ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာ့လူ့အသိုင်းအဝိုင်းဟာ မသန်စွမ်းသူတွေအပေါ် တန်းတူသဘောထားပြီး ဆက်ဆံကြပါသလား၊ မြန်မာအများစုရဲ့ သဘောထားနဲ့ သူတို့ိုကိုဆက်ဆံတဲ့ အပြုအမူတွေအပေါ် မသန်စွမ်းသူတွေဘက်က ဘယ်လိုခံစားရလိမ့်မယ်ဆိုတာကော စဉ်းစားမိကြပါရဲ့လား။ သူတို့ဘဝ အများနဲ့တန်းတူဖြစ်အောင် အာဏာပိုင်တွေကကော ဘယ်လိုဆောင်ရွက်ပေးသလဲ ဆိုတာတွေကို မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် နဲ့ မြန်မာနိုင်ငံမျက်မမြင်များအသင်းချုပ်တို့ရဲ့ ဥက္ကဌ ဦးအောင်ကိုမြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ မသန်စွမ်းသူများအပေါ် အများပြည်သူ သာမန်လူတွေရဲ့ လူ့အသိုင်းအဝိုင်း သဘောထားကို ကျနော် ဦးစွာစူးစမ်းချင်ပါတယ်။
ဖြေ ။ ။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက ကျနော်တို့ မသန်စွမ်းတဲ့လူတွေကို မြင်နေတဲ့အမြင်က ရှေးရိုးအစဉ်အလာနဲ့ မြင်ကြတယ်။ Traditional thinking model နဲ့ မြင်ကြတယ်။ အဲဒီက တဖြည်းဖြည်း တိုးတက်လာပြီးတော့ Medical model တခါ ဖြစ်လာပါတယ်။ သူက ဝေဒနာသည်ပဲ ဆေးကုသဖို့ ခံယူဖို့လိုတယ်ဆိုတဲ့ အဲဒီလိုအမြင်မျိုးတွေကို မြင်နေတာ နှစ်ရှည်လများ ဖြစ်ခဲ့ပြီ။ ဒီနေ့ ဒီအချိန်မှာတော့ အဲဒါပါဝင်အကြုံဝင်တဲ့ လူ့ဘောင်အဖွဲ့အစည်း ဒီမိုကရေစီနိုင်ငံတော်ကို သွားနေတဲ့အခါကြတော့ တဘက်ကတော့ ကြိုးစားပြီးတော့ Advocacy လုပ်နေပေမယ့်သော်ငြားလဲ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက ခေါက်ရိုးကျိုးနေတဲ့ အမြင်တွေနဲ့ အဲဒီအမြင်တွေကို တော်တော်များများ မဖျောက်နိုင်သေးပါဘူး။
အဲဒီအမြင်တွေက ဘာဖြစ်လဲဆိုတော့ မသန်စွမ်းသူက သနားဖို့ကောင်းတယ်။ အလုပ်ပေးပြီး လုပ်ခိုင်းတာထက်စာရင် လုပ်ပေးမယ်၊ ကျွေးထားမယ်၊ ပံ့ပိုးထားတာက အကောင်းဆုံးပဲဆိုတဲ့ အမြင်မျိုးတွေရှိတယ်။ သနားဖို့ကောင်းတယ်ဆိုပြီး မြင်ကြတယ်။ နောက်ပြီးတော့ တဘက်မှာလဲ မသန်စွမ်းမှုကြောင့် ပေးအပ်တဲ့ တာဝန်ကို မစွမ်းဆောင်နိုင်ဘူး။ စွမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေ ဝင်ရောက်ပြီးတော့မှ အဲဒါမျိုးတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ဒီနေ့ ကျနော်တို့ Advocacy လုပ်နိုင်တယ်၊ ပြောင်းလဲလာပါပြီဆိုတဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာကြတော့ တဖြည်းဖြည်းနဲ့တော့ ပွင့်လင်းလာတယ်။ မသန်စွမ်းအဖွဲ့တွေ လုပ်ပိုင်ခွင့်တွေ၊ ပြောဆိုခွင့်တွေက ယခင်တပ်မတော်အစိုးရလက်ထက်နဲ့စာရင် တိုးတက်လာတယ်။
