သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်းရိပ်မိနေတဲ့ အဂတိတိုက်ဖျက်ရေး


တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာ့နိုင်ငံနဲ့ဒေသတွင်း အိမ်နီးချင်း မလေးရှားအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ဝန်ကြီးချုပ်/သမ္မတ စတဲ့ အစိုးရအကြီးအကဲဟောင်းတချို့ဟာ အာဏာလက်ရှိတုန်းက ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုတွေကြောင့် အမှုရင်ဆိုင်ကြရပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာရှိခဲ့သူတွေ အဂတိ ကင်းခဲ့ကြပါရဲ့လား၊ တကယ်လို့ မကင်းခဲ့ကြဘူးဆိုရင် သူတို့တွေကို ကင်းလွတ်ခွင့်ပေးထားပြီး လက်ရှိလုပ်ဆောင်နေတဲ့ အဂတိတိုက်ဖျက်ရေးကကော ဘယ်လောက်ထိရောက်နိုင်မလဲဆိုတာ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော်တို့ ပြီးခဲ့တဲ့အပတ်တုန်းက ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့တဲ့ သမ္မတဟာ တရားဥပဒေစနစ် ယိုယွင်းနေတာကို ပြုပြင်နိုင်ပါ့မလားဆိုပြီး ပြောဆိုခဲ့ပါတယ်။ တိုက်ဆိုင်မှုလား။ အဲဒီဟာရဲ့ ဂယက်လား ကျနော် မသိဘူး။ ဆရာက မြန်မာပြည်ထဲမှာဆိုတော့ ပိုသိပါလိမ့်မယ်။ အခု တရားသူကြီးတချို့ လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူဖို့လုပ်တော့ တိမ်းရှောင်နေတယ်လို့ ကြားရတယ်။ အဲဒါ အဆက်အစပ်ရှိလား။ ဆရာ ဘယ်လိုမြင်ပါလဲ။ အစကောင်းတယ်လို့ ပြောရမလား။ အဆက်အစပ် မရှိသည့်တိုင်အောင် ဒီသမ္မတ လက်ထက်မှာ တရားဥပဒေ ယိုယွင်းနေမှုကို ပြုပြင်မှု စလာပြီးလို့ ပြောရမလား။

ဖြေ ။ ။ တိုက်ဆိုင်တာလဲ ဖြစ်နိုင်ပါတယ်။ နောက် အခြေအနေကလဲ တရားစီရင်ရေးနဲ့ ပတ်သက်လို့ Judicial Institution တွေဘက်က ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့ အချိန်နဲ့ သွားတိုက်ဆိုင်တယ်။ တက်လာတဲ့ သမ္မတနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့နဲ့ ကျန်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ညီညီညွှတ်ညွှတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ကြနေပြီ။ အဲဒါဆိုရင် တရားစီရင်ရေးက စစ်အာဏာရှင်စနစ်ကို ကာကွယ်တဲ့ တရားစီရင်ရေးစနစ်ကနေ လူထုကို ဥပဒေထီးရိပ်နဲ့ ဖြတ်မိုးကာကွယ်ပေးမယ့် အခြေအနေ ရောက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။

မေး ။ ။ တကယ်တော့ ဒီနေ့ အဓိက မေးချင်တဲ့ကိစ္စကတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ဒီနေ့ သမ္မတ ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကို အဂတိလိုက်စားမှုနဲ့ ပြန်လည်တရားစွဲဆိုခံရတယ်။ တောင်ကိုရီးယားမှာ ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တယ်။ အခု ဘရာဇီးလ်မှာလည်း လူလာ ဆဲလ်ဗားကို တရားရုံးနဲ့ အဂတိလိုက်စားမှုနဲ့ဖမ်းဖို့ အမိန့်ထုတ်လိုက်တော့ ဒီနေ့ အခုပဲ အဖမ်းခံလိုက်တယ်ဆိုတဲ့ သတင်းတက်လာပြီ ဖြစ်ပါတယ်။ တခါ တောင်အာဖရိကမှာလည်း ဖြစ်တယ်။ အဲဒီလိုကိစ္စတွေ အများကြီး ရှိနေပါတယ်။ ဆိုတော့ မြန်မာပြည်မှာလည်း အဂတိလိုက်စားမှုဟာ တော်တော်လေး အရေးကြီးတဲ့ ပြဿနာ ဖြစ်ပါတယ်။ အာဏာရယူခဲ့တဲ့လူတွေ၊ တာဝန်ထမ်းဆောင်ခဲ့တဲ့ လူတွေကို အဲဒီလို အရေးယူနိုင်တဲ့ အခြေအနေ၊ ဗမာပြည်မှာတော့ နောက်ပြန်အကျိုးသက်ရောက်မှု မရှိစေရဆိုပြီးတော့ ကန့်သတ်ထားတာရှိသလား။

