမဲ့ကမ်းမဲ့၊ ဗရမ်းဗတာ ဖြစ်နေပါတယ်။ တိုင်းပြည်အတွက် အင်မတန် ရင်လေးစရာပါ။ ဘာစည်းကမ်းမှ မရှိဘဲ ဗုံးပေါလအော လုပ်နေကြတယ်။ “ဘီလူး ဝင်စားနေကြသလို” ဖြစ်နေပြီ။ ဆရာတို့ဟာ ဒေသခံ သတင်းသမားတွေဆိုတော့ အခြေအနေကို ပိုသိမယ်လို့ ထင်ပါတယ်။ လူတချို့က သုံးသပ်ကြတယ်။ ရွေးကောက်ပွဲပြီး အာဏာလွှဲပေးဖို့ (၃) လ အလိုမှာ အကုန်လုံးကုန်အောင် ရှင်းနေကြတာလို့ ပြောကြပါတယ်။ ကိုဇော်မိုးထက် ဘယ်လို သုံးသပ်မိပါလဲ။ ဘာကြောင့် ဒီအချိန်မှာ ပိုပြီးတော့ စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ ထင်သလိုရမ်းပြီး ထုတ်နေကြလဲ။

ကိုဇော်မိုးထက် ။ ။ ကျနော် မြင်တာကတော့ လက်ရှိ သူတို့ရဲ့ လှုပ်ရှားမှု - ကျောက်စိမ်းတူးဖော်ရေး လှုပ်ရှားမှုတွေက မြန်လာတယ်။ မြန်လာတယ်ဆိုတာ အရင်နှစ်တွေနှစ်တွေမှာ ဒီလိုပဲ တူးကြတာမှန်တယ်။ ဒီဘက်တွေမှာ ကျနော်တို့ ဘာတွေ သတိထားလာမိလဲဆိုရင် နံပတ် (၁) ရွေးကောက်ပွဲကလဲ NLD ပါတီက အနိုင်ရသွားတယ်။ နောက်ပြီးတော့ ရာသီချိန်လည်း ရောက်လာတယ်။ ရှေ့မှာလဲ စစ်ပွဲတွေ ဖြစ်ထားတော့ နားထားတာလဲတကြောင်း။ အဲဒီအတိုင်းအတာမှာ သူတို့ သွင်းလာတဲ့ ကားကြီးတွေက ကျနော်တို့ ဖားကန့်မှာ အကြီးဆုံးမြင်ဖူးတာက …. ဆိုရင် (၂၀၀၀) ပဲ မြင်ဖူးတာ။ (၂၀၀၀) အမြင့်ဆုံး - caterpillar (၃၂၀) ဆိုရင် အရမ်းကြီးနေပြီ။ စက်ကြီးက အရမ်းကြီးတယ်ပေါ့။ အခု … မှာ လက်ရှိ ရပ်ထားတဲ့ အမျိုးအစား ပါဝါက ဘယ်လောက်မြင့်သလဲဆိုရင် (၉၁၅၀) ရှိတယ်။ အဲဒီတော့ (၃၂၀) နဲ့ (၉၁၅၀) … တစီးရဲ့ အင်ဂျင်ပါဝါ ဘယ်လောက်ကွာသလဲဆိုရင် ဒါမျိုးတွေပေါ့။ နောက်ပြီးတော့ မြေစာသယ်ဖို့အတွက် အသုံးပြုမယ့် ကားတွေက နေ့စဉ်နဲ့အမျှ အစီးလိုက်အစီးလိုက်၊ အတန်းလိုက်အတန်းလိုက် နောက်ဆုံးအဆင့် ဖားကန့်လမ်းကြောမှာ လမ်းတွေပိတ်တဲ့အထိ ဖြစ်သွားတယ်။ အခု လှုပ်ရှားတာကြီးက အရင်တုန်းက ကျနော်တို့ မျက်စိရှေ့မှာ မြင်တွေ့ရတဲ့ တောင်တွေဆိုရင် တောင်တလုံးကို (၃) လ တူးရင်တူးရမ်ယ်၊ (၄) လ တူးရင်တူးရမယ်။ အခုဟာက တကယ်မြင့်တဲ့ တောင်တွေဆိုရင် နေ့ချင်းညချင်းကြီး တူးတဲ့နှုန်းက မြန်တဲ့အတွက်၊ ကုန်သွားတဲ့အတွက် ဒီဟာကြီးတွေကို ဒီလိုမျိုး လုပ်ပြစ်လိုက်တော့ ကျနော်တို့ ဒေသခံတွေက ရင်ထဲမှာ မကောင်းဘူး။