မေး ။ ။ လူ့ဘောင်အဖွဲ့အစည်းကတော့ ဝေဒနာသည်တွေလို့ … မြင်လာတဲ့အမြင်တွေ၊ ဘယ်လိုပင် ရှိလာခဲ့ပေမယ့် အဓိကအားဖြင့်တော့ သာမန်လူတွေနဲ့ တန်းတူမရဘူး။ အရင်တုန်းကဆို မသန်မစွမ်းလို့တောင် ပြောခဲ့ကြတယ်။ အဲဒီလို ဘေးဖယ်ခံခဲ့ရတဲ့ အနေအထားရှိခဲ့တယ်။ အခု အဲဒီလို လူ့အဖွဲ့အစည်းက အဲဒါကို ဘေးမဖယ်ကြတော့ဘဲ ငါတို့လိုပဲ သူတို့လည်း အကုန်လုံး လုပ်နိုင်တယ်။ မသန်ပေမယ့် စွမ်းတယ်ဆိုတဲ့ စကားနဲ့အညီ တကယ်ပဲ အသိအမှတ်ပြုလာကြပြီလို့ ခံစားရပါသလား။
ဖြေ ။ ။ မခံစားရသေးပါဘူး။ ဒီလို အသိအမှတ်ပြုခံရဖို့အတွက် ကျနော်တို့ အများကြီး ကြိုးစားရပါအုံးမယ်။ ဘာဖြစ်လို့လဲဆိုတော့ နားလည်မှုတွေက တခုနဲ့တခု ဆက်နွယ်နေတော့ ဒါတွေရလို့ဖို့အတွက် ကြိုးစားရပါအုံးမှာပါ။ ဒါပေမဲ့ ယခင်ကထက်စာရင် အသိအမှတ်ပြုလာတဲ့ လူမှု့အသိုင်းအဝိုင်းတချို့ ရှိလာတာတော့ ဝမ်းမြောက်စွာနဲ့ တွေ့ရပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ (၅၀) ရာခိုင်နှုန်းလောက် အသိအမှတ် ပြုပြီလားလို့ မေးရင်တော့ အသိအမှတ်မပြုသေးပါဘူး။
မေး ။ ။ တချို့ဆိုရင် လူ့အသိုင်းအဝိုင်းဆိုတဲ့အထဲမှာ ရင်းနှီးတဲ့ အသိုင်းအဝိုင်းကိုပင် အဲဒီမသန်စွမ်းတာတခု၊ အားနည်းချက်ကို ချိုးနှိမ်ပြီးတော့ ခေါ်ဝေါ်သုံးစွဲတာတွေလည်း ကျနော်တို့ တွေ့ကြုံခဲ့ရတယ်။ ဆိုတော့ ဒီကိစ္စတွေကရော အခု ပျောက်ပြီလား။
ဖြေ ။ ။ မပျောက်သေးပါဘူး။ လူတွေက တော်တော်များများကတော့ ချို့ယွင်းအားနည်းမှုနဲ့ မသန်စွမ်းမှုကို ကွဲပြားပြီး မမြင်တတ်သေးပါဘူး။ ဒါကို အင်္ဂလိပ်လို ပြောမယ်ဆိုရင် impairment နဲ့ type of disability ပါ။ impairment ချို့ယွင်းအားနည်ချက်မှု၊ type of disability ကတော့ ဗမာလို မသန်စွမ်းမှုပါ။ တကယ့်တကယ်တော့ ကျနော်တို့ ပြဿနာက ဗမာမှာ မသန်စွမ်းဆိုတာကို .. ကျနော်တို့ ဒီထက်ကောင်းတဲ့ ဗမာစကား ရှာမရဘူး ပြဿနာက။ အဲဒီအခါကြတော့ အဲဒီအပေါ် မူတည်ပြီးတော့ မသန်စွမ်းမှုနဲ့ မစွမ်းဆောင်နိုင်မှု၊ ချို့ယွင်းအားနည်းမှုတို့ကို ခွဲမသိတဲ့ကိစ္စက ပြဿနာတခုပါ။ ဒါကြောင့် မပျောက်သေးဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ တချိန်ကဆိုရင် ဖျော်ဖြေရေးလုပ်ငန်းတွေ၊ ရုပ်ရှင်တို့လိုကိစ္စတွေမှာတောင်မှ အဲဒီလိုလူတွေကို ဟာသဖြစ်အောင် တမင်တကာထည့်ပြီးသုံးတာ တွေ့ခဲ့ရတယ်။ တော်တော်ရင်နှစ်စရာကောင်းတဲ့ ကိစ္စမျိုး။ အဲဒီကိစ္စတွေကရော အခု ပပျောက်သွားပြီလား။
