သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခပ်မှိန်မှိန် ငြိမ်းချမ်းရေး ရောင်ခြည်


 ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ကျင်းပဆဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်ပြီး ဒါဟာနောက်တက်လာမယ့် အစိုးရ ဆက်လက်ဆောင်ရွက်သွားနိုင်အောင် အခြေခံတခုခု ချမှတ်နိုင်လေမလားဆိုတဲ့ မျှော်မှန်းချက်ဟာ အမြင့်ဆုံးထားရှိနိုင်တဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် တိုက်ခိုက်နေဆဲ တိုင်းရင်းသားအင်အားစုတွေကို ချန်ထားပြီး ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲက မျှော်လင့်နိုင်တဲ့ ငြိမ်းချမ်းရေး ရောင်ခြည်ကတော့ ခပ်မှိန်မှိန်ပဲ ရှိတယ်လို့ ဆိုရင်တောင် အကောင်းမြင်တတ်လွန်းရာ ကျလေမလားဆိုတာ ဒီညီလာခံမှာ ပါဝင့်သူများ အစုအဖွဲ့ဝင်အဖြစ် တက်ရောက်နေသူ ဦးအောင်သူငြိမ်း၊ UNFC ပြည်ထောင်စု တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ တွဲဘက်အတွင်းရေးမှူးး ဦးထွန်းဇော်တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီညီလာခံ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထုတ်ပြန်တဲ့အထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး။ ကျနော့် သဘောအရပြောရင် အဲဒီ (၃) ခု က တခုနဲ့တခု ဘာမှမကွဲဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရင် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းသွားမှာပေါ့။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မှာတော့ ကျန်တဲ့ဟာတွေ ဘာမှဖြစ်စရာ မလိုတော့ဘူးပေါ့။ ဆရာနှစ်ယောက်က ဒီဟာကို ဘယ်လို နားလည်ပါလဲ။ တခွန်းထဲပြီးတဲ့ကိစ္စကို (၃) ခု ခွဲပြီးရေးထားသလိုပဲ။ ဦးအောင်သူငြိမ်း ပထမဦးဆုံး ဆွေးနွေးပါ။

ဦးအောင်သူငြိမ်း ။ ။ ဒီနေ့ သမ္မတက ညီလာခံဖွင့်ပွဲမှာ မိန့်ခွန်းပြောပါတယ်။ သူ့ရဲ့ မိန့်ခွန်း အနှစ်သာရကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး။ နောက်တခုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ အစဉ်အလာမျိုးဖြစ်အောင်ဆိုတဲ့ သဘောမျိုးပြောတာ တွေ့ပါတယ်။ ဒါပေမဲ့ သူ့မိန့်ခွန်းရဲ့ အနှစ်သာရကတော့ ဒီညီလာခံရဲ့ procedure ရှေ့လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ပဲ ပြောတာများပါတယ်။

ဦးထွန်းဇော် ။ ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ကျယ်ပြန့်တဲကိစ္စ ဖြစ်ပါတယ်။ အဲဒါကို ဘယ်လို ဖော်ဆောင်မလဲပြောတဲ့ကိစ္စ ပြောဖို့လိုပါတယ်။ အမှန်ဆိုလို့ရှိရင်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ထဲမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ပါပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းရေးက အဓိကပါ။ တပြိုင်တည်းမှာ အကုန်လုံးက ဘယ်အပေါ်မှာ မူတည်လဲဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ငြိမ်းချမ်းရေးတို့ရမယ် ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံက စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပုံသဏ္ဍာန်နဲ့ တည်ဆောက်ဖို့ လိုပါတယ်။ ဒီအပေါ်မှာ အကုန်လုံး အခြေခံနေပါတယ်။ အမှန်ဆိုရင် ဒီကိစ္စတွေကို ပြောသင့်တယ်ပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အကုန်လုံးက သွားငြိနေတဲ့အတွက် သူတို့ အဲဒီကိစ္စကို လမ်းပြမြေပုံအနေနဲ့ မချပေးခဲ့ဘူးပေါ့။ ဒီညီလာခံ (၅) ရက်အတွင်းမှာဆိုရင် မူအရ ဘာမှချမှတ်မှု မလုပ်ဘဲနဲ့ ဆွေးနွေးချက်တွေကိုလုပ်မယ်။ နောက်ပြီးတော့ ဆွေးနွေးချက်တွေကို စုစည်းထားလိုက်မယ်ဆိုတဲ့ အုတ်မြစ်ချသွားတယ်ဆိုတဲ့ ပုံစံမျိုး အဲဒီလိုမျိုး legacy ယူတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ အဲဒါက သမ္မတရဲ့ မိန့်ခွန်းမှာ ကျနော် တွေ့ရှိချက်ပေါ့။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီအထဲမှာ စဉ်းစားမိတာက လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရျာမယ်ဆိုတော့ အခုလောလောဆယ်မှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ မပါခြင်းအားဖြင့် သူတို့ကို ကိုယ်စားပြုပြီး ဘယ်သူက ဆွေးနွေးမလဲ။ ဦးအောင်သူငြိမ်း ဒီကိစ္စကို ဘယ်လို မြင်ပါလဲ။