ဦးကျော်ဇံသာ ။ ။ ဒေသခံတင်မကဘူး၊ မြန်မာပြည်သူတွေကော သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ ဘယ်လူသားကမှ ဒါကိုကြည့်လို့ စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ လူတိုင်း စိတ်ဆင်းရဲရမယ့် ကိစ္စပါ။ ဘာဖြစ်လို့ ဒီလောက်တောင်မှ သူတို့ လောဘဇောတက်ပြီး ဒီအချိန်မှာ တူးနေရသလဲ။ တချို့က သုံးသပ်ကြတယ် မဟုတ်လား။ အာဏာမလွှဲပေးခင်မှာ အပြောင်းရှင်းမယ်ဆိုပြီး လုပ်နေကြတယ်ဆိုတော့ အဲဒီ သဘောမျိုး သုံးသပ်နေကြတာကို ဘယ်လို သဘောရပါလဲ။ အဲဒါကော ဖြစ်နိုင်လား။

ကိုဇော်မိုးထက် ။ ။ ကျနော်တို့ကတော့ အဲဒီလိုပဲ ထင်တာ။ ကျနော်တို့ ထင်တာကတော့ အဲဒီလိုပဲ။ သူတို့ဘက်က complain တက်လာစရာကတော့ အခုန ကျနော် ပြောတာမျိုးလေးတွေပေါ့။ (၃) နှစ်လောက် နားထားရတာရှိတယ်။ ဘယ်လို ဘယ်လိုမျိုး သက်တမ်းမကုန်ခင်လေးမှာ ဘယ်လို တူးရတာပေါ့။ လုပ်ငန်းရှင်တွေဘက်က complaint တက်လာစရာ။ ဒါပေမဲ့ ခက်တာက ဒီကျောက်စိမ်း တူးဖော်မှုမှာ ဘယ်လို စည်းမျဉ်းဥပဒေတွေနဲ့ ဘယ်လို မူဝါဒတွေနဲ့ တူးသလဲဆိုတာ ကျနော်တို့ ပြည်သူလူထုက ဘာမှန်း မသိရဘူး။ ပွင့်လင်းမြင်သာမှု ဘာမှ မရှိဘူး။ ဆိုလိုတာက အခု … ပြောထားတာရှိတယ်။ ဖားကန့်ဒေသမှာ ကုမ္ပဏီပေါင်း (၈၅၀) နဲ့ မြေဧကပေါင်း (၂) သောင်းကျော်နဲ့ လုပ်ကွက်ပေါင်း (၈) ထောင်ကျော်ကို တူးနေတယ်တဲ့။ ကျနော် ပြောပြတယ် ဒါက စာရင်းဇယားပဲရှိတာ။ ကုမ္ပဏီတွေက တိတိကျကျ တူးကြလား။ ကျနော်တို့ အကြမ်းမျဉ်း သိထားတာ (၂၀၀) ပတ်လည်ရှိတယ်။ အခု (၁) တောင်လုံးကုန်အောင် တူးနေတယ်လေ။ ဘယ်လို တိုင်းထားလဲ။ ဘယ်သူ တိုင်းတာလဲ။ ဘယ်လို ပုံစံမျိုး လုပ်နေတာလဲ။ လက်ရှိ ဒေသအာဏာပိုင်တွေနဲ့ ဒေသလုပ်ပိုင်ခွင့်ရှိတဲ့ လူတွေ နဲ့ ကုမ္ပဏီ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေ လက်ဝါးရိုက်ပြီး လုပ်နေတဲ့ အကွက်တွေက အများကြီးရှိတယ်။ သဘောတခု ပြောပြတာပါ။

