သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယမ်းငွေ့ဝေဆဲ ငြိမ်းချမ်းရေး


ယမ်းငွေ့ဝေဆဲ ငြိမ်းချမ်းရေး
please wait

No media source currently available

0:00 0:12:13 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားခိုင်မာရေး ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အလားအလာကောင်းအားလုံးဟာ ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုအပေါ် အဓိက မူတည်နေတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ လူတိုင်းလဲသိနေ ပြောနေကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ငြိမ်းချမ်းရေးအခြေအနေ မှေးမှိန်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာနေပါတယ်။ ဘာကြောင့်ပါလဲ။ ငြိမ်းချမ်းရေးရနိုင်မဲ့ အလားအလာကော ရှိပါရဲ့လား၊ မြန်မာ့အရေးသုံးသပ်သူတွေ ဖြစ်ကြတဲ့ သတင်းစာဆရာကြီး ဦးကျော်ရင်မြင့်၊ ဦးဝင်းမင်းတို့နဲ့ ဦးကျော်ဇံသာတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအရေးကို စဉ်းစားလိုက်တိုင်း အစစအရာရာ တိုးတက်မယ့်ကိစ္စဟာ ပြည်တွင်းငြိမ်းချမ်းရေးက အဓိကကျတယ်လို့ပဲ စဉ်းစားမိပါတယ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးအလားအလာ ဘယ်လောက်အထိ နီးစပ်လာပြီလဲ။ ကိုဝင်းမင်း ကို အရင်မေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်ပြီးတော့ ယေဘုယျ သုံးသပ်ပါ။ အခု ဘယ်လောက် နီးစပ်ပြီလဲလို့ ထင်ပါလဲ။

ဦးဝင်းမင်း ။ ။ အခုနောက်ဆုံး ဖြစ်နေတဲ့ တိုက်ပွဲတွေ အနေအထားအရဆိုရင် အရင်ထက်စာရင် ငြိမ်းချမ်းရေးရဖို့ အလားအလာက အလှမ်းနည်းနည်းလေး စကွာလာတယ်လို့ ပြောလို့ရတယ်။ အနည်းဆုံးတော့ လက်နက်ကိုင်အင်အားကြီးတခု၊ အဖွဲ့ဖြစ်တဲ့ ကချင် - သူတို့နဲ့က တိုက်ပွဲတွေ အတော်ပြင်းထန်လာတယ်။ အဲဒီအခါကြတော့ တခြားအဖွဲ့တွေနဲ့ ပြေလည်နေပေမယ့် အထူးသဖြင့် KIO လို အဖွဲ့မျိုးနဲ့ အမြန်ဆုံး ပြန်စေ့စပ်ဖို့ အနေအထားကတော့ နည်းနည်းအလှမ်းပြန်ဝေးသွားတယ်လို့ ယူဆရတဲ့အတွက် လောလောဆယ်မှာတော့ မြန်မြန်ဆန်ဆန် ငြိမ်းချမ်းရေးရဖို့ အနေအထားကတော့ မမြင်သေးဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ပြန်ဆုတ်တယ်လို့ ပြောရမှာပေါ့။ ဆရာဦးကျော်ရင်မြင့် သဘောထားကိုလည်း သိချင်ပါတယ်။

ဦးကျော်ရင်မြင့် ။ ။ ကျနော်လည်း ဆရာကိုဝင်းမင်းနဲ့ သဘောတူပါတယ်။ ကျနော်တို့ နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံ လုပ်တုန်းက KIO ကလည်း တက်တယ်။ သိပ်မဆိုးဘူး။ ငြိမ်းချမ်းရေးတော့ နီးပြီလို့ထင်နေရကနေ အခု တိုက်ပွဲတွေ ပြန်ပြင်းထန်လာတော့ ငြိမ်းချမ်းရေးက နောက်ကို နည်းနည်းပြန်ဆုတ်သွားတယ်လို့ အဲဒီလိုပဲ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း .. ဒီတိုက်ပွဲတွေ ပြန်ဖြစ်လာရတဲ့အကြောင်းရင်းကိုလည်း နည်းနည်းအကြမ်းမျဉ်း ပြန်သုံးသပ်ကြရအောင်ပါ။

