ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိလိုက်ပေမယ့် ဗျူရိုကရေစီ ယန္တရားတခုလုံးကို စစ်တပ်က ချုပ်ကိုင်ထားတာ အပါအဝင် အာဏာကြီးစိုးထားဆဲ ဖြစ်တဲ့အတွက် တခြမ်းပဲ့ ဒီမိုကရေစီအဖြစ်နဲ့ပဲ ဆက်လက် ခရီးသွားရလိမ့်အုံးမယ်လို့ မြန်မာ့အရေးသုံးသပ်သူ သမိုင်းပညာရှင် ဒေါက်တာအောင်ခင် က သုံးသပ်လိုက်ပါတယ်။ ဒေါက်တာဦးအောင်ခင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားပါပြီ။ ရွေးကောက်ပွဲမှာ ပြည်သူတွေက ဒီမိုကရေစီ ဖော်ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် နိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အများကြီး တွေ့နေရပါပြီ။ လူတွေကတော့ ဒီမိုကရေစီ ဖြစ်ထွန်းတော့မယ်ဆိုပြီးတော့ မျှော်လင့်နေကြတယ်။ ဆရာ ဘယ်လို သုံးသပ်လိုပါလဲ။ အခုအခြေအနေက ဒီမိုကရေစီ ခရီးအစ ဘယ်လောက် အလှမ်းဝေးနေပါသေးလဲ။
ဦးအောင်ခင် ။ ။ လွတ်လပ်ပြီးတော့ အနှောင့်အယှက် ကင်းမဲ့တဲ့ ရွေးကောက်ပွဲမှာ အရပ်သားနိုင်ငံရေးပါတီ အနိုင်ရတယ်ဆိုတာ အင်မတန် ဝမ်းသာစရာကောင်းတာပေါ့။ ဒီဥစ္စာက ကျနော်တို့ ဗမာပြည်မှာ ဖြစ်တောင့်ဖြစ်ခဲပါ။ အရင်တုန်းကလဲ ရှိခဲ့ပါတယ်။ ၁၉၆၀ သန့်ရှင်း ဖဆပလ နဲ့ တည်မြဲ ဖဆပလ ကွဲတဲ့အချိန်မှာ ရွေးကောက်ပွဲ လုပ်တဲ့အခါမှာ တည်မြဲ ဖဆပလ က စစ်တပ်နဲ့ ပတ်သက်တယ်။ သန့်ရှင်းက မပတ်ဘူးဆိုတော့ အဲဒီမှာ ၁၉၆၀ ရွေးကောက်ပွဲမှာ ဦးနုရဲ့ ပါတီက အပြတ်အသတ် နိုင်သွားတယ်။ အရပ်သားပါတီ အောင်ပွဲခံတာပေါ့။ အဲဒီတုန်းကလဲ နောက်ဆုံး ဦးနု က စစ်တပ်ကို သိမ်းသွင်းစည်းရုံးဖို့ အားနည်းတဲ့အတွက် နောက်ဆုံးပိတ်မှာ အာဏာရပြီးတော့ (၁) နှစ် (၂) နှစ် နေပြီးတော့ စစ်တပ်က ဗိုလ်နေဝင်းတို့ အာဏာသိမ်းတာပေါ့။ အာဏာသိမ်းတဲ့အကြောင်းတွေကတော့ အမျိုးမျိုး ပြထားတာတော့ ရှိတာပေါ့။ ယုတ်တိရှိတာလဲရှိတယ်။ မရှိတာလဲ ရှိတယ်။
ဦးကျော်ဇံသာ ။ ။ အခုကော ဆရာ ဘယ်လိုမြင်ပါလဲ အဲဒီတော့။ အခုလဲ စစ်တပ်ထောက်ခံတဲ့ပါတီက ရှုံးနှိမ့်ပြီးတော့ အရပ်သားပါတီက အပြတ်အသတ် နိုင်တယ်ဆိုတော့။ ဘယ်လောက် တည်မြဲနိုင်မယ့် အခြေအနေ ရှိပါလဲ။ စစ်တပ်ကို စည်းရုံးသိမ်းသွင်းနိုင်မယ့် အလားအလာ ဘယ်လောက် ရှိနေတယ်လို့ ဆရာ သုံးသပ်ပါလဲ။