ဖြေ ။ ။ တချိန်ကမဟုတ်ဘူး၊ အခုထိလဲ ရှိနေတုန်းပါ။ ရှိလို့ ကျနော်တို့အသင်းဆိုရင် မှတ်မှတ်ရရ လွန်ခဲ့တဲ့နှစ် မတ်လလောက်က ရုပ်ရှင်အစည်းအရုံးနဲ့ တွေ့ဆုံပြီးတော့ ဒီကိစ္စတွေကို ရှင်းခဲ့ရသေးတယ်။ တခါ သဘင်အစည်းအရုံးနဲ့ တွေ့ပြီး ဒီကိစ္စတွေကို ကျနော်တို့ဘက်က ပြောပြခဲ့ပါသေးတယ်။ ဒီလို မသန်စွမ်းမှုကိုကြည့်ပြီး ဟာစရာ ဟာသလုပ်ခြင်းသည်က မသန်စွမ်းသူတွေ Disability တွေရဲ့ မွေးရာပါ အခွင့်အရေး Fundamental Rights ကို ချိုးဖောက်ရာ ရောက်တယ်ဆိုတာကို ပြောခဲ့ပါတယ်။
အဲဒီတော့ ဒါတွေကိုလည်း တဖြည်းဖြည်းနဲ့ပျောက်အောင် ကြိုးစားနေတယ်။ သို့သော် သဘင်အစည်းအရုံးက ဘာလုပ်သလဲဆိုတော့ ကြေညာချက်ပြန်ထုတ်ပြီး သူတို့သည် ဟာသ သရုပ်ဆောင်၊ ဟာသလူရွှင်တော်များကို ပြန်ပြီးပြောတာတွေ ရှိတယ်။ ရုပ်ရှင်အစည်းအရုံးကတော့ ဒါနဲ့ ပတ်သက်ပြီး နောက်ပိုင်း Action ယူတာတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့် ကျနော်တို့ အရမ်းစိုးရိမ်သလဲဆိုရင် ဒီ Celebraties တွေဖြစ်တဲ့ သရုပ်ဆောင်တွေက လူအများစုက သူတို့သရုပ်ဆောင်မှုတွေကိုကြည့်တယ်။ သူတို့စကားကို နားထောင်တယ်။ ကျနော်တို့ပြောတာထက် သူတို့ပြောတာကို နားထောင်တယ်။ ဒါကြောင့် သူတို့သည် မှန်ကန်တဲ့ အတွေးအခေါ် အယူအဆ ရှိနေကြမယ်ဆိုရင် သူတို့က ပြည်သူလူထုကို ပညာပေးလို့ရတယ်။ ပြောဆိုလို့ရတယ်။ ဒါကြောင့် ကျနော်တို့ ဒါကိုလည်း အဓိကထား ဆောင်ရွက်နေပါတယ်။ ပြောမယ်ဆိုရင်တော့ ဒီအသိုင်းအဝိုင်းထဲမှာ ဒါမျိုးတွေက အများကြီး ရှိနေပါသေးတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ အခု ကိုအောင်ကိုမြင့်ကို ဒီသင်တန်းကို ရွေးချယ်ပြီးတော့ ခေါ်လာတာ အမေရိကန်သံရုံးက ခေါ်လာတာ။ မြန်မာနိုင်ငံ အာဏာပိုင်တွေကရော ဒီလို ပုဂ္ဂိုလ်တယောက်ကို ဒီလိုသင်တန်းမျိုး ပို့ရမယ်ဆိုတာကို ထည့်သွင်းစဉ်းစားကြပါရဲ့လား။
