သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတိထားသင့်တဲ့ နိုင်ငံတကာမက်လုံး


မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။
မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။

လုံခြုံကောင်စီ ဆုံးဖြတ်ချက်နဲ့ အမေရိကန်ရဲ့ ဥပဒေအပါအဝင် နိုင်ငံတကာ အကူအညီတွေကြောင့် မြန်မာ့ဒီမိုကရေစီရေးအတွက် စိတ်အားတက်ရတဲ့အချိန်မှာပဲ အမေရိကန်နဲ့ ဒီမိုကစေီနိုင်ငံတချို့က ကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့လက်နက်ထုတ်လုပ်ရေးကို ကူညီလုပ်ဆောင်နေတဲ့သတင်း ပေါ်ထွက်လာခဲ့ပါတယ်။ ဆိုတော့ကာ ဒီနိုင်ငံတကာအကူအညီဆိုတဲ့ မက်လုံးတွေ ပုံအောပြီး၊ ယုံကြည်အားကိုးသင့်ပါသလား။ ဆင်ခြင်သင့် ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တာတွေ ဘာတွေရှိပါသလဲ၊ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီနေ့ဆွေးနွေးတင်ပြချင်တဲ့ အကြောင်းအရာကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်လှုပ်ရှားမှု အရှိန်ရနေတယ်။ အားတက်စရာကောင်းတဲ့ အခြေအနေလို့ လူတိုင်းမှတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ မှားယွင်းတဲ့ မျှော်လင့်ချက်တွေ၊ လွှဲမှားတဲ့ ယုံကြည်မှုတွေ၊ ထားမိတာများ ရှိခဲ့ရင် ဘယ်လောက်အန္တရာယ် ဖြစ်နိုင်မလဲဆိုတာကို ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ ကျနော် ဒီခေါင်းစဉ်ကို ဆွေးနွေးဖို့ အတော်လေး အချိန်ယူပြီး စဉ်းစားပါတယ်။ ဒီလိုဆွေးနွေးလိုက်ခြင်းအားဖြင့် ဒီလှုပ်ရှားမှုကို အဖျက်သဘောမြင်တယ်၊ negative အမြင် မြင်တယ်လို့များ အပြောခံရမလားဆိုတာလဲ စဉ်းစားစရာ ဖြစ်တယ်။ ဒါကြောင့် ဆရာနဲ့မှ ဆွေးနွေးရင် ဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။ အဓိက ကျနော် တွေ့လာမိတာက နိုင်ငံတကာ ထောက်ခံပံ့ပိုးမှုကို ကြည့်မယ်ဆိုရင် လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချတယ်။ အမေရိကန်က ဥပဒေကို ပိုပြီးတော့ ထိထိရောက်ရောက် လုပ်လာတယ်။ သိပ်တက်ကြွဖို့ ကောင်းပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများ နိုင်ငံပေါင်း ဆယ့်သုံးနိုင်ငံက ကုမ္ပဏီကြီးတွေက မြန်မာစစ်ကောင်စီ ပြည်တွင်းမှာ လက်နက်ထုတ်လုပ်ဖို့အတွက် သူတို့က အဓိကကူညီပံ့ပိုးနေကြတယ်ဆိုတော့ တော်တော်လေး စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။