ဦးအောင်သူငြိမ်း ။ ။ ဒီအစည်းအဝေးမှာ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေကို ကိုယ်စားလှယ် မဟုတ်ဘဲ၊ လေ့လာသူအဖြစ် ဖိတ်တဲ့အခါမှာ အဖွဲ့အစည်းတော်တော်များများက မတက်ပါဘူး။ မတက်တဲ့အခါကြတော့ ဒီအဖွဲ့အစည်းတွေကို ဘယ်သူ ကိုယ်စားပြု ပြောမလဲဆိုတာက ပြဿနာ ရှိပါတယ်။ ဒါပေမဲ့ ကျနော် မြင်တာကတော့ အဲဒီကိစ္စကို ဒီညီလာခံမှာ ပိုပြီးတော့ ကျယ်ပြန်တဲ့ ကိစ္စတွေ ဆွေးနွေးကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ခေါင်းဆောင်တော်တော်များများလည်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ငြင်းချက်မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အနှစ်သာရ - ဘယ်လို ဖယ်ဒရယ်လဲ။ ဘယ်လို ဖွဲ့စည်းပုံလဲ ဆိုတာကတော့ ရေရှည်အများကြီး ဆက်ဆွေးနွေးရမယ့် ကိစ္စတွေလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို ဖိတ်တယ်ဆိုတော့ တိုက်နေတဲ့ အထူးသဖြင့် ကိုးကန့်၊ ရခိုင်၊ တအောင်း ပလောင် တို့ကို ဖိတ်လား။

ဦးအောင်သူငြိမ်း ။ ။ ကျနော်တို့ သိရသလောက်က ကိုးကန့် နဲ့ ရခိုင်တပ်မတော်တော့ မဖိတ်ပါဘူး။ ဒါပေမဲ့ ကျန်တဲ့ အဖွဲ့အစည်းတွေကိုတော့ ဖိတ်တယ်လို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒါကို တခါခွဲလိုက်တယ်။ အဓိက လက်နက်ကိုင်ပဋိပက္ခက လောလောဆယ် ဖြစ်နေတာက အဲဒီအဖွဲ့တွေနဲ့ ဖြစ်နေပြီးတော့ သေနေကြတယ်။ သွေးချောင်းစီးနေကြတဲ့ မဟုတ်လား။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မဖိတ်တဲ့အပေါ်မှာ အခု တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တွေ လိပ်ပြာသန့်ကြပါရဲ့လား။