ဖြေ ။ ။ ကျနော် ဒီသင်တန်းကို လျှောက်ခဲ့တာ မဟုတ်ဘူး။ အမေရိကန်သံရုံး ရန်ကုန်မြို့က သူတို့ဘာသာသူတို့ Nominate လုပ်ပြီး ခေါ်တာပါ။ နိုင်ငံတော်အစိုးရကတော့ ဒါမျိုးကို မစဉ်းစားပါဘူး။ စဉ်းစားဖို့လဲ သူတို့မှာ ပြောရမယ်ဆိုရင်တော့ အခြေအနေမပေးဘူးလို့ မြင်ပါတယ်။ သို့သော် သူတို့ နိုင်ငံတကာကနေ အစိုးရအချင်းချင်း ချိတ်ဆက်ပြီးတော့ မသန်စွမ်းသူတွေကို ဖိတ်ကြားချင်တယ်ဆိုရင်တော့ လူမှုဝန်ထမ်းဝန်ကြီးဌာန - Ministry of Social Welfare ကို ရောက်သွားတယ်။ အဲဒါကြောင့် သူတို့က ဖိတ်တာမျိုးရှိတယ်။
မေး ။ ။ နောက်တခုက မြန်မာနိုင်ငံထဲမှာ သွားရေးလာရေးကိစ္စ အစစအရာရာ မသန်စွမ်းသူတွေအတွက် အဆင်ပြေချောမွှေ့အောင် လုပ်ထားတာ ဘာရှိပါလဲ။ ဥပမာအားဖြင့် ဒီနိုင်ငံတွေ တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် အဆင်ပြေအောင် ကားပေါ်တက်တာကအစ အဆင်ပြေအောင် လုပ်ပေးတယ်။ လမ်းဘေးပလက်ဖောင်းကအစ Wheelchair Friendly ဖြစ်အောင် လုပ်ပေးထားတာတွေ အများကြီးရှိပါတယ်။ ဗမာပြည်မှာ အဲဒီလောက်အထိ နေရာအနံှ မလုပ်နိုင်တောင်မှ မသန်စွမ်းသူတွေအတွက် ထည့်သွင်းစဉ်းစားတဲ့ စဉ်းစားချက်မျိုး ရှိပါလား။
ဖြေ ။ ။ အရင်တုန်းကတော့ ထည့်သွင်းစဉ်းစားတာမျိုး မရှိခဲ့ဘူး။ သူတို့ စဉ်းစားရကောင်းမှန်လဲ မသိခဲ့ပါဘူး။ ဒါက ၂၀၁၁ ရှေ့ပိုင်းကို ပြောတာပါ။ အခုနောက်ပိုင်းကြတော့ တဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ Advocacy လုပ်မှု၊ တွေ့ဆုံဆွေးနွေးမှုတွေမှတဆင့် စဉ်းစားရမယ်ဆိုတာကို သိလာပြီ။ သိပေမယ့် သူတို့မှာ ဘာပြဿနာ ဖြစ်လဲဆိုတော့ ရန်ပုံငွေ ခွဲဝေချထားမှု အခြေအနေပေါ် မူတည်ပြီး၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပေါ် မူတည်ပြီးမှ ရှေ့တန်းတင်ပြီး ဦးစားပေးအဆင့်ထဲမှာ အခုထိတော့ မရောက်သေးတာကို ဝမ်းနည်းစွာ တွေ့နေရတာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆို ရောက်သင့်ပြီ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့ (၄.၆) ရာခိုင်နှုန်း၊ တနည်းအားဖြင့် (၂၃) သိန်းသော မသန်စွမ်းမှု နိုင်ငံသားတွေက နည်းတဲ့အင်အားတော့ မဟုတ်ဘူး။ ဒါကြောင့် အခုတော့ စဉ်းစားလာကြပြီ။ ထည့်သွင်းစဉ်းစားလာကြပြီ။ တချို့အပိုင်းလေးတွေ လုပ်လာကြတာကို တွေ့ရပြီ။ ဒါပေမဲ့ တကယ့်တကယ် ကြီးမားတဲ့ အပြောင်းအလဲနဲ့ အရှိန်ဟုန်မြှင့်ပြီး ပြောင်းလဲလုပ်နေတာမျိုး မတွေ့ရသေးပါဘူး။
မေး ။ ။ မသန်စွမ်းသူက (၂၃) သိန်းတော့ ရှိတယ်ဟုတ်လား။