ဖြေ ။ ။ ပထမတချက်က ကျနော်တို့ ၁၉၉၀ ရွေးကောက်ပွဲအပြီး၊ ကျနော် အိန္ဒိယနိုင်ငံကို ထွက်တဲ့အခါ၊ နယူးဒေလီမြို့ကို ရောက်ခါစ၊ နယူးဒေလီမြို့မှာရှိတဲ့ India International Center ဆိုတဲ့ တကယ့်ကို ပညာတတ်နဲ့ သံတမန်အသိုင်းအဝိုင်းတွေ စုဝေးတဲ့နေရာမှာ ဗမာ့အရေးကွန့်ဖရန့်ကို လုပ်ပါတယ်။ လုပ်တဲ့အခါ ကျနော့်ကို မေးကြတယ်။ ဘယ်တော့ မြန်မာပြည် ပြန်နိုင်မလဲဆိုတော့ ကျနော်က အဲဒီတုန်းက ပြောလိုက်တာ (၂) နှစ်နေရင် ကျနော်တို့ ပြန်နိုင်မယ်လို့ ကျနော် ဖြေခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့အားဖြင့် (၂၄) နှစ် ကြာခဲ့တယ်။ ဒါက ပထမအချက်။ တကယ်လုပ်နေတဲ့ လူတွေဟာ ကိုယ်လုပ်ရမယ့်အလုပ်အတွက် အပေါင်းသဘော၊ အပြုသဘော ဖြစ်နိုင်တယ်လို့ မြင်ခြင်းဟာ အားတခုဖြစ်တဲ့အတွက် ဒီဟာကို မှားတယ်လို့တော့ မယူဆပါဘူး။ မေးခွန်းထဲက ဒုတိယအပိုဒ်ဖြစ်တဲ့ နိုင်ငံတကာနဲ့ လက်နက်ထုတ်လုပ်မှု အနေအထား - ဗမာနိုင်ငံဟာ ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေနဲ့ မတူတဲ့အနေအထား ရှိတော့ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှု၊ အကူအညီပံ့ပိုးမှုဟာ ဗမာပြည်အတွက် အတိုင်းအတာ အင်မတန်မှ သေးမွှားတယ်လို့ မြင်တယ်။ တတိယအချက်က စစ်ကောင်စီက အခု (၂) နှစ်ရှိပြီ၊ (၂) နှစ်အတွင်းမှာ နိုင်ငံတကာ စင်မြင်မှာ ကျပြီးရင်ကျပြီ၊ နည်းပြီးရင်နည်းနေတယ်။ ပြည်တွင်းမျက်နှာစာမှာတော့ ပြည်သူလူထုဘက်က အသေခံ၊ မီးလောင်ခံပြီးတော့ တိုက်နေတဲ့ အင်အားစုက ပိုတိုးလာတဲ့အနေအထား၊ အခင်းအကျင်း ဖြစ်ပါတယ်။ နောက်ဆုံး ဒီမေးခွန်းကို ဖြေချင်တာက လက်နက်အရောင်းအဝယ်ကိစ္စ - လက်နက်ထုတ်လုပ်မှုက ကမ္ဘာပေါ်မှာ အင်မတန်မှ ပမာဏအတော်ကြီးတယ်။ အမေရိကန်ဆိုရင် နံပါတ်တစ်။ တရုတ်၊ အိန္ဒိယလည်း ပါတယ်။ ဆိုတော့ ဘယ်အစိုးရတက်နေနေ၊ လက်နက်ရောင်းရဖို့အတွက် လက်နက်ကုမ္ပဏီတွေက ကြိုးစားကြတယ် နည်းမျိုးစုံနဲ့။ ဒါကြောင့် စစ်အစိုးရ ဘယ်လောက်ရုပ်ဆိုးဆိုး၊ ဘယ်လောက်လူတွေသတ်သတ်၊ လက်နက်ထုတ်လုပ်မှုကိုတော့ လိုက်ကူညီနေကြမှာ ဖြစ်တယ်။ အချုပ်ကတော့ လက်တွေ့လုပ်နေတဲ့လူတွေက ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိပြီးတော့၊ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ ကျနော် ယူဆပါတယ်။

မေး ။ ။ ဒီလိုအချိန်မျိုးမှာ မကြာခင် ပွဲပြီတော့မယ်။ စစ်ကောင်စီပြုတ်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်၊ လပိုင်းပဲ လိုတော့တယ် စသည်ဖြင့် ပြောဆိုရေးသားနေမှုတွေဟာ လိုအပ်တာထက် ပိုပြီးတော့၊ မှန်းဆရေးသားရာ မရောက်ဘူးလား။ ဒီလိုရေးသားတာဟာ တကယ့်အနစ်နာခံ၊ အသေခံပြီး လုပ်နေကြတဲ့ လူတွေအတွက် မှားယွင်းတဲ့ မျှော်လင့်ချက်တွေပေးရာ မရောက်ဘူးလားဆိုတာလဲ ကျနော် စိုးရိမ်ပါတယ်။ ဒီနေရာမှာ တချို့ professional မဟုတ်တဲ့၊ တာဝန်မဲ့ ပုဂ္ဂိုလ်တဦးချင်းဆီလည်း အခုက အွန်လိုင်းမှာ Social Media တွေမှာ ထင်သလိုရေးနေကြတော့ ဒီဟာတွေရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့လဲ ကျနော် စိုးရိမ်ပါတယ်။