ဖြေ ။ ။ ရှိနေတယ်။ နောက်ကြောင်းပြန်လို့ မရဘူး။ အရင်အစိုးရအဖွဲ့တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ပေါက်ခင်က လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ကိစ္စများအတွက် အရေးယူဆောင်ရွက်ခြင်း မရှိစေရဆိုပြီး တားမြစ်ထားတာရှိတယ်။ သို့ရာတွင် ဥပဒေသဘောအရတော့ ဒါက တာဝန်ထမ်းဆောင်တဲ့အခါမှာ သဘောရိုးနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စတွေအတွက် ဖြစ်နေတယ်။ အဂတိလိုက်စားမှုအတွက်တော့ တားမြစ်လို့ မရဘူးလို့ ကျနော်ထင်တယ်။

မေး ။ ။ နိုင်ငံတာဝန်ထမ်းဆောင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံအကျိုး ဦးထိပ်ထားပြီး လုပ်တဲ့နေရာမှာ မှားတာယွင်းတာကိုတော့ အထူးအရေးယူလို့ မရဘူးလို့ ကျနော်တို့ နားလည်ထားတယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ရဲ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာလဲ လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ အနေအထား ရှိတယ်ပေါ့။

ဖြေ ။ ။ တကယ်တော့ ဥပဒေသဘောအရတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ကတော့ စာထဲမှာပါတဲ့ဟာနဲ့ အကုန်လုံး အပြင်မှာ တကယ်မရှိဘူး။ ကျနော်တို့ အများကြီး မြင်နေရတာပဲ - လုပ်ကိုင်နိုင်ပေမယ့် မလုပ်နိုင်တဲ့ အချက်တွေ။ ပေါ်နေတာတွေရှိတယ် - မတော်မတရား လုပ်သွားတာတွေ။ ကိုယ်ကျိုးစီးပွားအတွက် လုပ်သွားတာတွေ။ ဒါတွေရှိတယ်။ သို့ရာတွင် ကျနော်တို့မှာ အကြောင်းကြောင်း ထောက်ရတယ်။ အကြောင်းကြောင်းထောက်ပြီးတော့ မလုပ်နိုင်သေးတာရှိတယ်။ အခြေအနေတခုမှာတော့ တဘက်မှာ တာဝန်ရှိတဲ့ အင်အားစုအားလုံး ပါဝင်ပြီးတော့ သဘောထား ကွဲလွဲတာကသတ်သတ်၊ အမျိုးသားရင်ကြားစေ့ရေးဆိုရာမှာ သူခိုးနဲ့ အလွဲသုံးစားသမား မပါဘူး။ တိုင်းပြည်နစ်နာအောင် လုပ်သွားတာပဲဆိုတဲ့ အခြေအနေတခု ရောက်လာရင်တော့အဲဒီကိစ္စတွေက ပေါ်လာမှာပါ။

မေး ။ ။ တကယ်တော့ ကျနော်တို့ ဒီကိစ္စကို ဆွေးနွေးကြတာဟာ ဘာမှမနာလိုစရာ၊ သူတို့ကို နစ်နာစေချင်တဲ့သဘော လုံးဝမပါပါဘူး။ အဲဒါကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ကျနော်တို့က တကယ်တမ်း ဖြစ်သင့်တာကို တိုင်းပြည် ဘယ်လောက်နစ်နာခဲ့ရသလဲ။ အဲဒါကို အဖတ်ဆယ်ဖို့ရယ်။ နောက်တခုက ဒီလိုလုပ်လိုက်မှပဲ အခုမြန်မာနိုင်ငံမှာ အဂတိတိုက်ဖျက်ရေး ကော်မတီဆိုတာ ဖွဲ့ပြီးတော့ လုပ်နေတဲ့ လုပ်ရပ်တွေက ပိုပြီးထိထိရောက်ရောက် ဖြစ်လာမယ်လို့ ကျနော်ထင်လို့ ပြောတာပါ။