ဦးဝင်းမင်း ။ ။ အဲဒါက အရေးကြီးတဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုလို ဒီတိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းကို သုံးသပ်နိုင်မှသာ အခုတိုက်ပွဲတွေကို ဘယ်လို ပြန်လျှော့ချမလဲ။ နောက်တခါ မဖြစ်အောင် ကာကွယ်မလဲ။ စဉ်းစားနိုင်မယ်။ အဓိကတော့ တိုင်းရင်းသားဘက်တွေက ထုတ်ပြောထားပါတယ်။ KIO ဆိုရင် သူတို့ ဗဟိုဌာနချုပ်ကို တဖြည်းဖြည်းနဲ့ နီးကပ်လာတယ်လို့ ခံစားရတယ်။ တချိန်ကြရင် သိမ်းယူဖို့အတွက် ဘေးနားမှာရှိတဲ့ အရေးပါတဲ့ နေရာတွေကို တဖြည်းဖြည်းသိမ်းယူလာတာ ဖြစ်တဲ့အတွက် တချိန်ကြရင် ဗဟိုဌာနချုပ်ပါ ကျသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ် သူတို့ဆီမှာ ရှိတယ်။ အဲဒီအခါကြတော့ ဗဟိုကို မကျခင်မှာ တခြား ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ အာရုံပြောင်းတဲ့အနေနဲ့ အရေးပါတဲ့ ပြည်တွင်းပစ်မှတ်တွေကို သူတို့က ဝင်ပြီးတော့ တိုက်ခိုက်တယ်လို့ ယူဆလို့ရပါတယ်။ အဲဒီအချိန်မှာ တချိန်တည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လက်မခံထားသေးတဲ့၊ သူတို့စိတ်ထဲမှာ ဘေးဖယ်ခံထားရတယ်လို့ ခံစားရတဲ့ (၃) ဖွဲ့ - AA ရခိုင်အဖွဲ့၊ ကိုးကန့်၊ တအောင်းပလောင် အဖွဲ့ (၃) ဖွဲ့ကလည်း သူတို့ ဆွေးနွေးပွဲကို ပါလာချင်တဲ့အတွက် အခုလို စစ်ရေးနည်းနဲ့ ဖိအားပေးတယ်ဆိုတဲ့ သဘောမျိုး သူတို့ စဉ်းစားပြီးတော့ လုပ်လာတာ ဖြစ်တဲ့အတွက် အဲဒီနှစ်ခုအောက်မှာ ဖြစ်လာတာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို ပြန်ပြီးတော့ ပြေလည်စေချင်တယ်ဆိုရင်တော့ ဆွေးနွေးမှုတွေ ပြန်လုပ်ပြီး၊ တဖြည်းဖြည်းနဲ့ ဆွေးနွေးပွဲတွေမှာ ပြန်ပါလာအောင် လုပ်ရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကိုဝင်းမင်း ပြောတဲ့အရဆိုရင် KIA နဲ့ ကျန်တိုင်းရင်းသား (၃) ဖွဲ့ကရော လုံခြုံရေးအတွက် စိုးရိမ်စိတ်ရယ်၊ ငြိမ်းချမ်းရေးထဲမှာ ပါဝင်စေချင်တယ်ဆိုတဲ့ စေတနာ တွေကိုပဲ တွေ့ရပါတယ်။ သူတို့က စစ်လိုလားတဲ့ သဘောထားကို မတွေ့ရဘူး။

ဦးဝင်းမင်း ။ ။ အဲဒီလို ပြောလို့ရပါတယ်။ သူတို့က အင်အားနည်းတဲ့အတွက် ဆွေးနွေးပွဲတွေမှာ သူတို့တွေက ဖယ်ထားတယ်လို့ ခံစားရတဲ့အတွက်။ အခုလိုမျိုး တိုက်ပြလိုက်ရင် သူတို့အပေါ် အရေးတယူ ထားပြီးတော့ ဆွေးနွေးပွဲကို ခေါ်လာမလဲ။ အဲဒီလိုမျိုး စဉ်းစားပြီး လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့လဲ အခုလို တိုက်လိုက်တဲ့အတွက်လဲ မြန်မာ့တပ်မတော်ဘက်က ပြန်စဉ်းစားမယ်ဆိုရင်တော့ အရှက်တကွဲ အကျိုးနည်း ဖြစ်ရပြီးတော့ ဆွေးနွေးပွဲကို တက်ဖို့ထက်စာရင် မြန်မာ့တပ်မတော်ဘက်က လောလောဆယ်မှာတော့ တိုက်ပွဲနဲ့ပြန်ပြီး ကလဲ့စားချေမယ်ဆိုတဲ့ အနေအထားမျိုး အဲဒီလို ဆိုးသွားတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်ပြန်ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ကိုဝင်းမင်း ပြောတဲ့အချက်ကို ဆရာ သဘောတူပါလား။ သဘောတူတယ်ဆိုရင် ဟိုဘက်က လူတွေက ငြိမ်းချမ်းရေး လိုချင်လို့၊ လုံခြုံမှု လိုချင်လို့ လုပ်တယ်ဆိုတာ သဘောရိုး၊ ကောင်းမွန်တဲ့ စေတနာလို့ ထင်ပါတယ်။ ဒီဘက်က တပ်မတော်ဘက်က အထူးသဖြင့် ဘာကြောင့် သူတို့ လိုချင်တဲ့ဟာကို ဖြည့်စွမ်းမဆောင်ရွက်နိုင်ဘဲနဲ့ စစ်ရေးနဲ့ တုံ့ပြန်ရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ဆရာကိုဝင်းမင်း ပြောတဲ့ထဲက တချို့အပိုင်းတွေတော့ သဘောတူပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်ရဲ့ သဘောထားက ငြိမ်းချမ်းရေး လိုချင်လို့ ဆိုတာတော့ သိပ်တော့ခန့်မှန်းလို့ မရပါဘူး။ ကျနော့် ထင်မြင်ချက်ပြောရရင်တော့ တပ်မတော်က တိုက်ပွဲတွေနဲ့ ဖိအားပေးပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးစားပွဲ ရောက်လာအောင် အဲဒီလို ဖိအားပေးတယ်လို့ အဲဒီလို ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်ရေးနည်းနဲ့ ငြိမ်းချမ်းရေးစားပွဲရောက်အောင် ခေါ်တာ၊ လက်လိမ်ချိုးပြီးတော့ ငြိမ်းချမ်းရေးစားပွဲခေါ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ ရာစုဝက် ကျော်လာခဲ့ပြီ။ တခါမှ မအောင်မြင်ခဲ့ဘူး။

ဦးကျော်ရင်မြင့် ။ ။ ဒီနည်းက မအောင်မြင်တဲ့နည်းပါ။ နှစ်ပေါင်းများစွာလဲ ဘယ်သူ့ဘယ်သူမှလဲ အပြုတ်တိုက်ကြတာ မရကြဘဲနဲ့ နှစ်ဘက်လုံး ပင်ပန်းအကျအဆုံးတွေများ တိုင်းပြည်အတွက်နာတဲ့ နည်းလမ်းတော့ မှန်ပါတယ်။ ဒီနည်းလမ်းကို မှန်တယ်လို့ ကျနော် ထောက်ခံတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော့်ထင်မြင်ချက်ကတော့ တပ်မတော်က အဲဒီလို နည်းလမ်းကို ကျင့်သုံးတယ်လို့ ထင်တာပါ။ ကျနော့် ထင်မြင်ချက်ကို ပြောတာပါ။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း က ဆရာဦးကျော်ရင်မြင့်ရဲ့ ထင်မြင်ချက်ကို ဘယ်လို တုံ့ပြန်လိုပါလဲ။

ဦးဝင်းမင်း ။ ။ အခုနောက်ဆုံး တိုက်ပွဲတွေမှာ တပ်မတော်ဘက်ကနေ ပြန်တိုက်တာကတော့ ကျနော့်အမြင်ကတော့ အရှက်ကို ပြန်ဆယ်တဲ့သဘောပေါ့။ ဘာကြောင့်လဲဆိုတော့ အခုလို နောက်တခါ အဓိက စခန်းကြီးတွေကို တိုင်းရင်းသားဘက်က တိုက်လာမယ်လို့ တပ်မတော်ဘက်က ကြိုပြီးတော့ တွက်ထားပုံ မရပါဘူး။ အဲဒီလို အရှက်တကွဲ အကျိုးနည်း အခုလို သူတို့ရဲ့ အခြေခံစခန်းကို တိုက်ခံလိုက်ရတဲ့အတွက် ပြန်ပြီးတော့ အဲဒီသိက္ခာကို အဖတ်ဆယ်နိုင်အောင် တပ်မတော်အင်အားကို သုံးပြီးတော့ ပြန်ပြီးတော့ ပြင်းပြင်းထန်ထန် ပြန်ကလဲ့စားချေ တိုက်ခိုက်တဲ့သဘောမျိုး ဖြစ်တယ်လို့ ကျနော်က ယူဆပါတယ်။ ဒီနေရာမှာတော့ ဆရာကျော်ရင်မြင့် ပြောတဲ့အချက်က စားပွဲပေါ်တက်ဖို့အတွက် စစ်ရေးအားကို သုံးရမယ်ပေါ့။ တကယ်တော့ အဲဒီနည်းက ကျနော့်အမြင်က လက်တွေ့မှာ ထိရောက်မှု မရှိတော့ပါဘူး။ အထူးသဖြင့်တော့ ဆွေးနွေးပွဲတွေ လုပ်နေတဲ့အချိန်မှာ။ အဲဒီအခါကြတော့ ကျနော့်အမြင်က နှစ်ဘက်စလုံးက စစ်ရေးနည်းနဲ့ စားပွဲပေါ်တက်ဖို့အတွက် တွန်းအားပေးမယ့်အစား ညှိနှိုင်းနဲ့နည်းနဲ့ပဲ စားပွဲပေါ်ကို ပါလာဖို့ တဖြည်းဖြည်းချင်း နားလည်မှုနဲ့ ဆွဲယူရမှာ ဖြစ်ပါတယ်။ တကယ်လို့ တိုက်ပွဲတွေ ဆက်လုပ်နေမယ်ဆိုရင် ဆွေးနွေးပွဲလာဖို့ အဓိကအချက်ဖြစ်တဲ့ ယုံကြည်မှုက ပိုပိုပြီးတော့ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ အဲဒီလို ယုံကြည်မှုကျလေ ဆွေးနွေးမှုက ပြန်စဖို့ခက်လေ၊ တိုက်ပွဲက ဆက်ဖြစ်လေဆိုရင်တော့ ယုံကြည်မှုက ပိုကျသွားဖို့ပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီနေရာမှာ ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းဖို့၊ စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ မရတော့ဘူးဆိုတာကို ကိုဝင်းမင်းတို့ ကျနော်တို့ သဘောပေါက်ကျသလို။ NLD အစိုးရ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပိုသဘောပေါက်မယ်လို့ ထင်ပါတယ်။ သူလဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် တယောက် ဖြစ်ပါတယ်။ ဆိုတော့ သူ့ရဲ့အခန်းကဏ္ဍက ဘာကြောင့် ဒီကိစ္စမှာ မတိုးနိုင်သလဲ။ သူ့ရဲ့သဘောထားက ဘာကြောင့် မပေါက်မြှောက်နိုင်လဲ။ သူကတော့ ဒီလို ဖြစ်စေချင်မှာပဲ။ သူ့အတွက် ဒီလိုကိစ္စမှာ ပါဝင်ဖို့အတွက် ထိထိရောက်ရောက် ပါဝင်ဖို့အတွက် ဘယ်လို အတားအဆီးတွေ ရှိနေတယ် ထင်ပါလဲ။

ဦးကျော်ရင်မြင့် ။ ။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအောက်မှာ အပြည့်အဝ မရှိတာကြောင့်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုဝင်းမင်း က ဒီကိစ္စကို ပြောပါအုံး။

ဦးဝင်းမင်း ။ ။ ကျနော့်အမြင်တော့ တစုံတရာတော့ သြဇာအာဏာ ရှိတယ်။ အပြည့်တော့ မရှိဘူးလို့ ပြောလို့ရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့်တော့ တပ်မတော်အနေနဲ့ အခုပြန်တိုက်တဲ့ အဖွဲ့ (၄) ဖွဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၄) ဖွဲ့ကို သောင်းကျန်းသူ၊ အကြမ်းဖက်သူတွေအဖြစ် သတ်မှတ်ပေးဖို့ သူတို့ တင်ပြခဲ့တာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ လွှတ်တော်အမတ် တော်တော်များများက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ အဲဒါကို လက်မခံခဲ့ကြပါဘူး။ ကျနော့်အမြင်က အဲဒီလို လက်မခံတဲ့အပေါ်မှာတော့ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားထောင်ရမယ့်သဘောပေါ့။ ဆိုလိုတာကတော့ သောင်းကျန်းသူအဖြစ်၊ အကြမ်းဖက်သူအဖြစ် သတ်မှတ်ပြီးတော့ အပြုတ်ချေမှုန်းတာတို့၊ ဆွေးနွေးပွဲတွေ ပြန်မစနိုင်အောင် လမ်းပိတ်လိုက်တာတို့ အဲဒီလို အနေအထားမျိုးတော့ မရောက်အောင် ဒေါ်အောင်ဆန်းစုကြည် ထိန်းထားနေတဲ့ အနေအထား ရှိပါတယ်။ ဒါပေမဲ့ တချိန်ထဲမှာပဲ တပ်မတော်က သူတို့ကို ထိလာပြီဆိုရင်တော့ ပြန်ပြီးတော့ တိုက်ခိုက်လေ့ရှိတဲ့ ခုခံစစ် သဘာဝက ရှိထားပြီးသား ရှိတဲ့အတွက် အခုလို တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့အတွက် ပြန်တိုက်ခိုက်မှုတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တားဖို့ခက်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီဟာကို တပ်မတော်က တချိန်ချိန်မှာ ငါတို့ဟာ ဒီလို တိုက်နေမယ့်အစား ငြိမ်းချမ်းရေး တုံ့ပြန်ပြီးတော့ သူတို့ကို ဆွဲဆောင်ရင်ကောင်းမယ်ဆိုတဲ့ အသိ ရှိလာမယ်။ တိုင်းရင်းသားတွေက စစ်အင်အား သုံးနေယ့်အစား တကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ပြနိုင်ရင်တော့ ငါတို့အတွက် ပိုကောင်းမယ်ဆိုတဲ့ အတွေးမျိုး ဘယ်တော့ ဝင်လာမယ် ထင်ပါလဲ။ အထူးသဖြင့် တပ်မတာ်ဟာ ဆရာကျော်ရင်မြင့် ပြောသလို တပ်မတော်ရဲ့ အခန်းကဏ္ဍကို အရပ်သားအစိုးရလက်အောက်မှာ ဖွဲ့စည်းပုံအရ လုံးဝမထည့်နိုင်သမျှ ကာလပတ်လုံး တပ်မတော်ဟာ အဲဒီလို သဘောထားမျိုး ဖြစ်လာနိုင်စရာ ရှိပါလား။ သို့တည်းမဟုတ် မဖြစ်လာဘဲ ဒီလိုမျိုး စစ်ရေးဘဲ အားကိုးနေတော့မလား။ ကိုဝင်းမင်း သုံးသပ်ပါအုံး။

ဦးဝင်းမင်း ။ ။ တပ်ရဲ့ သဘာဝကတော့ သူတို့မှာရှိတဲ့ လက်နက်က တပ်အင်အား၊ တိုက်ခိုက်အင်အား။ အဲဒီအခါကြတော့ သူတို့က တခုခု ဖြစ်လာလို့ရှိရင်တော့ တိုက်ခိုက်ရေးအင်အားနဲ့ ဖိအားပေးမှရမယ်ဆိုတဲ့ စဉ်းစားချက်မျိုးက အလိုလို သူတို့မှာ ရှိထားပြီသား။ အဲဒါကို ပြောဖို့ကတော့ တစုံတရာ အချိန်ယူရပါတယ်။ ဆိုလိုတာတော့ အခုလို တိုက်နေလို့ အခုနပြောသလိုပဲ နောက်ဆုံး ငြိမ်းချမ်းရေးရဖို့က ပိုဝေးသွားနိုင်တယ်။ အဲဒါကို သူတို့ မြင်လာတဲ့တနေ့မှာတော့ ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ သွေးပူနေတဲ့အတွက် တိုက်ခိုက်ရေးတွေကို တစုံတရာ ဆက်သွားနေမယ့် သဘောထားရှိတဲ့အတွက် ငြိမ်းချမ်းရေးကတော့ နည်းနည်းနောက်ဆုတ်သွားတဲ့သဘောပေါ့။ အဲဒါကတော့ တတိုင်းပြည်လုံးအတွက် စိတ်မကောင်းဖြစ်ဖို့ ကောင်းပါတယ်။ တပ်မတော်အနေနဲ့ ဒီဟာကို မြန်မြန်နားလည်လေ တိုင်းပြည်အတွက် မြန်မြန်အကျိုးရှိလေလို့ ပြောရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ သွေးပူလို့ ဖြစ်တယ်ဆိုတာကတော့ ဦးနှောက်နဲ့ စဉ်းစားတာ မဟုတ်ဘဲနဲ့ Emotion နဲ့ စိတ်လှုပ်ရှားလို့၊ ဒေါသတွေနဲ့ ဖြစ်နေတဲ့ကိစ္စလို့ ဖြစ်နေပါတယ်။ တိုင်းပြည်အကျိုး တကယ်ကြည့်မယ်ဆိုရင်တော့ သူတို့ အဲဒီလို စဉ်းစားတတ်မှာလို့ ကျနော် ထင်တယ်။ ဆရာဦးကျော်ရင်မြင့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောပါအုံး။

ဦးကျော်ရင်မြင့် ။ ။ သမိုင်းက လူတွေကို အခွင့်အခါကောင်း ပေးတတ်တယ်။ ဒါကို ဆုပ်ကိုင်တတ်ဖို့ လိုပါတယ်။ တပ်မတော်က ဒီလို ပြောင်းလဲလာဖို့ဆိုရင် တပ်မတော်ရဲ့ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက အဓိက ကျပါတယ်။ အခုအချိန်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို သမိုင်းက အခွင့်အရေးပေးနေတယ်။ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒီမိုကရေစီဖြစ်စဉ်မှာ သူတို့လက်တွဲပါလာရင် သူတို့သမိုင်းမှာ ကောင်းကောင်းကျန်နေခဲ့မှာ ဖြစ်ပါတယ်။ ဒီအမြင်ကလေးကို သူတို့ မြင်သွားမယ်ဆိုရင်လဲ တပ်မတော်ကြီးက ပြောင်းလဲသွားနိုင်မယ်လို့ ကျနော်တော့ အဲဒီလို ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ဘယ်လိုလုပ်ပြီး ထွက်ပေါက်ရနိုင်မလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ကိုဝင်းမင်းက အတော်အချိန်ယူရအုံးမယ်လို့ ပြောနေတော့ ဘယ်လောက်ကြာကြာ ယူရမလဲ။ ဒီအစိုးရရဲ့ ပထမသက်တမ်းမှာ ဖြစ်နိုင်ပါလား။ သို့တည်းမဟုတ် နောက်နှစ်ပေါင်းများစွာ ကြာအုံးမလားဆိုတာ။

ဦးဝင်းမင်း ။ ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုအခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် ဒီတပ်ကိုလည်း စည်းရုံးဖို့လိုတယ်။ တိုင်းရင်းသားတပ်တွေကိုလည်း မျှတူအလားတူ စည်းရုံးပြီးတော့ ဆွေးနွေးပွဲတွေကို အမြန်ပြန်တက်နိုင်အောင် ဝိုင်းကြိုးစားကြမယ်ဆိုရင်တော့လဲ မြန်မြန်ဆန်ဆန် ပြန်ဖြစ်လာနိုင်တယ်။ အဓိက အငြင်းပွားရမယ့်အချက်က နှစ်ချက်၊ သုံးချက်လောက်ပဲ ရှိပါတယ်။ အဲဒါက ညှိလို့ရတဲ့ အနေအထားလည်း ရှိပါတယ်။ ဥပမာ အပစ်အခတ်ရပ်စဲရေးကို တပြိုင်တည်း ကြေညာတာမျိုး။ နောက် တိုင်းရင်းသားတွေ ပါဝင်မှုကို တစုံတရာ လျှော့ချတာမျိုး။ တပ်နဲ့ တိုင်းရင်းသားတပ်တွေကြားမှာ ညှိနိုင်အောင် ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ် အလွတ်သဘောစပြီးတော့ လုပ်သွားမယ်ဆိုရင်တော့ အခုန လက်မှတ်ထိုးတဲ့အဆင့်ကို ပြန်ရောက်မယ့် အလားအလာတော့ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးကျော်ရင်မြင့် .. ကိုဝင်းမင်းကတော့ တော်တော်အကောင်းမြင်တဲ့သဘော ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ပိုပြီးတော့ အရေးကြီးတယ်။ သူက ညှိနှိုင်းနိုင်ရင် ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ ဆရာရဲ့ မှတ်ချက်လည်း ကြားချင်ပါတယ်။

ဦးကျော်ရင်မြင့် ။ ။ ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်က အမျှော်အမြင်ကြီးတယ်။ နောက်တခါ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရထားတဲ့ ခေါင်းဆောင်တယောက် ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ကြိုးပမ်းမှုနဲ့ အောင်မြင်မယ်၊ တိုးတက်မယ်။ တပ်ကလည်း သူ့ရဲ့ပေးတဲ့အကြံပေါ်မှာ လိုက်နာပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်။

XS
SM
MD
LG