ဖြေ ။ ။ မသန်စွမ်းသူ လူဦးရေက (၂၃) သိန်း ရှိပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းရဲ့ ရလဒ်ကို ပြောတာပါ။ ၂၀၁၄ သန်းခေါင်စာရင်းထဲမှာ မေးခွန်း (၄၁) ခုထဲမှာ (၃၃) ခုမြောက်က မသန်စွမ်းကို ထည့်ရေးထားပါတယ်။ ကျနော်တို့အပါအဝင် အခြားမသန်စွမ်းသူတွေ တိုက်တွန်းပြီးတော့မှ လုပ်ခဲ့လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ဒါကို ကောက်ခံခဲ့တာပါ။ ဒါကတော့ တကယ်တော့ ပြီပြည့်စုံပြီးတော့ တိကျတဲ့ဟာ မဟုတ်ပါဘူး။ ကမ္ဘာ့ရဲ့ အစီရင်ခံစာမှာဆိုရင် တကမ္ဘာလုံးမှာ (၁၅) ရာခိုင်နှုန်း ရှိပါတယ်။ မြန်မာနိုင်ငံ ပိုရှိမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက် ပဋိပက္ခတွေ များနေတော့ ပိုရှိတယ်။ ကျနော်တို့ရဲ့ မှတ်တမ်းတွေအရ တကမ္ဘာလုံးမှာ ကောက်တဲ့စစ်တမ်းတွေအရ မသန်စွမ်းမှု ဖြစ်တယ်ဆိုတာက ပဋိပက္ခဖြစ်ရင် လူတယောက်သေရင်၊ သုံးယောက် မသန်စွမ်း ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ သေနိုင်လောက်တဲ့ဒဏ်ရာ မဟုတ်ဘဲ၊ အပြင်းအထန် ဒဏ်ရာ ထိခိုက်အနာတွေ၊ ချို့ယွင်းသွားတာတွေ ရှိတယ်။ မသန်စွမ်း ဖြစ်သွားတာပေါ့။
မေး ။ ။ (၂၃) သိန်းဆိုတာ နည်းတဲ့လုပ်အား အင်အားမဟုတ်ဘူးဆိုတော့ အလုပ်အကိုင် လျှောက်ထားတဲ့ နေရာမှာကော တန်းတူအခွင့်အရေးပေးတာ ခံရပါသလား။ ခွဲခြားဆက်ဆံမှု ဖြစ်ခံနေရတုန်းလား။
ဖြေ ။ ။ ခွဲခြားဆက်ဆံမှုတွေ ခံနေရတုန်းပါပဲ။ ဒါပေမဲ့ ၂၀၁၁ ရှေ့ကထက် နှိုင်းယှဉ်ရင်တော့ အသိအမှတ်ပြုလာတဲ့ လူတန်းစားအဖွဲ့အစည်းတွေ ရှိလာကြပြီ။ အစိုးရမဟုတ်တဲ့ လူမှုအခွင့်အရေး အဖွဲ့အစည်းတွေက သူတို့ရဲ့ CSR Program ထဲမှာ ထည့်သွင်းပြီးတော့ စဉ်းစားလာကြတယ်။ ဘယ်လိုလုပ်ပေးရင် အဆင်ပြေမလဲဆိုတာကို ကျနော်တို့ ကြိုတင်ညှိနှိုင်းတာတွေ လုပ်လာကြတယ်။ နောက်တခုက အဲဒီလို ညှိနှိုင်းတဲ့အခါမှာ မသန်စွမ်းသူ အလုပ်လုပ်ကြမယ့် လုပ်ငန်းခွင်ဝန်းကျင်ကိုလည်း ပြင်ဆင်ပေးတာတွေလည်း ရှိလာကြပြီ။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာကတော့ အစိုးရဝန်ကြီးဌာနတွေမှာ အစိုးရဝန်ထမ်းတွေအနေနဲ့ ဒါမျိုး ရွေးချယ်ခန့်ထားတာတွေ တော်တော်နည်းတယ်။ အထူးသဖြင့် ပညာရေးဝန်ကြီးဌာနအောက်က ဝန်ထမ်းတွေဆိုရင် မသန်စွမ်းသူတွေ ကျောင်းတက်ပြုခွင့်၊ ခန္ဓာကိုယ် ချို့ယွင်းအားနည်းမှုကြောင့် ပညာရေးဝန်းထမ်း၊ ကျောင်းဆရာ၊ ဆရာမတွေအဖြစ် လက်မခံတာ။ အတတ်သင်ကောလိပ်တွေမှာ လက်မခံခဲ့တာတွေက အခု လွန်ခဲ့တဲ့ (၁) နှစ်၊ (၂) နှစ်အထိကို ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သေးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ပညာရေးဝန်ကြီးဌာနက တော်တော်လေးတော့ ဖြေလျှော့လာပါပြီ။ ဖြေလျှော့ရမယ်ဆိုတာလည်း သူတို့ လက်ခံလာကြပါပြီ။