ဖြေ ။ ။ ဒီမေးခွန်းက အင်မတန်မှ အရေးကြီးတယ်လို့ ကျနော် မြင်ပါတယ်။ အသက်အိုးအိမ် စည်စိမ်နဲ့အမျှ အရေးကြီးတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကျနော်တို့တုန်းက ၇၄ နှစ်ကာလနဲ့ အခုဖြစ်နေတဲ့ နွေဦးတော်လှန်ရေး အတော်ကို မတူပါဘူး။ မေးခွန်းထဲမှာပါသလိုပဲ Facebook account ရှိတဲ့ လူတဦးဟာ အယ်ဒီတာချုပ်လို ကိုယ့်ကိုယ်ကို ယူဆပြီးတော့ ရေးနေကြတဲ့ လူအရေအတွက် မနည်းဘူးလို့ ကျနော် ယူဆပါတယ်။ နောက်တခါ ပထမမေးခွန်းကတော့ အပြုသဘော၊ အကောင်းသဘော မြင်တယ်ဆိုတာ၊ မှန်တယ်ဆိုတာ တကယ့်တာဝန်ရှိရှိ လုပ်နေတဲ့ လူတွေကိုသာ ရည်ရွယ်တာဖြစ်ပြီးတော့ အခု social media မှာ အပျက်ကော၊ အကောင်းကော ရေးချင်တိုင်း ရေးနေတဲ့ လူတွေဟာ သူတို့ကိုယ်တိုင်က တကယ့်အန္တရာယ်ရှိပုံ မရဘူး။ အခန်းထဲမှာ၊ ကားပေါ်မှာ၊ ဆိုင်ကယ်ပေါ်မှာ မိုဘိုင်ဖုန်း၊ အိုင်ဖုန်းလေးသုံးပြီးတော့ ရေးနေကြတာ။ တကယ်လုပ်နေတဲ့လူက တောထဲမှာ တောင်ပေါ်မှာ တကယ့်ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြတော့ သူတို့အတွက် ကိုယ့်ရဲ့စကားလုံးတခုကြောင့်၊ သတင်းတခုကြောင့်၊ ကိုယ့်ရဲ့ပို့စ်တခုကြောင့် အသက်အိုးအိမ်စည်စိမ်တွေ ဒုက္ခရောက်မယ်ဆိုတဲ့ အန္တရာယ်ကိုလည်း သက်ညှာတယ်လို့ ကျနော် ယူဆတယ်။ အဲဒီတော့ ဒီနေရာမှာ နှစ်ခု ရှိတယ် - တကယ်လုပ်နေတဲ့ လူတွေကတပိုင်းနဲ့ social media မှာ လက်လွတ်စပယ် တာဝန်ကင်းမဲ့စွာနဲ့ ရေးနေတဲ့ လူတွေက အဲဒီ့တကယ်လုပ်နေတဲ့ လူတွေရဲ့ အသက်အိုးအိမ်စည်စိမ်တွေကို ရောင်းစားရာရောက်တဲ့အတွက် ဒါဟာ မဖြစ်သင့် မဖြစ်ထိုက်ဘူးလို့ ကျနော် အခိုင်အမာယူဆပါတယ်။

မေး ။ ။ ဆိုတော့ တကယ်အသက်စွန့်ပြီး လုပ်နေတဲ့လူတွေ social media တွေမှာ ထင်သလိုကောက်ရေးနေကြတာကို မယုံမိကြဖို့လည်း အရေးကြီးတာပေါ့။ အသက်စွန့်ပြီး လုပ်နေတဲ့လူတွေကတော့ သိလောက်မယ်ထင်ပါတယ်။ တကယ်လို့များ သူတို့ကိုများ အသိပေးဖို့ လိုတယ်ဆိုရင် ကျနော်တို့က ဘယ်လို အသိနဲ့ တုံ့ပြန်သင့်သလဲ။ မီဒီယာတွေကလည်း ပြောစရာရှိရင် ပြောပါ။