ဦးအောင်ခင် ။ ။ အဲဒီတုန်းနဲ့ အခုဟာနဲ့ဆိုရင်တော့ နှစ်ပေါင်း (၅၅) နှစ် ရှိသွားပြီးပေါ့။ ကြားထဲမှာ တခါရှိသေးတယ်။ ၁၉၉၀ မှာ အရပ်သားပါတီက အပြတ်အသတ်နိုင်ပြီး၊ စစ်တပ် ထောက်ခံတဲ့ပါတီက ခွက်ခွက်လန်အောင် ရှုံးသွားတယ်။ အဲဒီတုန်းကလဲ စစ်တပ်က နောက်မဆုတ်ဘဲနဲ့ အာဏာသိမ်းလိုက်တာ စစ်အာဏာရှင် အနှစ် (၂၀) ကျော် အုပ်ချုပ်သွားတယ်။ အခုလဲပဲ အရပ်သားအဖွဲ့အစည်းက နိုင်တယ်။ နိုင်တာတောင် အပြတ်အသတ်နိုင်တာ။ ၁၉၆၀ က နိုင်သလို၊ ၁၉၉၀ က နိုင်သလို၊ အခု ၂၀၁၅ မှာလည်း နိုင်တယ်။ ဒါတွေက ရွေးကောက်ပွဲတခုနဲ့တခုကြားမှာ one generation ကွာတယ်။ အနှစ် (၃၀) ပထမ ရွေးကောက်ပွဲ။ နောက်တခါ (၂၅) နှစ် ကွာတယ်။ ဒါပေမဲ့ အရပ်သားက စစ်တပ်ထောက်ခံတဲ့ပါတီကို ဘယ်တော့မှ မထောက်ခံဘူး။ အခုကတော့ သူတို့က အသိအမှတ်ပြုတယ် ပြောတယ်။ အသိအမှတ်ပြုတယ်ပြောတာက သူက အခြေခံဥပဒေအရ စစ်တပ်က သူလိုချင်တာတွေ သူရထားပြီးပြီ။ စစ်ဗိုလ်တွေလည်း သူဌေး ဖြစ်ကုန်ပြီ။ နေပြည်တော်မှာလည်း ကုတ်ထားပြီးပြီ။ ဆိုတော့ ပါလီမန်မှာသာ NLD ပါတီက အများစု အရပ်သားအများစု ရှိပေမယ့်။ ကျန်တဲ့ Bureaucratic Machinery နဲ့ ကျန်တဲ့ဟာတွေက စစ်တပ်ကို။ ဘာလို့လဲဆိုတော့ အစိုးရဌာနတွေအားလုံးက ဒီ စစ်အစိုးရလက်ထက်က ကျန်ခဲ့တဲ့ အစိုးရဌာနတွေ။ ဒီ အစိုးရဌာနတွေကို ဦးသိန်းစိန်အစိုးရတောင် ပြုပြင်ရေးလုပ်ဖို့ မလွယ်ဘူး။ ဆိုတော့ ပြောတာပြောနေတာ တကယ့်တကယ်က မထိရောက်တာတွေများတယ်။ ဆိုတော့ စစ်တပ်က ၂၀၀၈ အခြေခံဥပဒေက လုပ်လိုက်တဲ့ တခြမ်းပဲ့ ဒီမိုကရေစီ ကနေ၊ အရင်က တခြမ်းက စစ်တပ်က ယူထားတယ်။ တခြမ်းကတော့ စစ်ဗိုလ်ဟောင်းတွေပေါ့။ အခု စစ်ဗိုလ်ဟောင်းတခြမ်း ယူထားတဲ့နေရာကို အရပ်သားတွေ ရောက်လာတယ်။ အရပ်သားနဲ့ စစ်သားက ဆက်ပြီးတော စခန်းသွားရအုံးမယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီမိုကရေစီ အပြည့်အဝတော့ နိုင်ငံရေးအားဖြင့် မဖြစ်နိုင်သေးတဲ့ သဘောပေါ့။ အဲဒါကို ဒီမိုကရေစီအသွင် ပိုမိုဖြစ်လာအောင် လုပ်နိုင်မယ့် နိုင်ငံရေးအလားအလာကို ဆရာ မြင်ပါလား။
ဦးအောင်ခင် ။ ။ ဒီဥစ္စာလဲ တဖြည်းဖြည်းနဲ့ လုပ်ယူရမယ်ပေါ့။ အခုမှ ပြောကြတာတော့ အခု ပုံစံက အင်ဒိုနီးရှားပုံစံလို ဖြစ်သွားတဲ့သဘော ရှိတယ်။ အင်ဒိုနီးရှားမှာလည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားတယ့် သဘောရှိတယ်။ ဘယ်လောက်ကြာမလဲတော့ မပြောတတ်ဘူး။ ဒါက အင်မတန်ကြာမယ့်ကိစ္စပေါ့။ အခုမှ အရပ်သားနဲ့ စစ်သားနဲ့ အစိုးရကို ချုပ်ကိုင်ဖို့ ပြိုင်ဆိုင်တဲ့ ပထမအဆင့်ပဲ ရှိသေးတယ်။ ဒီအထဲမှာ ပြဿနာတခုက ဘာလဲဆိုတော့ ဗမာနိုင်ငံရေးမှာ လူပုဂ္ဂိုလ်ကို အဓိကထားတဲ့ နိုင်ငံရေးဖြစ်တယ်။ အရှေ့တိုင်းမှာ အများအားဖြင့် အဲဒီလိုမျိုး ရှိတယ်။ အင်မတန် ဒီမိုကရေစီ ဝါရင့်ပါတယ်ဆိုတဲ့ ဂျပန်မှာတောင် ဝန်ကြီးသားသမီးဆိုရင် ဘာမှမပြောဘဲနဲ့ မဲပေးတာရှိတယ်။ အခုလဲ ဒီလိုပဲ။ တဘက်ကလဲ စစ်အာဏာရှင်ရဲ့ အမိန့်နဲ့ နာခံပြီးတော့ သူတို့ လုပ်ထားတယ်။ အခု စစ်အာဏာရှင် မရှိတော့တဲ့အခါမှာ နည်းနည်းလေးလျော့ပြီး အရပ်သားဘက်က နည်းနည်းတိုးလာတယ်။ အရပ်သားဘက်ကလဲ အရပ်သားမှာ ဒေါ်အောင်ဆန်းစုကြည် က သူတယောက်တည်းပဲ She’s calling all the shots တယောက်တည်း လုပ်နေတဲ့ Autocrat ပေါ့ဗျာ။ အရပ်သားဘက်ကလဲ အရပ်သား Autocract ပေါ်လာတယ်ဆိုတော့ အပေးအယူ ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ကျနော် မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီမိုကရေစီမှာ Institution တွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေ အခုထက် ပိုပြီးခိုင်မာတယ်၊ အုပ်ချုပ်ရေးယန္တရားဟာ ဗျူရိုကရေစီကလည်း အခုထက် ပိုပြီးစနစ်ကျတယ်လို့ တွေးမိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက လူတွေဟာ ပိုပြီးတော့ သဘောထား တင်းမာမှုနည်းတယ်။ ဘာသာရေးအားဖြင့် အဲဒီတုန်းက မူစလင်ဘာသာတွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဘာသာခြားတွေ ဗုဒ္ဓဘာသာအပြင် ဘာသာခြားတွေ နိုင်ငံရေးထိပ်တန်းမှာ ရှိနေကြတယ်။ ဝန်ကြီးရာထူးမှာ ရှိကြတယ်။ အခုကြတော့ အဲဒီလိုပုံစံ မဖြစ်တော့ လူ့အဖွဲ့အစည်း Society ကိုယ်နှိုက်က ပိုပြီးတော့ ဒီမိုကရေစီ ရှင်သန်နိုင်တဲ့ အလားအလာ နည်းနေသလားလို့ စဉ်းစားမိပါတယ်။ ဆရာ ဘယ်လို သဘောရပါလဲ။ အရင်ထက်ဆရင်။
ဦးအောင်ခင် ။ ။ အရင်တုန်းက လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းကတော့ ကျနော် လေ့လာသလောက်တော့ လွတ်လပ်ရေး တိုက်ပွဲမှာ ပါလာတဲ့လူတွေက အားလုံးရောနှောပြီး ပါလာတဲ့အခါကြတော့ ဥပမာ ဝန်ကြီးဦးရာရှစ်တို့ ဘာတို့၊ ဆက်တိုက်နောက်ပိုင်းမှာ ပါလာတာရှိတယ်။ ဆိုတော့ အဲဒါကလဲ နှစ်သိပ်မကြာဘူး။ ဆယ်နှစ်ကျော်လောက်ပဲ ရှိတယ်။ အခု စစ်အစိုးရ အုပ်ချုပ်ထားတာ အနှစ် (၅၀) ကျော်။ အရင်တုန်းက