ဦးကျော်ဇံသာ ။ ။ ကိုဇော်မိုးထက် လာကြည့် မြင်လို့က ဒီလူတွေက မတော်လောဘနဲ့ အဆမတန် တူးဖော်နေကြတယ်။ စည်းမဲကမ်းမဲ့ လုပ်နေတယ်။ ဗရမ်းဗတာ ဖြစ်နေတာကို သိလို့ကရော ဟန့်တားနိုင်မယ့် အမိန့်အာဏာ ဘယ်သူရှိမှာ ရှိမလဲ။ ကိုနော်ဒင်း သဘောပြောပါအုံး။

ကိုနော်ဒင်း ။ ။ အခုလောလောဆယ်ကတော့ လုံးဝ ဆီးတားလို့ မရတဲ့ အခြေအနေ။ တဘက်မှာလဲ ကျနော်တို့ ဖားကန့်ဒေသမှာ အခြေစိုက်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ တိုင်း (၆) အနေနဲ့ကလဲ အခုလိုမျိုး နိုင်ငံရေး အကူအပြောင်း အခြေအနေမှာ သူတို့လဲ စစ်ရေးအရ တတ်နိုင်ဆုံး ရှောင်ထားတဲ့ အခြေအနေ။ အဲဒါကြောင့်မို့ ဘယ်သူမှလဲ လောလောဆယ် ဆီးတားလို့ မရတဲ့ အခြေအနေမှာ ရောက်နေတယ်။ ဘာကြောင့် ဒီလို ရောက်သလဲဆိုရင် ဖားကန့်ဒေသနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကတော့ နေပြည်တော် စီးပွားရေး အရာရှိတွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေ ဖြစ်တယ်။ အဲဒါကြောင့်မို့ အခု ကျနော်တို့ စိုးရိမ်တာက နိုင်ငံမှာ ဘာမှ တိုးတက်မှု မရှိဘူး။ ကချင်ပြည်နယ်လည်း ပိုပြီးတော့ ဆင်းရဲလာတယ်။ ကချင်ပြည်သူလူထု သာမက တနိုင်ငံလုံးက ပြည်သူလူထုတွေက တကယ်ပဲ နစ်နာတယ်။ ဖားကန့်က ကုန်သွားပေမယ့် တကယ် လူထုတွေရဲ့ ဘဝအခြေအနေတွေ တိုးတက်လာရင်တော့ သိပ်ကိစ္စ မရှိဘူး။ လောလောဆယ်ကတော့ ဘယ်သူမှ လူထုအခြေအနေက တတိုင်းပြည်လုံး အခြေအနေက အရမ်းစိုးနေတယ်။ ကျနော်တို့ တကယ် လေ့လာထားတဲ့ သတင်းအရဆိုရင်တော့ ကျောက်စိမ်းကနေပြီးတော့ နေပြည်တော်မှာရှိတဲ့ စစ်တပ်အရာရှိတွေက သူတို့ရဲ့ မိသားစုဝင်ငွေအတွက် အကြီးမားဆုံး သူတို့ရတာကတော့ ဖားကန့်က ဖြစ်တယ်ဆိုတာ ကျနော်တို့ သိရတယ်။ ဥပမာ ထိုင်းနိုင်ငံကို ဂတ်စ်တွေ ရောင်းတယ်။ သဘာဝဓါတ်ငွေ့တွေ ရောင်းတယ်ဆိုတာကတော့ အစိုးရရဲ့ တရားဝင် ဝင်ငွေထဲမှာ သူတို့ ဝင်လာတယ်။ ဒါပေမဲ့ ဖားကန့်ကတော့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အများကြီး သူတို့ရတဲ့ နေရာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဒါက နေပြည်တော်က အာဏာရှိ အသိုင်းအဝိုင်းပေါ။ ဒါပေမဲ့ ကျနော် သိချင်တာက ဒီဟာကို ဘာကြောင့် မဟန့်တားနိုင်ရလဲ။ ဥပမာအားဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့အနေနဲ့ကော ဒီကိစ္စမှာ ဘာကြောင့် သူတို့နယ်မြေ ဖြစ်တယ်။ ဒီကိစ္စမှာ သူတို့ ငြိမ်းချမ်းရေးအစိုးရနဲ့ ဆွေးနွေးမှုတွေနဲ့ လုပ်နေတယ်။ ဒီကိစ္စကို အဓိကထားပြီး ဆွေးနွေးနိုင်တဲ့ အနေအထား မရှိဘူးလား။ ကချင် လွတ်မြောက်ရေးအဖွဲ့ အနေနဲ့ ခရိုနီတွေဆီက အခွန်ငွေယူပြီးတော့ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ပေးထားတယ်ဆိုတာလဲ ကြားရပါတယ်။ အဲဒါက..