ဖြေ ။ ။ ကျနော်လည်း သဘောတူပါတယ်။ ကျနော်တို့လည်း တိုင်းပြည်က သွားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို အနှောင့်အယှက် မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ အဲဒါရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်လဲ ဖွင့်ရမှာပေါ့။ အခုနပြောသလိုပဲ တိုင်းပြည်ရဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေရှိတယ်။ မတူတဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေးအုပ်စုတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာတွေ ရှိတယ်။ ဒါတွေကို ကျနော်တို့ ဘာမှပြောစရာ မရှိပါဘူး။ သို့ရာတွင် တဦးချင်းအရ တိုင်းပြည်ကို နစ်နာသွားအောင်။ ဥပမာ တရက်ကို သိန်းတရာ ရနေတာကို တရက်ကို ငွေတထောင်နဲ့ ငှားသွားတဲ့ ကိစ္စမျိုး။ ဒါမျိုးကိစ္စတွေ။ နောက်တခါ တိုင်းပြည်ရဲ့ မြေတွေကို မတော်မတရား တခြားလူတွေ မတရားအမြတ်အစွန်းရအောင်အတွက် ဈေးပေါပေါနဲ့ တိုင်းပြည်နစ်နာအောင် လုပ်သွားတဲ့ကိစ္စမျိုးတွေကြတော့ ဒါကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးမှာ ပါမယ် မထင်ဘူး။ ဒါက Corruption, Bribery and Corruption ကိစ္စ။ ဒါမျိုးတွေကိုတော့ အရေးယူသင့်တယ်။ ဥပမာ မြောင်းမြတံတားကြီး ကျိုးကျပြီး သေတဲ့လူသေတယ်။ နောက်ထပ်တံတားတွေလည်း ဘယ်သူမှ တာဝန်မခံဘူး။ ဒါမျိုးတွေကို ဒီအတိုင်းကြည့်နေရမယ့် ကိစ္စမျိုး မဟုတ်ဘူး။ ကျနော်တို့ဘက်ကတော့ ဆရာကျော်ဇံသာလိုပဲ သာပါစေ၊ နာပါစေ မရှိပါဘူး။ သို့ရာတွင် တိုင်းပြည်အကျိုး၊ လူထုအကျိုးအတွက် တချို့အရေးယူ ဆောင်ရွက်သင့်တဲ့ကိစ္စတွေကိုတော့ အရေးယူသင့်တယ်လို့ ကျနော်ထင်တယ်။ ဒါမှလဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆိုတာ အဓိပ္ပါယ်ရှိလာမှာ။

မေး ။ ။ နောက်တခုက သူတို့ရဲ့ မသမာမှုနဲ့ အခြေခံပြီး တည်ဆောက်လာခဲ့တဲ့ စီးပွားရေးအဆောက်အအုံတွေ မြန်မာနိုင်ငံမှာ တချို့လဲပဲ တော်တော်လေး ကြီးကြီးမားမား ခိုင်ခိုင်မာမာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒီဟာတွေကို နောက်ကြောင်းပြန်ပြီးတော့ အဂတိလိုက်စားမှုနဲ့ အရေးယူလိုက်ရင် အခုလောလောဆယ်မှာ တိုင်းပြည်အတွက် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်တဲ့ အခြေအနေ ရှိပါလား။ ကုန်ထုတ်လုပ်ငန်း ကျဆင်းသွားစရာတို့၊ အလုပ်သမားတွေ အလုပ်ပြုတ်ဖြစ်တာတွေ အဲဒီလို နစ်နာစရာတွေ ရှိနေလို့လား။ အဲဒါကို ငဲ့ကွက်စရာတခုအဖြစ် ထည့်တွက်ရမလား။