ဒီမိုကရေစီ သက်တမ်းလေးရှိတာ (၁၀) နှစ်ကျော်လောက်ဆိုတော့ (၁၀) နှစ်ကျော်လောက်မှာ ဘာမှမရှိဘူး။ မရှိတဲ့ သက်တမ်းလေးမှာ တတ်နိုင်သလောက်တော့ အစပျိုးလာတယ်။ မှတ်မိသလောက်တော့ ကျနော်တို့ ကျောင်းသားဘဝမှာ တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ အလေ့အကျင့် လုပ်ပေးတဲ့ ရွေးကောက်ပွဲ။ ဒီမိုကရေစီ အလေ့အကျင့် ရွေးကောက်ပွဲမှာ ဟိုဘက်နဲ့ဒီဘက် ပြိုင်ကြပြုကြ လုပ်တဲ့အခါမှာ ကျနော်တို့ ဆန့်ကျင်ဘက်လူတွေက ရွေးကောက်ပွဲချိန်မှာ တယောက်နဲ့တယောက် ကလော်ဆဲ ဘာညာနဲ့ ဖြစ်ပြီးတော့ ရွေးကောက်ပွဲလဲ ပြီးသွားရော တယောက်နဲ့တယောက် လည်ပင်း ပြန်ဖတ်ပြီးတော့ တယောက်နဲ့တယောက် ပိုက်ဆံချေး၊ ဟိုလူပိုက်ဆံ ဒီလူချေး၊ ဒီလူပိုက်ဆံ ဟိုလူချေးနဲ့ သူငယ်ချင်း ပြန်ဖြစ်သွားတယ်။ ရွေးကောက်ပွဲအချိန်မှာတော့ တယောက်နဲ့တယောက် ရန်သူပေါ့။ ဆဲကြနှက်ကြနဲ့။ အဲဒီ အလေ့အကျင့်က ကျနော်တို့ ပါလီမန်ဒီမိုကရေစီခေတ်မှာ ရှိခဲ့တယ်။ ဆန့်ကျင်ဘက် အယူအဆ ရွေးကောက်ပွဲမှာ ဖြစ်ပေမယ့် ရွေးကောက်ပွဲ ပြီးတဲ့အခါ ဒီလူတွေဟာ မိတ်ဆွေတွေ ပြန်ဖြစ်သွားတယ်။
ဦးကျော်ဇံသာ ။ ။ အခုအခါမှာတော့ ပညာရေး ပြုပြင်ဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေ၊ ကျောင်းသူတွေကို ထောင်ထဲချထားတဲ့ခေတ်ပေါ့။ အဲဒီလို ပညာရေးက စပြီးတော့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေက စပြီးတော့ ဒီမိုကရေစီ အလေ့အကျင့်တွေ လုပ်ပေးနိုင်ဖို့ အတော်လိုမယ်ထင်တယ်။
ဦးအောင်ခင် ။ ။ ဟုတ်ပါတယ်။ ပညာရေးမှာ ပြတ်သွားတယ်။ ဒီမိုကရေစီ အလေ့အကျင့်ဆိုတာ ကျောင်းသူကျောင်းသား ဘဝထဲကစပြီးတော့ အလေ့အကျင့် ပေးရမှာပေါ့။ ဆိုတော့ အဲဒီ အလေ့အကျင့်က ကျနော်တို့ဆီမှာ မရှိခဲ့ဘူး။ မရှိခဲ့ဘဲနဲ့ သူတို့ အစိုးရ ဝါဒဖြန့်တာတွေပဲ ကျောင်းသားတွေဆီရောက်။ အထက်က ပြောတဲ့ဟာ အကုန်နာခံ။ အဲဒါမျိုးတွေပဲ ဖြစ်လာတဲ့အခါကြတော့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတွေးခေါ် ဆုံးဖြတ်တဲ့ အလေ့အထ ရှင်သန်ရမယ်အစား။ ကိုးကွယ်ဆည်းကပ်တဲ့ အလေ့အထ ရှင်သန်သလို ဖြစ်နေတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် တခုမေးချင်တာက ဆရာတို့ တက္ကသိုလ်မှာ ဒီမိုကရေစီ အလေ့အကျင့်ရအောင် ရွေးကောက်ပွဲတွေ လုပ်ခဲ့ကြတဲ့ခေတ်တုန်းကရော ဆရာပြောတာတွေကို ဝေဖန်တာ၊ အပြန်အလှန် ဆွေးနွေးတာကို လက်ခံကြပါလား။ ဗမာပြည် ပညာရေးစနစ်က အဲဒီတုန်းက။