ဦးအောင်သူငြိမ်း ။ ။ ကျနော် မြင်တာကတော့ အခုလက်ရှိ ညီလာခံမှာ အကန့်အသတ်တွေလည်း ရှိပါတယ်။ ပထမတချက်ကတော့ ဒုတိယ ပင်လုံ လို့ ပြောကြတဲ့ အနေအထားမျိုးကို ဒီညီလာခံက မရောက်နိုင်ပါဘူး။ ဒါကတော့ အမှန်အတိုင်း ပြောတာပါ။ နောက်တခုကတော့ NCA လို့ခေါ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ပြီးတဲ့နောက်မှာ ရက် (၉၀) အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စရမယ်ဆိုတော့ ဒီကိစ္စတွေက စာချုပ်ထဲမှာလည်း ပါထားပါတယ်။ အဲဒီတော့ ရက် (၉၀) အတွင်းမှာ အခုလက်ရှိ ညီလာခံကို မဖြစ်မနေ အကောင်အထည် ဖော်ရတာပေါ့။ နောက်တခါ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ အစိုးရအပြောင်းအလဲ ကြားကာလမှာ အချိန်ကလဲ သိပ်မရှိတော့ဘူး။ အဲဒီ အကန့်အသတ်တွေလည်းရှိတော့ ဒီညီလာခံက ရှေ့လာမယ့် အစိုးရအတွက် လက်ဆင့်ကမ်းလှမ်းပေးနိုင်ဖို့ အခြေခံမူတွေပဲ ပြောဆိုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကတော့ ဒီညီလာခံကြီးရဲ့ အကန့်အသတ်ပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီ အခြေခံမူတွေက ဘယ်လောက်ခိုင်မာတဲ့ အခြေခံမူ ဖြစ်မလဲဆိုတာ ကျနော်တို့ စဉ်းစားသင့်မယ် ထင်ပါတယ်။ နောက်လာမယ့် အစိုးရအတွက်။ အခြေခံမခိုင်ရင် Basic Foundation ယိုင်းနေရင် အပေါ်က Structure လည်း ယိုင်းမယ်လို့ စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ မဟုတ်ဘူးလား။

ဦးအောင်သူငြိမ်း ။ ။ ယေဘုယျအားဖြင့်တော့ အခုလက်ရှိ ကိုယ်စားလှယ်တွေ အနေအထား တွေ့ရတာတော့ တတ်နိုင်သလောက်တော့ အကောင်းဆုံး ရွေးချယ်စရာနည်းလမ်းတွေကို ဆွေးနွေးကြမယ်။ ဆိုတော့ ဒါတွေက ရှေ့အစိုးရရဲ့ ဘယ်လို ဆက်လက်အကောင်အထည်ဖော်မလဲဆိုတဲ့ အပေါ်မှာလဲ အများကြီးထည့်စဉ်းစားကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ညီလာခံမတက်တဲ့ အဖွဲ့တွေ။ ဖိတ်ခေါ်ခြင်း မခံရတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ ဆက်လက်ပြီးတော့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နောက်တက်လာမယ့် အစိုးရအပေါ်မှာ ဘယ်လို မြင်မယ် ထင်ပါလဲ။ နောက်တက်လာမယ့် အစိုးရရဲ့ အကြီးအကဲ၊ အစိုးရအပေါ်၊ သမ္မတအပေါ်နေမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တော့ အခုတက်ပြီးတော့ ဒီညီလာခံမှာ မိန့်ခွန်းပြောတယ်ဆိုတာ တွေ့ရပါတယ်။ နောက်တက်လာမယ့် အစိုးရက အခု ချမှတ်ပေးတဲ့ အခြေခံအတိုင်း သွားမယ်ဆိုရင်ကော ဘယ်လောက် ယုံကြည်ကြမယ်လို့ ထင်ပါလဲ ဦးထွန်းဇော်။