ဖြေ ။ ။ လောလောဆယ်တော့ ကျနော်ထင်တယ် မြန်မာနိုင်ငံ စီးပွားရေးတော်တော်များများက မသမာသူတွေ လက်ထဲရောက်နေတယ်လို့ ပြောရမှာပဲ။ ငွေတွေအများကြီး၊ မြေတွေကို စနစ်တကျနဲ့ ထုတ်ယူထားပြီးတော့ ရှေ့က နာမည်ခံထားတဲ့လူကော၊ နာမည်မခံဘဲ ဗြောင်ပဲ ဆွေမျိုးသားချင်းတွေနဲ့ ရှိနေတဲ့အခါကြတော့ လောလောဆယ် စီးပွားရေးကိစ္စမှာ ကျနော်တို့ အခွန်လျှော့ဖို့ကို တော်တော်စဉ်းစားနေရတဲ့ ပြဿနာ ဖြစ်နေတော့ တခုချင်းတော့ ဟိုတုန်းက ပြည်သူပိုင်သိမ်းသလို ဦးနေဝင်းလက်ထက်တုန်းကလို လုပ်လို့တော့ မရဘူး။ ဒါပေမဲ့ လူထုရဲ့ အကျိုးစီးပွားတရပ်လုံးကို ခြိမ်းခြောက်နိုင်တဲ့ ကိစ္စမျိုးတွေတော့ ကျနော်တို့ စုံစမ်းသင့်တယ်။ အရေးယူသင့်တယ်လို့ ထင်တယ်။ သို့မဟုတ်ရင်တော့ ဒါတွေကို ပြန်ပြီးတော့ လုပ်နေတာနဲ့ အကျိုးရှိမယ် မထင်ပါဘူး။

မေး ။ ။ နောက်တခုက အခုစီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လှုပ်ရှားမှုက တခြားဘက်မှာ သိသာမြင်သာတဲ့ လှုပ်ရှားမှုတွေ ကြီးကြီးကျယ်ကျယ် လက်ညှိုထိုးထောက်ပြစရာ တွေ့ပြီလား။

ဖြေ ။ ။ ကျနော်ကတော့ မတွေ့ဘူး။ ဆရာကြီးဦးမြင့်ကတော့ ငါးကြီးကြီးကျော်ပါလို့ ပြောသွားတယ်။ ကျနော်ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုတာကို သံသယရှိတယ်။ ကျနော်အနေနဲ့ ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၄၈ နောက်ပိုင်း လွတ်လပ်ရေးရပြီးတဲ့အခါမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ စသုံးလုံးအဖွဲ့ကြီးကို အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနု က ဖွဲ့ပြီးတော့ အကောင်အထည်ဖော်ခဲ့တယ်။ ၁၉၄၈ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေရှိတာ ဒီလောက်နဲ့ လုံလောက်တယ်။ ဒီလိုကော်မရှင်ကြီးဖွဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌနဲ့ လူကြီးတွေကို ဝန်ကြီးလစာတွေပေး၊ တိုက်တာအဆောက်အအုံတွေ ပေးပြီးတော့ တရုန်းရုန်းနဲ့ လုပ်နေရမယ့် အနေအထားမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ အကျိုးသက်ရောက်မှုလဲ ဘာမှထူးထွေကြီးတာ မဟုတ်ဘူး။ စသုံးလုံးအဖွဲ့ကြီးကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ သတ္တိဗျတ္တိလည်းရှိ၊ ကိုယ်ကျင့်တရားကောင်းတဲ့ ခေါင်းဆောင်တယောက်၊ အကြီးအကဲတယောက်လက်ထဲထည့်ပြီး အဲဒီအတိုင်း ပြန်သုံးလိုက်ရင် ဖြစ်တဲ့ကိစ္စလို့ ကျနော်မြင်တယ်။ အခု ဒီဟာတွေကတော့ အများကြီးပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအရ အင်္ဂါစုံအောင် လုပ်ရတဲ့အခါကြတော့ တန်းဖိုးထက် လက်ခကြီး၊ ဆင်ဖိုးထက် ချွန်ဖိုးကြီးတဲ့ အနေအထားမျိုး ဖြစ်ပြီးတော့ ကြီးကြီးကျယ်ကျယ်တော့ ဘာမှမလုပ်နိုင်ဘူးလို့ ကျနော်ထင်တယ်။