ဦးအောင်ခင် ။ ။ အဲဒီတုန်းက ပညာရေးစနစ်ကတော့ ဆရာကို ပြန်ပြောတာတော့ သိပ်မတွေ့ဖူးဘူး။ အရင်တုန်းကတော့ Seminar တော့ ရှိတယ်။ Seminar ကတော့ Post graduate Seminar ကို Honor class တွေမှာ Seminar ရှိတယ်။ Seminar မှာတော့ ဝေဖန်တာပေါ့။ Seminar ကလဲ လူနည်းနည်းလေးပဲ။ လူ လေးငါးဆယ်ယောက်ပဲ ရှိတယ်။ Post graduate လောက်ပဲရှိတယ်။ ကျန်တဲ့ Class တွေကတော့ ရှင်းရှင်းပြောရရင် High School ကျောင်း အကြီးစားလောက်ပဲ ရှိတယ်။ ဒါပေမဲ့ ဆရာပြောတာ နာခံပြီးတော့ အပြင်ဘက်မှာတော့ လွတ်လပ်တယ်။ အပြင်ဘက်မှာ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒါက ကောင်းတာ။ အပြင်ဘက်မှာ လွတ်လပ်တဲ့အခါကြတော့ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ State … မဟုတ်ဘူးပေါ့။ ကျောင်းသားတွေက သူ့ယဉ်ကျေးမှုအရ … တွေရှိတယ်။ Hall တွေမှာရှိတယ်။ လွတ်လွတ်လပ်လပ် ယုံကြည်တာ ယုံကြည်နိုင်တယ်။ ဘာဝါဒီ ညာဝါဒီ အကုန်ပေါ့။ ကိုယ်ယုံကြည်တာတွေ လွတ်လွတ်လပ်လပ် ရှိတယ်။ Academic Freedom ပေ့ါ။
ဦးကျော်ဇံသာ ။ ။ ကျနော် တခုဆက်စပ်ပြီး မေးချင်ပါတယ်။ ဒါက ဆရာ ကျွမ်းကျင်တဲ့ဟာဆိုတော့ ဂျပန်နိုင်ငံမှာလဲ ဂျပန်ပညာရေးက အထက်ကပြောတာကို နာခံကြတယ်။ ဆရာကို ပြန်လှန်ပြီးတော့ မပြောကြဘူး။ What ပဲ ရှိတယ် Why ဆိုတာ မမေးကြဘူးဆိုပြီး ပြောကြပါတယ်။ သူတို့က ဒီလို ပညာရေးစနစ် ကြီးထွားလာပြီးတော့ ဘယ်လိုလို့ ဒီမိုကရေစီ ဖြစ်နေကြလဲ။
ဦးအောင်ခင် ။ ။ ဂျပန်ကလဲ ဒီမိုကရေစီဆိုတာ အမေရိကန် ချပေးထားတဲ့ဟာပဲ။ သူ့ဟာနဲ့သူ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီက ပြိုင်ပြီးတော့ ဂျပန် ပြုပြင်ရေးလုပ်တဲ့အခါမှာ ဒီမိုကရေစီ ကော်လန် (column) နဲ့ military column နဲ့ ယှဉ်ပြီးတော့ ပေါ်လာတော့ democracy column ကို military column က ရိုက်ချိုးပစ်လိုက်တာပဲ။ ရိုက်ချိုးပစ်လိုက်တော့ စစ်ပြီးတဲ့အခါမှာ ပြန်ပြီးတော့ အမေရိကန်က ပြန်ပြုစုပျိုးထောင်တော့ အမေရိကန် ချပေးထားတဲ့ ခွင်ထဲမှာပဲ ဂျပန် လျှောက်နေတာ။ ဒီခွင်ကနေ ပြင်နိုင်တဲ့ အစဉ်အလာ မရှိသေးဘူးပေါ့။ ပြင်ဖို့ မရှိသေးတော့ ဂျပန်နိုင်ငံရေးသမားတွေမှာလဲ သူတို့ရဲ့အတွေးအခေါ်မှာ အများကြီး အကန့်အသတ်တွေ ရှိပုံရတယ်။