ကိုနော်ဒင်း ။ ။ အဲဒါကတော့ မှန်ပါတယ်။ ကေအိုင်အေ ကတော့ သူတို့ ဖားကန့်သာ မဟုတ်ပါဘူး။ တခြား တနိုင်း၊ ပယင်းဘော အားလုံး သက်ဆိုင်ရာ လုပ်ငန်းရှင်အားလုံးကတော့ အခွန်ကတော့ ကောက်ပါတယ်။ ဒီလို ကောက်ဖို့အတွက်လဲ အရင်က အစိုးရကိုလည်း ပြောပြီးသာဖြစ်တယ်။ ကေအိုင်အေ က လောလောဆယ် ဘာဖြစ်လို့ ဟန့်တားလို့ မရဘူးလဲဆိုတော့ အစိုးရက ကေအိုင်အေ ကို အရမ်းတိုက်ခိုက်ပြီးတော့ တဘက်မှာ နိုင်ငံရေးအရ အသုံးချချင်တယ့် ပုံစံက အရမ်းမြင်သာတယ်။ ကေအိုင်အေ ဗဟိုဌာနချုပ်တွေ၊ လိုင်းဇာ ပတ်ဝန်းကျင်သာမက တော်တော်များများမှာလည်း ကေအိုင်အေ ကို ရန်ရှာခဲ့တာမျိုးတွေ အများကြီး ရှိလာတယ်။ အခုလောလောဆယ်တော့ ပိုပြီးတော့ ရန်ရှာတယ့် ပစ်ခတ်မှုတွေ အများကြီးပေါ့။ အဲဒီသဘောကတော့ ကေအိုင်အေ က ထပ်ဖြစ်လာလို့ရှိရင် အကြီးအကျယ် ပစ်ပြီးနောက် ကေအိုင်အေ က ဒီလိုမျိုး ငြိမ်းချမ်းရေးကို ဖျက်ဆီးတယ်။ အစိုးရ အကူအပြောင်းကာလမှာ ကေအိုင်အေ ဖျက်ဆီးတယ်ဆိုပြီးမှ ဥပမာ NLD ကို အာဏာလွှဲပြောင်းဖို့ ကိစ္စတွေမှာ နှောင့်နှေးတာမျိုး အဲဒီလိုမျိုး။ အဲဒါကို ကေအိုင်အေ က စိုးရိမ်တဲ့အတွက်ကြောင့် လောလောဆယ် ကေအိုင်က အတတ်နိုင်ဆုံး ရှောင်ခဲ့တာ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ လုံလောက်ပါတယ်။ ကျနော် တခုမေးချင်တယ်။ နိုင်ငံရေးကိစ္စဆိုတော့ ကိုဇော်မိုးထက် နိုင်ငံရေးအားဖြင့် အခု အာဏာလွှဲပြောင်းရေးကိစ္စကို နှောင့်နှေးသွားမှာ ဟိုဘက်က တွန့်ဆုတ်သွားမှာစိုးလို့ပြီးတော့ ရပ်ဆိုင်းပေးရတယ်ဆိုတာ ကိုနော်ဒင်းလည်း ပြောတယ်။ လူတော်တော်များများလည်း ပြောတယ်။ အဲဒီလို ရပ်ဆိုင်းထားသင့်သလား။ တကယ်ကော အဲဒီလို ဟုတ်နေပါလား။ နိုင်ငံရေးအရ ကျနော့်ရဲ့ မိတ်ဆွေ သတင်းသမားကြီးတယောက် ပြောသလို “အရူးကို ချော့ပေါင်းနေရသလို” အဲဒီလို အခြေအနေများ တကယ် ရှိနေပါလား။ ဒီကိစ္စကို လက်ပိုက်ကြည့်နေရတာ။