ဖြေ ။ ။ တကယ့်လုပ်နေတဲ့လူ၊ ဆုံးဖြတ်ချက်တွေ ချနေတဲ့လူ၊ အသင်းအဖွဲ့တွေ၊ နောက်တခါ ဖြေခဲ့တဲ့ လက်လွတ်စပယ် ရေးနေကြတဲ့လူတွေအပြင် ကြားတပိုင်း ရှိသေးတယ်။ ကြားတပိုင်းက ပိုပြီးတော့ ဝေဝါးကြတယ်။ အဲဒီအပိုင်း (၃) ခုဟာ မညီမျှဘူးလို့ ကျနော် ယူဆတယ်။ တာဝန်သိမှု၊ ရှိမှုနဲ့ လုပ်သင့်ကြတယ်။ အထက်ပိုင်း ဆုံးဖြတ်ချက်ချတဲ့ လူတွေကတော့ အရှိတရားကို နားလည်ကြလိမ့်မယ်လို့ ကျနော် အကောင်းမြင်လာတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ စာရင်းဇယားကိန်းဂဏန်းတွေနဲ့ အထောက်အကူပြု အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေကြတယ်။ လက်တွေ့မှာလည်း နိုင်ငံတကာမှာပဲဖြစ်ဖြစ် ပြည်တွင်းအခြေအနေကို ထိဆက်နေကြတော့ သူတို့ကတော့ အမှန်တော့သိတယ်။ သို့သော် အဲဒီအရေအတွက်က နည်းတယ် ကျနော့်အမြင်ပေါ့။ အဲဒီတော့ ခပ်ပေါ့ပေါ့၊ ခပ်လွယ်လွယ် ရေးနေကြတဲ့ လူတွေဟာ တိုင်းပြည်အတွက်၊ လှုပ်ရှားမှုအတွက်၊ တော်လှန်ရေးအတွက် သတိကြီးကြီးကို ထားသင့်ကြတယ်။ အဲဒီတော့ ဒီဟာတွေကို မှန်ကန်တည့်မတ်အောင် ရေးသင့်ကြတယ်။ ကျနော်မြင်တာ နောက်တချက် ဒီမေးခွန်းကို ဖြည့်ပြောပါရစေ - တတိယအကြိမ် အာဏာသိမ်းပြီးတဲ့အခါ အပြောင်းအလွဲကြီးတွေက ကြီးကြီးမားမားကို ဖြစ်တယ်။ ဖြစ်တဲ့နေရာမှာ ကျနော် ထောက်ပြလိုတဲ့ အချက်တခုက လူတွေရဲ့ တွေးခေါ်စဉ်းစားမှုနဲ့ လူတွေရဲ့ ရေးသားပြောဆိုမှု၊ လုပ်ကိုင်မှုတွေက ဟိုးအရင်ကနဲ့ မတူအောင် ဖြစ်သွားတယ်။ အဲဒီမှာ ရဲရဲဝံ့ဝံ့ စုံစမ်းနိုင်စွမ်းတွေ ရှိသလို၊ လက်လွတ်စပယ်နဲ့ တနည်းအားဖြင့် ပြောင်းပြန်ကျတဲ့ အယူအဆတွေပါ လွှမ်းမိုးပြီးတော့ လူတွေမှာ အမြင်၊ အပြော၊ အရေး၊ အလုပ်တွေ ဖြစ်လာတယ်လို့ ယူဆတယ်။ ခြုံငုံပြီး သုံးသပ်လိုက်တာ။ ဒီဟာ အနာဂတ်အတွက်လည်း မကောင်းဘူး။ ကျနော်တို့ ပြောနေကြတယ် - မျိုးဆက်သစ်ဆိုတာ သတ္တိရှိရုံတင်မကဘူး၊ ဉာဏ်ရည်လည်း ရှိရတယ်။ ကျနော် ဆေးပညာမေးခွန်းတွေ ဖြေတဲ့အခါမှာ အသုံးအနှုန်းလေးတခု ရှိပါတယ်။ ဆေးနည်းတခုကို စေတနာနဲ့ ပေးလိုက်တာ ဖြစ်ပေမဲ့ အဲဒီဆေးနည်း မှားလို့ရှိရင် လူနာ ဒုက္ခရောက်တယ်။ တနည်းအားဖြင့် စေတနာမှာ ပညာမပါရင် ဒုက္ခရောက်စေတယ်လို့ ကျနော်က သုံးသပ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးမှာလည်း အဲဒီအတိုင်းပဲ စေတနာနဲ့ ကောင်းစေချင်လို့ နိုင်စေချင်လို့ အောင်စေချင်လို့ လုပ်သော်လည်းပဲ ပညာမပါရင် အချည်းနှီးဖြစ်ပြီး ဒုက္ခကို ပိုရောက်စေနိုင်တယ်လို့ ကျနော် သတိပေးပါရစေ။