ဦးထွန်းဇော် ။ ။ အခုသွားတဲ့ ပုံစံအတိုင်းဆိုရင်တော့ ကျနော်တို့ အခက်အခဲ ရှိနေအုံးမှာပါ။ ကျနော် မြင်တာကတော့ NLD က ဖြစ်လာမယ့် အစိုးရကတော့ အများစု လွှတ်တော်မှာ NLD အများဆုံး ဖြစ်နေတယ်။ ဒါပေမဲ့ အခု ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းအားလုံးက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က ဆုံးဖြတ်ပါတယ်။ အဲဒါကိုမှ လုပ်ငန်းကော်မတီက လိုက်ပြီးတော့ အကောင်အထည် ဖော်ရပါတယ်။ ဆိုတော့ ကာလုံရဲ့ ဖွဲ့စည်းပုံက လာမယ့် အစိုးရမှာ ဘယ်လို ဖြစ်လာမလဲပေါ့။ အဲဒီအထဲမှာ NLD ရဲ့ ကိုယ်စားလှယ်တွေက ဘယ်နှစ်ဦး ပါဝင်မလဲ။ နောက်တချက်က ဘာလဲဆိုတော့ လာမယ့် အစိုးရသစ်အနေနဲ့ လက်ရှိ အစိုးရသော်လည်းကောင်း၊ လာမယ့် အစိုးရသစ်သော်လည်းကောင်း အားလုံးပါဝင်ရေးကို ဘယ်လိုဖော်ဆောင်ကြမလဲ။ ဒါကို တင်ပြဖို့ လိုပါတယ်။ NCA တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ပေါ်မှာ ဘယ်သူမှ မငြင်းဘူး။ ဒီစာချုပ်ကို အားလုံးအတူတကွ ဖော်ဆောင်ပေးကြတာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ရောက်တော့မှ ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသလို (၆) ဖွဲ့ကို လက်မခံဘူး။ အသိအမှတ် မပြုဘူး။ အဲဒီလိုမျိုး လုပ်တယ်။ ဒါကိုလဲ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက လက်မလျှော့ဘူး။ နောက်ဆုံးအဆင့်အထိ ရေကုန်ရေခမ်း လိုက်ပြီးတော့ ဆွေးနွေးပါတယ်။ နေပြည်တော်အထိ သွားရောက်ပြီး နည်းလမ်းရှာပါတယ်။ အသိအမှတ် မပြုတဲ့ (၆) ဖွဲ့ထဲမှာ ထိတွေ့တိုက်ခိုက်မှု ရှိနေတဲ့ (၃) ဖွဲ့၊ ထိတွေတိုက်ခိုက်မှု မရှိတဲ့ (၃) ဖွဲ့ဆိုပြီး အဲဒီလိုမျိုး အုပ်စုခွဲလိုက်ပါတယ်။ အဲဒီမှာ ထိတွေ့တိုက်ခိုက်မှုရှိတဲ့ အဖွဲ့အစည်းတွေကို သူတို့က ပလောင်ဆိုရင် ဒုတိယအဆင့်ခေါ်ပြီးတော့ Bilateral ဆွေးနွေးမယ်ဆိုပြီး သတ်မှတ်ပါတယ်။ ကျန်တဲ့ နှစ်ဖွဲ့ကိုတော့ လုံးဝအသိအမှတ်ပြုခြင်း မရှိပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အသိအမှတ်မပြုတဲ့ (၆) ဖွဲ့ကို စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အာမခံချက်တွေ ပေးပါဆိုပြီးတော့ ကျနော်တို့ဘက်က တောင်းပါတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်ဘက်က အဲဒါကို မပေးနိုင်ခဲ့ပါဘူး။ ဒီလိုမျိုး လိုက်လျောပြီးမှ ဆွေးနွေးခဲ့တဲ့အပေါ်မှာ အစိုးရဘက်က သဘောမတူခဲ့တဲ့အတွက် အားလုံးပါဝင်ရေးမူက မဖြစ်လာဘူး။ မဖြစ်လာတဲ့အတွက် NCA မှာ (၈) ဖွဲ့ပဲ လက်မှတ်ထိုးတယ်ဆိုတဲ့ အနေအထားကို ရောက်သွားပါတယ်။ အဲဒါကြောင့် လာမယ့်အစိုးရသစ်က အားလုံးပါဝင်မှုကို ဘယ်လို ဖော်ဆောင်မလဲ။ ဒီအချက်က ဘယ်အပေါ်မှာ မူတည်သွားသလဲဆိုရင် တပ်မတော်ရဲ့ သဘောထားပေါ်မှာ မူတည်သွားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း အဲဒါကို မေးမလို့ပါ။ ကိုအောင်သူငြိမ်း .. တပ်ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး အခု ဘယ်လောက်အထိ တိုးတက်လာပါလဲ။ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးအပေါ်အမြင်၊ စစ်တပ်ရဲ့ သဘောထားက စစ်ရေးအရ အပေါ်စီးရမှ စေ့စပ်မယ့်လူကို စားပွဲကို ခေါ်လိုက်တာပဲဆိုတော့ သူတို့ အပေါ်စီးက ရပြီးတော့ လက်မှတ်ထိုးမယ်ပေါ့။ အဲဒီသဘောမျိုးက အမြဲတမ်း ရှိနေခဲ့တဲ့ကိစ္စပါ။ ဆိုတော့ အခုအခါမှာ မြန်မာနိုင်ငံရဲ့ စစ်တပ်က ဒီသဘောထားထက် ပိုပြီးတော့ ပျော့ပြောင်းလာပြီလား။ ပြောင်းလဲလာပြီလားဆိုတာကို ဦးအောင်သူငြိမ်း သုံးသပ်ပါအုံး။