မေး ။ ။ ဒါပေမဲ့ ခက်တာက အခု စသုံးလုံးကလဲ ပြည်ထဲရေးအောက်မှာ မဟုတ်ဘူးလား။

ဖြေ ။ ။ အဲဒါကတော့ အရင်းစစ်တော့ အမြစ်မြေက ပြန်လာတာပေါ့။ ဒါပေမဲ့ ဆွေးနွေးခဲ့တဲ့အတိုင်းပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက နိုင်ငံတော်ရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်က သမ္မတ ဖြစ်တယ်။ စသုံးလုံးက ပြည်ထဲရေးလက်အောက်ရှိတယ်။ ပြည်ထဲရေးအပါအဝင်အားလုံးဟာ သမ္မတလက်အောက်မှာ ရှိရမယ်။ သမ္မတက အမိန့်ပေးနိုင်ရလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အပြန်ပြန်အလှန်လှန် ပြန်ဖတ်တဲ့အခါမှာ ပြည်ထဲရေးအပါအဝင် ဌာနကြီး (၃) ခုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းပေးဖို့ပဲ ပြောတာ။ သူက အုပ်ချုပ်ရမယ်လို့ မပါဘူး။ တကယ့် ပုဂ္ဂိုလ်က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အနှစ်သာရအရဆိုရင် သမ္မတသည် အထွတ်အထိပ် ပုဂ္ဂိုလ် ဖြစ်တယ်။ ဝန်ထမ်းအကြီးအကဲ ဖြစ်တယ်။ အဲဒီတော့ အားလုံးမှာ သူ့ရဲ့ လက်အောက်မှာဖြစ်တဲ့အတွက် ဒီဟာကိုလည်း အမိန့်ပေးနိုင်တယ်။ လုပ်နိုင်တယ်။ အဲဒီတော့ သမ္မတက အမြော်အမြင်လည်းရှိ၊ ဉာဏ်ပညာလည်းကြီးမား၊ သတ္တိဗျတ္တိလည်း ရှိဖို့လည်း လိုပေတာပေါ့။

မေး ။ ။ နောက်တခုက အခုလောလောဆယ်မှာ တရားသူကြီးတွေ လာဘ်ပေးလာဘ်ယူလုပ်လို့ ဖမ်းတယ်။ သူတို့က ထွက်ပြေးတိမ်ရှောင်နေတယ်လို့ ကြားရတော့ ဆရာက ဒါက တိုက်ဆိုင်မှုလဲ ဖြစ်ကောင်းဖြစ်မယ် သမ္မတအသစ်နဲ့။ နောက်ပြီးတော့ ဆရာတို့ရဲ့ Judicial Institution တွေက အဖွဲ့အစည်းတွေက ဒီကိစ္စကို လုပ်ရတော့မယ်၊ ပြုပြင်ရတော့မယ် ဆိုပြီးတော့ စပြီး Initiative ယူပြီး လုပ်လာကြတယ်ဆိုတော့ အခု ဒီလိုနောက်ကြောင်းပြန်ပြီးတော့၊ စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြန်ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်မယ့် ကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက မဟုတ်ဘဲနဲ့ ဆရာ စောစောကပြောတဲ့ အဖွဲ့အစည်းတွေကရော စတင်ပြီးတော့ လက်ဦးမှုယူပြီးတော့ လုပ်လာနိုင်မယ့် အခြေအနေ မရှိဘူးလား။

ဖြေ ။ ။ အဲဒါနဲ့ ကျနော်တို့က မနီးစပ်တော့ မြင်တွေ့နေရသလောက်တော့ အလားအလာတော့ မရှိဘူးထင်တယ်။ ဌာနဆိုင်ရာတွေမှာတော့ လုပ်ရင်းလုပ်ရင်းနဲ့ တွေ့လာတာ အများကြီးပေါ့။ ကျနော်တို့ နီးစပ်တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုရင် သူတို့ ပက်ပင်းတိုးတယ်။ ပြီးခဲ့တဲ့ အစိုးရအဖွဲ့က သွားခါနီးမှာ ဇီးသီးဗန်မှောက်သွားပြီး လူ (၉၉) ကို မြေဧက မြောက်မြားစွာ ပေးသွားတာ - အဲဒါမျိုးတွေ လုပ်သွားတာ။ ရသင့်မရထိုက်တဲ့လူတွေကို ပေးလိုက်တာ။ အခုဆိုရင် မန္တလေးမှာ စုံစမ်းစစ်ဆေးနေတာ - ပိုက်ဆံပေးနိုင်တဲ့လူတွေက ဂရမ်တွေကို အတုတွေနဲ့ လုပ်နေတာကြောင့် မြို့တော်ဝန်ကိုယ်တိုင် စသုံးလုံးနဲ့ စစ်ဆေးနေရတဲ့ အနေအထားတွေတော့ တွေ့ရတယ်။ ဒါကတော့ ကောင်းတဲ့လက္ခဏာပေါ့။ သက်ဆိုင်ရာဌာန အဖွဲ့အစည်းအသီးသီး မပြောနိုင်ပေမယ့် အချို့နေရာတွေမှာတော့ ဒီလိုကိစ္စကိုင်တွယ်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

XS
SM
MD
LG