ကိုဇော်မိုးထက် ။ ။ တစိတ်တပိုင်းတော့ သက်ဆိုင်မှာပေါ့။ လုံးလုံးလျားလျားကြီးတော့ မသက်ဆိုင်ပါဘူး။ တစိတ်တပိုင်းတော့ သက်ဆိုင်တယ်။ ဒီဟာက ဘယ်လို ဖြစ်နေသလဲဆိုတော့ အကျိုးစီးပွားနဲ့ အများကြီးဆိုင်နေတယ်။ သူတို့ကတော့ အကျိုးစီးပွားအတွက် ရရင်ရသလောက် ယူမယ်လုပ်မယ် အဲဒါပဲ ဖြစ်မယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာက မြစ်ဆုံကိစ္စတုန်းက တတိုင်းပြည်လုံးက ပြည်သူလူထုတွေ၊ စာရေးဆရာတွေ၊ တတ်သိပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ အကုန်လုံး ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့အတွက် မြစ်ဆုံကိစ္စက ရပ်ဆိုင်းသွားရတယ်။ ဆိုင်းငံ့သွားရတယ်။ ယုတ်စွအဆုံး။ ဒီကိစ္စမှာ ဘာကြောင့် မဖြစ်နိုင်ဘူး ထင်ပါလဲ။

ကိုနော်ဒင်း ။ ။ ကေအိုင်အေ ဆန္ဒကတော့ ဖားကန့်မှာ ရပ်ဆိုင်းထားဖို့တော့ ရည်ရွယ်ချက် မရှိဘူး။ ဒါပေမဲ့ ကုမ္ပဏီကြီးတွေနဲ့ သက်ဆိုင်ရာ လူတစုလောက်ပဲ ကောင်းစားတာ၊ သူတို့ပဲ တိုးတက်သွားတာကို ကေအိုင်အေ ဘက်ကတော့ ဆန္ဒမရှိဘူး။ သာမန်လူထုတွေအားလုံး၊ တနိုင်တပိုင် လုပ်ငန်းတွေကို လုပ်ပြီးမှ သူတို့ မိသားစု တိုးတက်လာမှာကိုတော့ ကေအိုင်အေ ဘက်က လိုလားတာကိုတော့ မြင်ရပါတယ်။ ဘာကြောင့် အဲဒီလိုမျိုး ကုမ္ပဏီကြီးတွေကို ပစ်လို့မရဘူးလဲ အဓိကတော့ စစ်တပ်က ဖားကန့်ကို ကိုင်နေတာ ဖြစ်တယ်။ အဓိကတော့ သူတို့ရဲ့ ထိပ်ပိုင်းစစ်တပ်နဲ့ နေပြည်တော် အရာရှိတွေရဲ့ ကိုယ်ပိုင်ဝင်ငွေရတဲ့ နေရာလည်းဖြစ်တော့ သူတို့က စစ်အင်အား အလုံးအရင်းသုံးပြီးတော့ ဒီလုပ်ငန်းကို လုပ်နေတဲ့အတွက်ကြောင့်ပါ။

ဦးကျော်ဇံသာ ။ ။ ကိုဇော်မိုးထက်ခင်များ … အခု ဘာကြောင့် လူအင်အားနဲ့ ကန့်ကွက်နိုင်တဲ့ အခြေအနေ မရှိဘူးလို့ ထင်ပါလဲ။