ဦးအောင်သူငြိမ်း ။ ။ အဲဒီလို ပြောဖို့တော့ စောပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ ညီလာခံဖွင့်ပွဲဆိုတဲ့အခါကြတော့ ဒီနေ့တော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောတယ်။ ဒါပေမဲ့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အစုအဖွဲ့လိုက် ဆွေးနွေးချက်တွေ သေချာမကြားရသေးတော့ တပ်မတော်ဘက်က ဘယ်လောက်အထိ သဘောထား ပြောင်းလဲလာသလဲဆိုတာကိုတော့ ကျနော်တို့ ပြောဖို့စောပါသေးတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဘယ်အချိန်မှာ ကျနော်တို့ ဒီညီလာခံရဲ့ ကောင်းတဲ့ရလဒ်တွေ ပေါ်ထွက်လာမယ်လို့ နည်းနည်းရှေ့ကို မျှော်မှန်းကြည့်ကြပါစို့။ ပြည်သူတွေကလည်း ဒုက္ခခံနေရတာ ကြာလှပြီ။ ငြိမ်းချမ်းရေးကိုလည်း သိပ်ကိုငမ်းငမ်းတက် လိုချင်နေကြပြီ။ နစ်နာရတာလည်း များလှပြီဆိုတော့ ဘယ်အချိန်မှာ ကျနော်တို့ ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်ပါလဲ။ အခု ညီလာခံ လုပ်လိုက်တဲ့အတွက် ဘယ်လောက် ရှေ့ကိုလမ်းပွင့်သွားတယ်လို့ ထင်ပါလဲ။