မေး ။ ။ ကျနော် ဒီနေရာမှာ ထပ်ပြီးမေးချင်သေးတာက မသန်စွမ်းသူအချင်းချင်းမှာလည်း ဥပမာ ရဲဘော်ဟောင်း ဆိုကြပါစို့ .. စစ်မှုထမ်းပြီးတော့ ဖြစ်လာတဲ့လူတွေကြတော့ ရာထူးရနေတဲ့လူတွေ တော်တော်များများ ရှိနေသေးတယ်။ အဲဒီကိစ္စကို ဘယ်လိုမြင်ပါလဲ။ အဲဒီဟာကော မျှတတယ်လို့ ထင်ပါသလား။
ဖြေ ။ ။ အဲဒါကို ကျနော့်အမြင် ပြောရရင်တော့ ကျနော်တို့လို မွေးရာပါ မသန်စွမ်းနဲ့ မတော်တဆမှု - မတော်တဆမှုဆိုတာ ဒီပဋိပက္ခကြောင့် မဟုတ်ဘဲ၊ တပ်မတော်က မဟုတ်ဘဲဖြစ်တဲ့ မသန်စွမ်းတွေရဲ့ အခြေအနေက အခွင့်အရေး ပိုဆုံးရှုံးတာပေါ့။ တပ်မတော်မှာ နိုင်ငံ့တာဝန်ထမ်းဆောင်ပြီး မသန်စွမ်းဖြစ်သွားသူတွေကတော့ အခွင့်အရေးရတာပေါ့။ ဒါကတော့ အခွင့်အရေး သူတို့ဘာကြောင့်ရသလဲဆိုတော့ သူတို့ကို အခွင့်အရေးပေးမယ့်လူက ရှိနေတာကို။ ကျနော်ဘက်ကတော့ အဲဒီလို မရှိဘူးလေ။ ဆိုတော့ သူတို့ကလဲ တချို့ကြတော့ ခြေတဖက် ပြတ်သွားရင် မသန်စွမ်းလို့ မခံယူချင်ဘူး။ ခြေတုကောင်းကောင်းလေး တပ်ထားရင် မသန်စွမ်းလို့ မခံချင်ဘူး။ အဲဒီပြဿနာ။ တချို့တပ်မတော်သားတွေကြတော့ တကယ်ပဲ ရာထူးနိမ့်တဲ့လူတွေကြတော့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီး ခြေလက်ဆုံးရှုံးသွားတယ်။ သူတို့ကြတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အလုပ်ကြမ်းတွေ လုပ်ကြရတယ်။
သူတို့ဘဝကြတော့ တကယ်ပဲ ဝမ်းနည်းစရာ ကောင်းပြန်တယ်။ ဒါကြောင့် အဲဒီလို အခွင့်အရေး ရနေတယ်ဆိုတာဟာ လူတန်းစားအလွှာ၊ အနည်းငယ်သော လူတန်းစားအလွှာသာ ဖြစ်ပါတယ်လို့ ပြောချင်တယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ဘာမှစိတ်မရှိဘူး။ ဝမ်းသာပါတယ်။ ဒါပေမဲ့လဲ သူတို့ကိုယ်သူတို့လည်း မသန်စွမ်းသူလို့ ခံယူသင့်တယ်။ တချို့ကြတော့ အခုနပြောတဲ့ နိမ့်ပါးတဲ့ လူတန်းစားအလွှာကြတော့ သူတို့ကို မသန်စွမ်းလို့ခေါ်တာ မကြိုက်ဘူး။ မသန်မစွမ်းလို့ ခေါ်ဖို့ ဒါမှ နိုင်ငံတော်အစိုးရက၊ တပ်မတော်က ပြန်လည်ထောက်ပံ့မှုတွေ ပေးမယ်ဆိုတဲ့ အဲဒီလို ခံယူချက်တွေ သူတို့မှာရှိတယ်။ သူတို့ကိုလည်း ကျနော်တို့ ကြိုးစားပြီးတော့မှ စိတ်ဓါတ်တွေ၊ ခံယူချက်တွေ ပြောင်းလာဖို့ ပြင်ပေးရအုံးမှာ ဖြစ်ပါတယ်။