ကိုဇော်မိုးထက် ။ ။ လူထုအင်အားနဲ့ တိုက်ရင် ဘာဖြစ်လို့ မရရမှာလဲ။ ရတာပေါ့။ ဒါပေမဲ့ တချက်က စဉ်းစားစရာ ရှိတာက မြစ်ဆုံက ဘာဖြစ်လဲဆိုရင် မြစ်ဆုံရေကာတာနဲ့ ပတ်သက်တဲ့ ဝင်ငွေက အကုန်လုံး နိုင်ငံတော်ကို တရားဝင်စာရင်း ပြရတယ်။ ကျောက်စိမ်းထဲမှာပါတဲ့ ရတဲ့ အကျိုးအမြတ်တွေက နိုင်ငံတော်ကို တရားဝင်စာရင်းပြတာက ရာခိုင်နှုန်း အင်မတန်နည်းတယ်။ ရာခိုင်နှုန်း အင်မတန်နည်းလား၊ မနည်းသလား ဆိုတာကတော့ Global Witness က ပြောပြထားတာကို အားလုံး သိကြမှာပေါ့။ အခုလဲ အဲဒီလို ဖြစ်ကြတော့ ကျောက်စိမ်း တူးဖော်ရေးက ရတဲ့ပိုက်ဆံတွေကို သူတို့ သပိတ်ဝင်အိတ်ဝင် ဝင်နေတဲ့ဟာတွေ။ ဝင်တဲ့ဟာဖြစ်တော့ တခြား သဘာဝဓါတ်ငွေ့ရှိတယ်။ ရေနံ ရှိတယ်။ အဲဒါတွေက ရတဲ့ဟာတွေကြတော့ နိုင်ငံတော်အသုံးစရိတ်၊ တခြား စစ်အသုံးစရိတ်တို့ ဘာညာ သုံးကြတယ်။ ကျောက်စိမ်းက ရတဲ့ငွေကြတော့ ပြပွဲလောက်ကို ပြတဲ့ ဝင်ငွေလောက်ပဲ ပြတယ်။ ဒီကြားထဲမှာ တရုတ်ပြည် တခြားလမ်းတွေက ထွက်သွားတဲ့ ကျောက်စိမ်းတွေက ပြပွဲကိုပြတဲ့ ကျောက်စိမ်းရဲ့ အပုံတစ်ရာလောက် ရှိတယ်။ ပြပွဲမှာ ပြတဲ့ကျောက်စိမ်းက ရေမဆေးလောက်က တင်တဲ့ကျောက်မျိုးလောက်ပဲရှိတယ်။ အဲဒီလိုမျိုးဆိုတော့ ဒီဟာ အဓိက ပြည်သူလူထု။ ကေအိုင်အေ က တားလို့မရဘူးလားဆိုတော့ ကေအန်အေအဖွဲ့အနေနဲ့လဲ တကယ်တမ်း တားမယ်ဆိုလို့ရှိရင်လဲ ထိရောက်အောင် မတားနိုင်ဘူး။ တကယ် ထိထိရောက်ရောက် တားမယ်ဆိုရင် လုပ်ကွက်ဧရီယာတွေမှာ တိုက်ပွဲတွေ ထပ်ဖြစ်မှာပဲ။ တိုက်ပွဲတွေ ထပ်ဖြစ်ရင် ဒေသခံပြည်သူတွေ သေကြအုံးမှာပဲ။ အဲဒီလိုမျိုးဆိုတော့ မလွယ်ဘူး။ အလွယ်ဆုံးနည်းကတော့ မြစ်ဆုံမှာ တားမြစ်သလို မြန်မာနိုင်ငံမှာရှိတဲ့ ပညာရှင်တွေအားလုံးပါပြီး ဒေသခံပြည်သူတွေနဲ့ နိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေ ဝိုင်းဝန်းပြီးတော့ တောင်းဆိုကြရင်ဖြင့် အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

XS
SM
MD
LG