ဦးအောင်သူငြိမ်း ။ ။ ကျနော့်အမြင်ကတော့ ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေးရဖို့ဆိုလို့ရှိရင် အခုန ပြောသလိုပဲ ဖယ်ဒရယ် ဒီမိုကရေစီရှိတဲ့ နိုင်ငံ၊ ပြည်ထောင်စု ဖြစ်ဖို့လည်း လိုပါတယ်။ ဆိုတော့ အဲဒီအနေအထားမှာ လုပ်ရမယ့်ကိစ္စတွေကတော့ အဆင့်တွေ အများကြီးပါ။ နောက်တခါကြတော့ အားလုံးက ညှိနှိုင်းတိုင်ပင်မှုနဲ့ သွားကြရမယ့် အနေအထားရှိပါတယ်။ အဲဒီအနေအထားမှာ ပိုပြီးတော့ အရေးကြီးလာတာကတော့ တပ်မတော်ကတော့ ရှေ့ဆက်သက်တမ်းမှာလဲ ဆက်ရှိနေမယ်။ နောက်တခါကြတော့ အနိုင်ရတဲ့ NLD ပါတီက ရှေ့အစိုးရ ဖြစ်သွားမယ်အခါကြတော့ သူတို့နှစ်ဦးက ဒီကိစ္စတွေမှာ ပိုပြီးတော့ အရေးပါတဲ့ အခန်းကဏ္ဍ ရှိပါတယ်။ အခု ပါလာတဲ့ လွှတ်တော်ဆိုင်ရာ ကိုယ်စားလှယ်၊ အစိုးရကိုယ်စားလှယ်တွေက ရှေ့လျှောက်မှာ အပြောင်းအလဲတွေ ရှိသွားနိုင်ပါတယ်။ ဒါပေမဲ့ အနည်းနဲ့အများဆိုသလို လုပ်ငန်းစဉ်ကို စတင်ထားပြီးပြီ။ စတင်ထားတဲ့အခါကြတော့ အခုလက်ရှိ ဆွေးနွေးပွဲတွေက ကောင်းမွန်တဲ့အခြေခံမူ တစုံတရာ ထွက်မယ်ဆိုရင်တော့ ကျနော်တို့ ရှေ့အလားအလာတော့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ သူတို့ ကိုယ်စားလှယ်တွေ ဆွေးနွေးထားတာကိုက အနည်းဆုံး နိုင်ငံရေး ဆွေးနွေးပွဲတွေက (၃) နှစ်ကနေ (၅) နှစ်အထိ အချိန်ယူကြမယ်လို့ ပြောပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဦးထွန်းဇော် ကို နောက်ဆုံးမေးချင်တာက အခု ၂၀၁၅ ရွေးကောက်ပွဲ ပြီးတဲ့နောက် တက်လာမယ့် လွှတ်တော်အသစ်ဆိုရင် အတော်လေး မှန်ကန်တဲ့နည်းနဲ့ ရွေးချယ်ခြင်းခံရတဲ့ လူထုကိုယ်စားလှယ်တွေ ဖြစ်လာကြပါပြီ။ အဲဒီတော့ တိုင်းရင်းသားဒေသတွေကို ကိုယ်စားပြုတဲ့ လူတွေကလည်း လွှတ်တော်မှာ ပါနေပြီ။ လက်နက်ကိုင်အင်အားစုတွေက တကယ်တော့ တရားဝင် ရွေးကောက်တင်မြောက်ခံထားရတဲ့ လူတွေမဟုတ်ဘူး။ တရားဝင် လူထု ထောက်ခံမှုကို ရထားတယ်လို့ သက်သေမပြနိုင်ဘူး။ ဆိုတော့ လွှတ်တော်အတွင်း နိုင်ငံရေးထက် တိုင်းရင်းသားပြဿနာ ပြေလည်သွားစရာ ဘာကြောင့် မရှိဘူးလဲ။ ခပ်တိုတို ဖြေပေးပါ။

ဦးထွန်းဇော် ။ ။ လူထုက ရွေးချယ်လိုက်တဲ့ လူထု ရွေးကောက်တဲ့ အစိုးရ တက်လာပါမယ်။ အဲဒါကြောင့် လူထု ရွေးကောက်တင်မြောက်လိုက်တဲ့ ကိုယ်စားလှယ်များက လူထုရဲ့ ဆန္ဒသဘောထားကို ဘယ်လောက် ဖော်ဆောင်ခွင့်၊ ဘယ်လောက် သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးခွင့် ရမလဲဆိုတဲ့ပေါ်မှာ မူတည်နေပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကို ဆက်သွားမယ်ဆိုရင် ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက ဒီဇင်ဘာလ (၁၅) ရက်နေ့က အတည်ပြုလိုက်တဲ့ နိုင်ငံရေးမူဘောင်ပေါ်မှာ အခြေခံပြီးတော့ လုပ်မှာဖြစ်ပါတယ်။ အဲဒီ နိုင်ငံရေးမူဘောင်က မျှတမှုမရှိတဲ့ နိုင်ငံရေးမူဘောင်မျိုး ဖြစ်နေပါတယ်။ အဲဒါကြောင့် အဲဒီ မူဘောင်ကိုလည်း ပြင်ဆင်ရမယ်၊ သုံးသပ်ရမယ်ဆိုတဲ့ အဲဒီအနေအထားပေါ်မှာ မူတည်ပြီးမှ ကျနော်တို့ ညီလာခံရလဒ် ကောင်းမလား၊ ဆိုးမလားကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG