သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်ပြည် အုပ်ချုပ်ရေးယန္တရား အရွေ့


မြန်ပြည် အုပ်ချုပ်ရေးယန္တရား အရွေ့
please wait

No media source currently available

0:00 0:11:34 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ စနစ်ပြောင်းခေတ်ပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးယန္တရားဟာ လိုအပ်ချက်နဲ့အညီ လိုက်ပါပြောင်းလဲနိုင်ပါရဲ့လား၊ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီယန္တရားဟာ၂၀၁၆ အတွင်း ဘယ်လောက်ထိ ရှေ့ကိုရွေ့ခဲ့ပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးတင်မောင်သန်း၊ မြန်မာနိုင်ငံမှာ (၃) လတာ အလှည့်ကျ တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်သူ ဦးအောင်လွင်ဦးတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးအောင်လွင်ဦး ။ ။ ဖွဲ့စည်းပုံအရ အပေါ်ပိုင်းမှာ အပြောင်းအလဲတွေ ရှိကောင်းရှိနိုင်တယ်။ လူတွေဘာတွေပြောင်းတာ ရှိနိုင်တယ်။ ဒါပေမဲ့ မူအားဖြင့် ထိထိရောက်ရောက် ပြောင်းလဲလာတာတွေ မရှိတော့၊ အောက်ခြေပိုင်းမှာ ဥပမာ တက္ကစီသမားပဲဖြစ်ဖြစ်၊ ဈေးရောင်းဈေးဝယ်ပဲဖြစ်ဖြစ်၊ စီးပွားရေးသမားဖြစ်ဖြစ် ဒီလိုအလွှာအသီးသီးက လူတွေနဲ့ စကားပြောကြည့်တဲ့အခါမျိုးမှာ သူတို့တွေက ပြောင်းလဲမှုအရသာကို သိသိသာသာ မခံစားရဘူးဆိုတာကို ကျနော်တို့ကို အမြဲလိုလို ပြောတယ်။ ဒါကတော့ အထင်ရှားဆုံး ဥပမာလို့ ပြောရမယ်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ပြည်သူတွေက ပြောင်းလဲမှုကို မခံစားရဘူးလို့ ပြောတယ်။

ဦးတင်မောင်သန်း ။ ။ တချို့ယန္တရားတွေကိုတော့ စပြီးတော့ ပြောင်းနေတယ်။ ဒါပေမဲ့ များသောအားဖြင့် ရလဒ်က ကြာတတ်တယ်။ ICRG လို့ခေါ်တဲ့ International Country Rich Guide - နိုင်ငံတကာ တိုင်းပြည်တွေမှာ ရင်းနှီးမြုပ်နံှလို့ရှိရင် ဘယ်လောက်အထိ စွန့်စားရမလဲ။ ၁၉၈၅ ကနေ ၂၀၀၉ အထိ လုပ်ခဲ့တာရှိတယ်။ အဲဒီအထဲမှာ အမြန်ဆုံး ပြောင်းသွားတဲ့ နိုင်ငံ (၂၀) တွေရဲ့ ပျှမ်းမျှကြာတဲ့နှစ်ကို ပြောပြချင်တယ်။ ပထမဆုံးက ဗျူရိုကရေစီရဲ့ အရည်အသွေး။ အဲဒါက ပျှမ်းမျှအနှစ် (၂၀) ကြာပါတယ်။ အစိုးရရဲ့ ထိရောက်မှု ပျှမ်းမျှ (၃၆) နှစ် ကြာပါတယ်။ အမြန်ဆုံး ပြောင်းသွားတဲ့နိုင်ငံက ဗျူရိုကရေစီရဲ့ အရည်အသွေး ပြောင်းလဲဖို့ ရဖို့အတွက် (၁၂) နှစ် အချိန်ယူရပါတယ်။ အစိုးရရဲ့ ထိရောက်မှုကို ရဖို့အတွက် အမြန်ဆုံးပြောင်းလဲနိုင်တာ (၁၃) နှစ် ယူရပါတယ်။ ဒါကြောင့် ပြည်သူလူထုရလဒ်က ချက်ချင်းမတွေ့နိုင်ပါဘူး။ မတွေ့တာကြောင့် မပြောင်းဘူးလို့တော့ ပြောလို့ မရပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာကြတော့ အဲဒီလို နှစ်ပေါင်း (၂၀) (၃၀) စသဖြင့် ကြာမြင့်နေရင် တိုင်းပြည်က ဆက်ပြီးတော့ ရွေ့နေသလား။ နိုင်ငံရေး၊ စီးပွားရေးအားဖြင့် ဗျူရိုကရေစီ မပြောင်းရင်။

ဦးတင်မောင်သန်း ။ ။ ရွေ့နေတယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် မူဝါဒ အပြောင်းအလဲတွေ၊ အရွေ့တွေရှိတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့အခါမှာ ထိရောက်မှုအပိုင်းကတော့ နှေးလိမ့်မယ်။ အဲဒီတော့ မလုပ်ဘူး မဟုတ်ဘူး၊ လုပ်နေတယ်။ လုပ်နေတယ်လို့တော့ ကျနော်က သိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်လွင်ဦး … လောလောဆယ်မှာ အထင်ရှားဆုံး။ သတင်းထောက်တာဝန်နဲ့သွားတယ် ဘယ်လောက် လွယ်ကူသလဲ။ နမူနာ ပြောပါ။

ဦးအောင်လွင်ဦး ။ ။ ဆရာတင်မောင်သန်း က တစုံတရာ အတိုင်းအတာ စောင့်ရမယ်လို့ပြောတာ မှန်တယ်။ ဒါပေမဲ့ တချို့အပိုင်းတွေ ဗျူရိုကရေစီယန္တရားပိုင်းမှာ လောလောလတ်လတ် တချို့တွေက ပြင်လို့ရတာလေးတွေ ရှိတယ်လို့ထင်တယ်။ ဒါပေမဲ့ အဲဒါတွေကို မပြင်ကြတာတော့ မူကြောင့်လား၊ လူကြောင့်လားတော့ မသိဘူး။ ဥပမာ ဗီဇာသက်တမ်းတိုးဖို့ ကိစ္စမျိုးမှာ ပြန်ကြားရေးဝန်ကြီးက ထောက်ခံချက်နဲ့ သွားရတယ်ဆိုတော့ သူတို့ စပွန်ဆာပေးတဲ့ သဘောမျိုးဆိုတော့ သူတို့ရဲ့စာကို ကျနော်တို့က ယူရတယ်။ ဒါပေမဲ့ သူတို့က သူတို့စာကို ရန်ကုန်မှာရှိတဲ့ လဝက ရုံးချုပ်ကို ပို့တယ်။ လဝကရုံးချုပ်က အဲဒီစာ မရမချင်း ကျနော်တို့ deadline ကို ကိုင်ကိုမကိုင်ဘူး။ မကိုင်လို့ ဒီကြားထဲမှာ ကျနော့်ဗီဇာသက်တမ်း သိပ်မကျန်တဲ့အခါမျိုးဆို တော်တော်အခက်အခဲတွေ့တယ်။ နောက်ဆုံး လဝကရုံးချုပ်ကို ကျနော်ကိုယ်တိုင် သွားမေးတော့ ဘာသွားကြုံရလဲဆိုတော့ ဝန်ကြီးဌာနအလိုက် ဖိုင်တွဲတွေ အဲဒီမှာထားတယ်။ စာရမရကို ကိုယ်ဘာသာရှာပါဆိုတယ်။ နောက်ဆုံး လူအင်အားမရှိလို့ ထားပါတော့ ကျနော် ဝင်ရှာတယ်။ အဲဒီမှာ တခုအံ့သြသင့်စရာ ဘာသွားတွေ့ရလဲဆိုတော့ ကျနော့်ဖိုင် ရှာတယ်ဆိုပေမယ့် တခြားလူတွေ လျှောက်ထားတဲ့ လျှောက်လွှာတွေ၊ သူတို့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကျော်လွှာပြီး ကြည့်ရတာကို တွေ့ရတယ်။ ဒါတွေက ဘာပြောမလဲဆိုရင် Privacy အရလည်း မဖြစ်သင့်တဲ့ကိစ္စမျိုးတွေ။

ဦးကျော်ဇံသာ ။ ။ ဆရာတင်မောင်သန်း အဲဒါမျိုးပေါ့။ ကိစ္စရှိတဲ့ လာတဲ့လူက သူ့စာကို သူပြန်ရှာပြီးတော့ ပြနိုင်ရမယ်ဆိုတဲ့ ကိစ္စမျိုးကို ဘာကြောင့်မြန်မြန်ဆန်ဆန် မပြောင်းလဲနိုင်လဲ။

ဦးတင်မောင်သန်း ။ ။ ဗျူရိုကရေစီရဲ့သဘောက အရင်အစိုးရ လုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်းပုံစံတွေအတိုင်း ဆက်သွားပါတယ်။ တာဝန်ရှိတဲ့ လူတယောက်က ဒါကို ပြောင်းမယ်လို့ မပြောင်းချိန်အထိ ဒါကို လုပ်မြဲအတိုင်း လုပ်ရပါတယ်။ ယေဘုယျအားဖြင့် ဗဟိုချုပ်တဲ့ ယန္တရားစနစ် ရှိတယ်။ အဲဒါကို မဖြေသေးဘူး။ ဗဟိုမှာ ထိုင်နေတဲ့ လူကြီးတွေကလည်း ဒါကိုဖြေရကောင်းမှန်း သိတဲ့ဟာကလဲ အားနည်းနေတယ်လို့ ထင်တယ်။ ဒါကြောင့်မို့ အရင်စနစ်က ဆက်ပြီးတော့ လွှမ်းနေပါတယ်။ ဗျူရိုကရေစီနဲ့ နိုင်ငံရေးအဆင့် နှစ်ဆင့်ရှိတယ်။ အရင်တုန်းကတော့ ဗျူရိုကရေစီရဲ့ လုပ်ထုံးလုပ်နည်းတွေက သူ့ဘာသာသူ သွားလို့ရတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအဆင့်က လုံးဝလွှမ်းလာတယ်။ တနည်းပြောရရင် ဝန်ကြီးအဆင့်က။ ဗျူရိုကရေစီက ဘယ်အဆင့်က ဘာလုပ်မှာလဲဆိုတဲ့ ပြန်လည်စီစစ်သုံးသပ်တဲ့ လုပ်ငန်းကြီးတခုလုံးက အင်မတန်အရေးတကြီး လိုအပ်နေတယ်။ အရင်အစိုးရလက်ထက်တုန်းကလည်း ဒါကို မလုပ်ခဲ့ဘူး။ အခု အစိုးရအထိလည်း မလုပ်သေးဘူးလို့ ကျနော် ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုမေးချင်တာက အခု ဝန်ကြီးက တကယ်ဆုံးဖြတ်ပိုင်ခွင့် ရှိလား။ ကျနော် ကြုံဖူးပါတယ်။ အာဆီယံအစည်းအဝေးတခုကိစ္စ မလေးရှားမှာ ရောက်နေတဲ့အခါ သတင်းထောက်တွေက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို မေးတယ်။ နာမည်တော့ မပြောလို့တော့ပါဘူး။ အဲဒီဝန်ကြီးက ဘာပြောလဲဆိုတော့ အထက်ကို တင်ပြရအုံးမယ်ဆိုပြီး ပြောတော့ လူတွေက ဝိုင်းရယ်တယ်။ ဝန်ကြီးလုပ်တဲ့လူက အထက်ကို တင်ပြရအုံးမယ်ဆိုတော့ အထက်မှာ တဦးတယောက်တည်း ဆန္ဒကို သူတို့က အဲဒီက ဘာပြောမလဲ အဲဒီအဆင့်အထိ ရှိနေပြီလား။

ဦးတင်မောင်သန်း ။ ။ အမှန်ကတော့ ဝန်ကြီးဌာနတွေ ဖွဲ့ထားပြီးပြီဆိုရင် ဝန်ကြီးတွေရှိတယ်။ ပြီးရင် အရာရှိတွေ သူ့အဆင့်နဲ့သူ ရှိတယ်ဆိုရင် ဘယ်အဆင့်မှာ ဘာလုပ်ရမလဲဆိုတဲ့ သတ်မှတ်ချက်တွေက စနစ်ကျတာ ရှိခဲ့လို့ရှိရင် သူ့အဆင့်နဲ့သူ ဆုံးဖြတ်သွားရုံပဲ။ ဒါပေမဲ့ အဲဒီစနစ်တွေက ပျက်သွားတယ်။ ဝန်ကြီးကပဲ ဆုံးဖြတ်တယ်။ တခြားနိုင်ငံတွေမှာ ဦးစီးမှူးလောက် ဆုံးဖြတ်တဲ့ကိစ္စတွေကို ဝန်ကြီးက ဆုံးဖြတ်နေတဲ့ဟာမျိုး ဖြစ်နေတဲ့ ဗမာပြည်မှာ ဒါကို ပြန်တည့်ဖို့က ဝန်ကြီးက တာဝန်အရှိဆုံးလူ ဖြစ်တယ်။ ဝန်ကြီးရဲ့ အထက်မှာ ကေ်ာမတီတွေ ထပ်ရှိနေပြန်တယ်။ အဲဒီကော်မတီတွေက တကယ်တမ်းကြတော့ ပေါင်းစပ်ညှိနှိုင်းဖို့အတွက်ပဲ ဖြစ်ပြီးတော့ ဆုံးဖြတ်ချက်ချဖို့ မဟုတ်ဘူး။ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေ အကုန်လုံးကလည်း အဲဒီ Cabinet Committee ကို တင်နေကြတာ ရှိနေပြန်တယ်။ ရှင်းလင်းတဲ့ ပြဌာန်းချက် မရှိဘူး။ ဥပမာ Manual လို့ခေါ်တဲ့ လက်စွဲသတ်မှတ်ထားတဲ့ Procedure တွေ၊ ဒါတွေ အကုန်လုံးက ရှင်းလင်းဟာက မရှိထားခဲ့ဘူး။ ဒါက စနစ်တခုလုံးမှာ ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဒါက ဗဟိုအစိုးရပိုင်းပေါ့။ ပြည်နယ်နဲ့တိုင်း အုပ်ချုပ်ရေးတွေကို ဘယ်လို မြင်ပါလဲ။ ပြည်နယ်နဲ့တိုင်း အုပ်ချုပ်ရေးမှာ ဒီလိုပဲ အတားအဆီးတွေ ရှိလား။ သူတို့ဟာ ပိုပြီးထိရောက်လား။ ပြည်နယ်တိုင်းအနေနဲ့။

ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ ပြည်နယ်နဲ့တိုင်း အုပ်ချုပ်ရေးစနစ်မှာ ဗဟိုနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေက ပိုပြီးလွှမ်းမိုးတယ်။ ပြည်နယ်နဲ့တိုင်း အစိုးရတွေရဲ့အောက်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ Civil Service လို့ခေါ်တဲ့ ပြည်သူ့ဝန်ထမ်းစနစ်ကို ဖွဲ့စည်းခွင့် ပေးထားပေမယ့်လို့ သူအောက်မှာ ဖွဲ့စည်းထားနိုင်ခွင့် မရှိသေးဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်လွင်ဦး နယ်ဘက်ကို သွားတဲ့အခါမှာ ဘယ်လို တွေ့ခဲ့ရလဲ။ ပြည်နယ်နဲ့တိုင်း အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ဆက်ဆံတဲ့အခါ။ အခက်အခဲတွေ။

ဦးအောင်လွင်ဦး ။ ။ ဆရာတင်မောင်သန်း ပြောတာကို သဘောတူပါတယ်။ ယေဘုယျအားဖြင့်တော့ ပိုတောင်ဆိုးသေးတယ်။ တကယ့် ဗဟိုအစိုးရ Level မှာတောင်မှ ဒါမျိုးတွေ ကိုယ့်ဟာကိုယ် မဆုံးနိုင်ဘူးဆိုတော့ ပြည်နယ်တိုင်းအဆင့်မှာ ပိုဆိုးတယ်လို့တော့ ပြောနိုင်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒီလို အုပ်ချုပ်ရေးယန္တရားကို အပြောင်းအလဲလုပ်တဲ့ နေရာမှာ ဆရာတင်မောင်သန်း စောစောက အပြောင်းအလဲ၊ ကမ္ဘာ့နိုင်ငံတွေရဲ့ သုတေသနကိုကြည့်ရင် သူတို့ရဲ့ လေ့လာချက်ကိုကြည့်ရင် မြန်မာနိုင်ငံမှာလို စစ်တပ်ရဲ့ လောင်းရိပ်အောက်မှာ ရှိနေဆဲလား။ အဲဒီအချက်က မြန်မာနိုင်ငံ အုပ်ချုပ်ရေး တိုးတက်မှုအတွက် ဘယ်လောက် အဟန့်အတား ဖြစ်စေတယ် ထင်ပါလဲ။

ဦးတင်မောင်သန်း ။ ။ အဓိက အဟန့်အတားက ဘာလဲဆိုတော့ စစ်တပ်ကို လေ့ကျင့်သင်ကြားပေးတာက အထူးတာဝန်ကို ထမ်းဆောင်ဖို့ပေးတာ။ ပြဿနာကို ရှာဖွေဖြေရှင်းမယ်ဆိုတဲ့ Orientated နဲ့ စစ်တပ်ကို Training လုပ်တာ မဟုတ်ပါဘူး။ ဒီတော့ တဘက်မှာကြတော့လဲ အရပ်ဘက် ပညာရေးမှာက ပြဿနာကို စောင်းပေးကြည့်ပြီး ပြဿနာကို ဖြေရှင်းတယ်ဆိုတဲ့ ဘက်ကိုမရောက်တော့ဘဲနဲ့ အလွတ်ကျက်ဆိုတာ ဖြစ်နေတယ်။ ဒါက မြန်မာပြည်က ကြုံနေရတဲ့ ပြဿနာ။ အထူးသဖြင့် စစ်တပ်လွှမ်းမိုးမှုအောက်မှာ ကြုံလာရတဲ့အတွက်ကြောင့်မို့ ဗျူရိုကရေစီမှာ ကြုံရတဲ့ အဓိက ပြဿနာပါ။ တခြားကတော့ နိုင်ငံရေးအဆင့်ပေါ့။ နိုင်ငံရေးအဆင့်က စကားပြောရမယ့်ကိစ္စတွေ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်လွင်ဦး ဘယ်လို တွေ့မိပါလဲ။ စစ်တပ်ရဲ့ လွှမ်းမိုးမှု ရှိနေခြင်းက မြန်မာနိုင်ငံ အုပ်ချုပ်ရေး အပြောင်းအလဲကို ဘယ်လောက် အဟန့်အတား ဖြစ်စေပါလဲ။ လွယ်လင့်တကူ ပိုဖြစ်စေသလား။ အဟန့်အတား ဖြစ်စေလားဆိုတာ။

ဦးအောင်လွင်ဦး ။ ။ သေချာတာကတော့ စစ်တပ်က ဆက်လွှမ်းမိုးနေသမျှတော့ အဟန့်အတားကတော့ ကြုံရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံး ငြိမ်းချမ်းရေးကိစ္စတွေမှာ အစိုးရက လုပ်ချင်ပေမယ့်လဲ စစ်တပ်က သဘောထားက တမျိုး ဖြစ်နေတယ်။ နောက်တခုက အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး လယ်သိမ်းယာသိမ်းကိစ္စတွေ တပ်နဲ့ပတ်သက်ရင် တို့လို့ထိလို့ မရဘူးဆိုတဲ့ အပိုင်းမျိုးတွေ ဖြစ်လာတော့ ဒါတွေက အဟန့်အတားတော ဖြစ်နေတာ သေချာတယ်။

ဦးကျော်ဇံသာ ။ ။ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦး ပြောတာ စစ်တပ်နဲ့ ပတ်သက်နေတဲ့ အပိုင်း တို့လို့ထိလို့ မရဘူးဆိုတယ်။ ဒါပေမဲ့ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားတခုလုံးရဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ ဘယ်လို ပြောရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တခါပြောလိုက်တာ ကြားရပါတယ်။ ဝန်ကြီးအဆင့်မှာတော့ အဂတိလိုက်စားမှု မရှိဘူးလို့ ပြောတော့ ကျန်တဲ့အဆင့်မှာ လိုက်စားမှုရှိရင် တိုင်းပါလို့ သူက ပြောသွားပါတယ်။

ဦးတင်မောင်သန်း ။ ။ ဝန်ကြီးအဆင့်ဆိုတာကတော့ သိန်း (၃၀) အထက် သိန်း (၃၀) ပတ်ဝန်းကျင် ရနေတဲ့ လခဆိုတော့ ဒါကို ပြောတဲ့အခါ ဝန်ထမ်းက ပြုံးမှာပေါ့။ အဲဒီအတိုင်းပဲ ကျနော်တို့ ပြန်ပြောကြတာပေါ့။ ဝန်ထမ်းတွေရဲ့ စားဝန်နေရေး အကျပ်အတည်းမှုက နံပတ် (၁) အရေးကြီးတယ်။ ဒုတိယ လခတိုးဖို့ဆိုတာ နည်းနည်းခက်တယ်။ အဲဒီတော့ အကျိုးခံစားခွင့်အပိုင်းဆိုင်ရာ မူဝါဒတခု လိုနေတယ်။ ဒါကို ပီပီပြင်ပြင် လိုအပ်တယ်။ ဥပမာ အိမ်ရပိုင်ခွင့်။ အိမ်ခန်းငှားနေတယ်ဆိုရင် အဲဒီအခန်းခကို ပေးမလား၊ မပေးဘူးလားဆိုတာ့ မူဝါဒမျိုး။ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စတွေ။ တခြားသော အကျိုး Benefits တွေကို မူဝါဒတခု လိုအပ်တယ်ထင်တယ်။ အရင် အစိုးရလည်း မချနိုင်ခဲ့ဘူး။ အခု အစိုးရလည်း ချထားတာ မတွေ့ရဘူး။ နောက်တခုက စနစ်ကို တည်ဖို့လိုတယ်။ လူကို အာရုံစိုက်တာထက် စနစ်နဲ့ ဖွဲ့စည်းတည်ဆောက်ပုံပိုင်းတွေကို အာရုံစိုက်စေချင်တယ်။

ဦးကျော်ဇံသာ ။ ။ ဝန်ထမ်းသက်သာချောင်ချီရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေ တွေ့မိသလဲ။ ကိုအောင်လွင်ဦးတို့ ဆက်ဆံရတဲ့ အခုန ကိုယ့်စာကိုရှာဆိုတဲ့ ဝန်ထမ်းတွေက သူတို့အလုပ်ကို သူတို့ ကျေနပ်နေကြလား။

ဦးအောင်လွင်ဦး ။ ။ သိပ်ကျေနပ်လိမ့်မယ်လို့ မယူဆဘူး။ မကျေနပ်လို့လဲ တခြားအလုပ်အကိုင် အခွင့်အလမ်း ရှားပါးတော့၊ မကျေနပ်လည်း လုပ်ကြရမှာ။ ဆရာတင်မောင်သန်း ပြောတာလည်း ကျနော် လက်ခံတယ်။ ဝန်ထမ်းတွေ အကျင့်ပျက်ခြစားတာကို သွားပြီးအပြစ်တင်တာကတော့ နည်းနည်းမတရားဘူး။ စားဝတ်နေရေး ပြဿနာကလည်း ပြည်တွင်းမှာ တကယ်ကြီးတယ်။ ဆိုတော့ ဒီဝန်ထမ်းတွေ သာရေးနာရေးအတွက်ကို မလုပ်နိုင်ဘဲနဲ့ ဒီဝန်ထမ်းတွေ တဘက်သတ် အဂတိလိုက်စားမှု တိုက်ဖျက်ချင်တာနဲ့ အရေးယူတာ၊ အပြစ်ပေးတာ လုပ်မယ်ဆိုရင်တော့ သိပ်မတရားဘူး။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက ရှေ့ကိုမျှော်မှန်းပြီးတော့ ကြည့်မယ်ဆိုရင် ကျနော် နှစ်ဆင့်မေးချင်တယ်။ အခု NLD အစိုးရရဲ့ ပထမသက်တမ်း ပြီးတဲ့အခါ ဘယ်လောက် ရွေးနိုင်မလဲ။ တကယ်လို့ နောင်ကို အစိုးရအပြောင်းအလဲဖြစ်ရင် ဒီပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ဟာကို ဆက်ပြီးအကောင်အထည် ဖော်နိုင်မလား။ လမ်းဖယ်သွားနိုင်သလား။ ဒီမေးခွန်းနှစ်ခုကို ခပ်ကျဉ်းကျဉ်း ဖြေပေးပါ။

ဦးတင်မောင်သန်း ။ ။ ဗျူကရေစီတခုကို ကောင်းမွန်တဲ့ အစိုးရအတွက် လိုအပ်တဲ့ ဗျူရိုကရေစီဖြစ်အောင် လုပ်တဲ့ကိစ္စတွေကတော့ ဘယ်အစိုးရတက်တက် အတူတူ ဖြစ်မှာပါ။ လုပ်ပုံကိုင်ပုံလေး နည်းနည်းပါးပါး မတူတာဘဲရှိမယ်။ သို့သော်လဲ အခု ကျနော် သိသလောက် ဥပမာအားဖြင့် ထိပ်ပိုင်းကစပြီးတော့ Monitoring လုပ်တဲ့ စနစ်တွေပြန်ပြီး ထည့်ဖို့ကြိုးစားနေတာတွေ။ နောက်ပြီးတော့ အတွင်းဝန်စနစ်တွေ ပိုပြီးခိုင်မာအောင်လုပ်ဖို့ ကြိုးစားနေတာတွေ။ ဒါတွေရှိတဲ့အတွက်ကြောင့်မို့ ဒီအစိုးရလက်ထက်မှာ တော်တော်များများ အကောင်းထည်ဖော်လာလိမ့်မယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်လွင်ဦးလည်း သုံးသပ်ပါအုံး။ ဒီအစိုးရလက်ထက်မှာ ဘယ်လောက်အထိ ရွေးနိုင်မလဲ။ တကယ်လို့ အစိုးရ ပြောင်းလဲသွားရင် အပြောင်းအလဲတွေ ဖြစ်သွားနိုင်သေးလား။

ဦးအောင်လွင်ဦး ။ ။ ဒါကတော့ ဆရာတင်မောင်သန်းပြောတာ မှန်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပဲ ကြည့်လေ … ဦးသိန်းစိန်အစိုးရ လုပ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်တို့က ဆက်ပြီးလုပ်ခဲ့တယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ကတော့ တော်တော်များများကတော့ ဘယ်အစိုးရပြောင်းပြောင်း ဒီထဲက ရာခိုင်နှုန်း တော်တော်များများကတော့ ဆက်ပြီးအကောင်အထည် ဖော်သွားရမှာ သေချာတယ်။ တခုပဲရှိတာက အစိုးရအပေါ်မှာ လူထု ယုံကြည်ကိုးစားမှုအပိုင်းမှာ ကွာကောင်းကွာနိုင်တာပေါ့။ အခု NLD အစိုးရကတော့ ထောက်ခံမှု အကြီးအကျယ် ရထားတဲ့အစိုးရ ဖြစ်တယ်ဆိုတော့ တခြားအစိုးရ တက်လာရင်တော့ ဒီလောက်ထောက်ခံမှု ရခြင်းမှရမယ်။ မရတဲ့အတွက်လဲ အစိုးရယန္တရားမှာ လုပ်ရကိုင်ရတာတွေ အတိုက်အခံတွေ များကောင်းများနိုင်တယ်။

XS
SM
MD
LG