မေး ။ ။ တကယ်တော့ အခု ခုခံတွန်းလှန်နေတဲ့ အင်အားစုတွေလည်း တိုင်းပြည်ရဲ့ ဝေဒနာကို ဆေးကုနေကြတဲ့ လူတွေပေါ့။ ကုစားဖို့ ကြိုးပမ်းနေကြသူတွေပေါ့။ နောက်တခု ကျနော် ပြောချင်တာက နိုင်ငံတကာကိုလည်း မစားရ ဝမခန်း ပြောနေကြတယ်လို့ တခါတခါ ကျနော် စဉ်းစားတယ်။ ဒီလူတွေက ရေစတဘက် မီးစာတဘက်များ လုပ်နေကြလေလား။ သူတို့ကတော့ ငါတို့မသိဘူး - စင်္ကာပူက ပြောတယ်။ သူတို့ဆီက မလုပ်ပါဘူးလို့ ကန့်ကွက်တာ တွေ့ပါတယ်။ တခြားနိုင်ငံတွေကတော့ အဲဒီလို တရားဝင်ပြောတာတော့ အခုအချိန်အထိ မီဒီယာပေါ် တက်မလာသေးဘူး။ သို့သော်လဲ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်တယ်၊ ပိတ်စို့တယ်ဆိုပြီးပြောနေတဲ့ နိုင်ငံတွေက ကုမ္ပဏီတွေက စစ်တပ်ကို လက်နက်ထုတ်လုပ်မှု ကူညီနေကြတယ်ဆိုတော့ အတော်လေးတော့ စိတ်ပျက်စရာကောင်းတယ်။ အဲဒီအထဲမှာ နိုင်ငံပေါင်း ဆယ့်သုံးခု ပါတယ်။ ရုရှား၊ စင်္ကာပူ၊ သြစတြေးလျ၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ယူအက်စ်အေ၊ အစ္စရေးလ်၊ ယူကရိန်း ပါတယ်ဆိုတော့ - တရုတ်နဲ့ ရုရှားတော့ ထားလိုက်တော့ - ဒါကိုတော့ ကျနော်တို့ နားလည်နိုင်တယ်။ သူတို့တွေက စစ်တပ်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံနေတာ။ ကျန်တဲ့လူတွေက မသူတော်တွေ ဖြစ်နေပါလား။

ဖြေ ။ ။ NLD ခေါင်းဆောင် ဆရာဦးဝင်းတင် လွတ်လာတဲ့အချိန်မှာ နိုင်ငံတကာက ကျနော်တို့ ဗမာပြည် အခြေအနေကို မသိဘဲနဲ့ တွန်းပြီးတော့ စစ်အစိုးရဘက်ကို ပေးနေတယ်လို့ ကျနော် ပြောတဲ့အခါမှာ ဆရာဦးဝင်းတင်က ဖြေပါတယ် - မဟုတ်ဘူးဆရာ၊ သိရဲ့သားနဲ့ လုပ်နေတာလို့ ပြောပါတယ်။ မှန်ပါတယ်။ နိုင်ငံတကာဆိုတာ အဲဒီအတိုင်းပဲ ဘယ့်နိုင်ငံရဲ့ အရေးအခင်းမဆို ကူသင့်တာ၊ ပြောသင့်တာ စသည်ဖြင့် လူ့အခွင့်အရေးကိစ္စ၊ ဒုက္ခသည်ကိစ္စ၊ ပြောကြကူကြပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူလူထု လိုချင်တဲ့ အပြောင်းအလဲအထိ သူတို့ဟာ ကူညီကြတာ မဟုတ်တာများတယ်။ သူတို့ရဲ့ နိုင်ငံရေးအကျိုးစီးပွားအပြင် စီးပွားရေးအကျိုးစီးပွားပါ အကြီးကြီးတွေ ရှိနေလေတော့ ဒီအတွက်လည်း သူတို့လုပ်ကြတာ အမှန်ပဲ ဖြစ်ကြတဲ့အတွက် ကျနော်တို့ဟာ နိုင်ငံတကာက ဒို့ဘက်ပါတယ်လို့တော့ လေထဲတိုက်အိမ်ဆောက်သလို မမျှော်လင့်သင့်ကြဘူး။ ကူလုပ်သင့်တာကိုပင် ဉာဏ်သုံးပြီးတော့ ဆောင်ရွက်ကြသင့်တယ်လို့ ကျနော် ဖြေပါရစေ။ နိုင်ငံတကာကို သိပ်ပြီးတော့ မမျှော်လင့်နဲ့ နိုင်ငံတကာကြောင့် ကျနော်တို့တိုင်းပြည် ပြောင်းသွားမှာလည်း မဟုတ်ဘူး။ ပြောင်းလို့ရှိရင်လည်း မကောင်းဘူး။ ကျနော်မြင်တာကတော့ ကိုယ်တိုင်လုပ်ပြီးတော့ ကိုယ့်အင်အားစုနဲ့ နိုင်ငံတကာက ဘေးကပံ့ပိုးမှု အတိုင်းအတာတခုထက်ပိုပြီးတော့ မမျှော်လင့်ကြဘူး။ လက်တွေ့ကျကျ ကိုယ်လုပ်စရာရှိတာကို လုပ်သင့်တယ်ဆိုတာကို ကျနော် ပြောပါရစေ။

==== Unicode ======










XS
SM
MD
LG