သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးမရနိုင်တာ တိုင်းရင်းသားအင်အားစုတွေလည်း တာဝန်ရှိ


တတိယမြောက် ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်လာသူ အစိုးရအရာရှိများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ။
တတိယမြောက် ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်လာသူ အစိုးရအရာရှိများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ။
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးဖြစ်နေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်နိုင်လို့၊ ဒါမှမဟုတ် တပ်မတော်ရဲ့သဘောထားတင်းမာလို့ ဆိုတာ လူအများလက်ခံထားကြတဲ့ ယေဘူယျ သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ ဒီလိုရှေ့မတိုးနိုင်တဲ့ အခြေအနေ ရှေ့တိုးလာအောင် တိုင်းရင်းသားအင်အားစုတွေ ဘက်က ဘာလုပ်နိုင်ပါသလဲ။ တိုင်းရင်းသားရေးရာ လေ့လာသုံးသပ်သူ စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးမေးချင်တာကတော့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တိုးတက်မှုမရှိသေးဘူးဆိုပြီးတော့ လူတွေက သိပ်ပြောနေကြတယ်။ တချို့ကလဲ တော်တော်လေးကို အားမလိုအားမရ ဖြစ်ကြပါတယ်။ ဒီလို အားမလိုအားမရ ဖြစ်နေတာ တကယ်ပဲ တိုးတက်မှု မရှိလို့လား။ သို့တည်းမဟုတ် လူတွေရဲ့ မျှော်လင့်ချက် သိပ်ကြီးနေလို့လား။

စိုင်းဝမ်ဆိုင်း ။ ။ ကျနော်ထင်တာတော့ နှစ်ခုစလုံး ဖြစ်နိုင်တယ်။ တစ်အချက်ကတော့ အခုနပြောသလို ဒီမျှော်မှန်းချက်က သိပ်ကြီးတဲ့အခါကြတော့ မဖြစ်လာတဲ့အခါကြတော့ စိတ်ဓါတ်ကျတဲ့သဘောလဲ ဖြစ်နိုင်တယ်။ တကယ်တမ်း ယထာဘူတကျကျ သုံးသပ်မယ်ဆိုရင်တော့ NCA က ဦးသိန်းစိန်လက်ထက်တုန်းက သွားခဲ့တဲ့နှုန်းက အခု ဒေါ်အောင်ဆန်းစုကြည် NLD တက်လာတဲ့နောက်ပိုင်းနှုန်းနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ နှေးများနှေးနေသလားလို့။ ဘာကြောင့်လဲဆိုတော့ NLD အစိုးရ တက်လာတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေလည်း ပိုဖြစ်လာတယ်။ နောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း အားလုံးပါဝင်ရေးတို့၊ စစ်ဆင်ရေးတွေရပ်ဖို့ဆိုတာတွေလည်း တခုမှ ဖြစ်မလာဘူး။ မဖြစ်လာတဲ့အခါကြတော့ ခြုံငုံပြီးကြည့်မယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ သွားနေတဲ့ပုံစံမျိုး မပေါက်ဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတဲ့သဘောက ဦးသိန်းစိန်လက်ထက်ကမှ ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုပြီးတော့ သွက်လက်ခဲ့တယ်။ အခု နှေးသွားတယ်ဆိုတဲ့ သဘောလား။

စိုင်းဝမ်ဆိုင်း ။ ။ အဲဒါ ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန်လက်ထက်တုန်းက သူတို့က အစိုးရနဲ့ စစ်တပ်က အခု NLD အစိုးရနဲ့ စစ်တပ်တို့ နားလည်မှုထက် ပိုပြီးတော့ကောင်းတယ်။ ချက်ချင်း တယ်လီဖုန်းကောက်ကိုင်လိုက်ပြီး ရှိတဲ့ပြဿနာတွေကို တချက်တည်း ရှင်းလို့ရတယ်။ အဲဒီလို ဆွေးနွေးပွဲသွားနေတဲ့ EAO တွေက ကျနော်ကို ပြောပြတယ်။ ကြည့်ရတာ အဲဒီလို Technical အပိုင်းမှာ NLD အစိုးရက အားများအားနည်းနေသလားလို့။

ဦးကျော်ဇံသာ ။ ။ အခု စိုင်းဝမ်ဆိုင်း ပြောတဲ့အတိုင်းဆိုလို့ရှိရင် တကယ်တမ်း ငြိမ်းချမ်းရေးဖြေရှင်းရမှာက တိုင်းရင်းသားတွေကတဘက်၊ တပ်မတော်နဲ့ NLD အစိုးရကတဘက်ပေါ့။ အာဏာရှိတဲ့ဘောင်ထဲက လူတချို့နဲ့ လက်နက်ကိုင်အင်အားစုတွေကြားမှာ ညှိနှိုင်းဆွေးနွေးရတာ။ ဆိုတော့ အခုအခက်အခဲက ဥပဒေဘောင်အတွင်းမှာ ရှိနေကြတဲ့ အစိုးရနဲ့ တပ်မတော်ကြားမှာ ဆက်ဆံရေး အရင်လောက်မကောင်းဘူးဆိုတာကြောင့် ဖြစ်ရတယ်ဆိုတဲ့သဘောလား။

စိုင်းဝမ်ဆိုင်း ။ ။ ဆိုလိုတာက အစိုးရအဖွဲ့နဲ့ တပ်မတော်နဲ့က သူတို့ ဌာန်းကနန်မညီ ဘူးဆိုတဲ့သဘောမျိုး သက်ရောက်တယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ပုံဖော်တဲ့နေရာမှာ တခါတလေကြရင် တယောက်နဲ့တယောက် လွဲချော်နေတဲ့ ပုံစံအနေနဲ့ ရှိတယ်။ ဥပမာအားဖြင့် အားလုံးပါဝင်ရေး ဆိုကြပါစို့ အဲဒီမှာ NLD က အစဦးစမှာတော့ အကုန်လုံးပါဝင်ရေးကို တစိုက်မတ်မတ် ပြောလာတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က အားလုံးပါဝင်ရေးကို လက်မခံဘဲနဲ့ ချန်ထားတဲ့အဖွဲ့ (၃) ဖွဲ့လောက် ရှိနေတယ်။ နောက်တပိုင်းမှာလဲ တိုင်းရင်းသားတွေနဲ့ မြေပြင်မှာ စစ်ဆင်ရေးလုပ်နေတဲ့ ကိစ္စတွေကလည်း မလျှော့သွားဘဲ၊ တိုးလာနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း Wave Line တူတဲ့ အနေအထားမျိုးနဲ့ စကားပြောဖို့ ခက်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဦးသိန်းစိန်လက်ထက်တုန်းက တိုင်းရင်းသားတွေအားလုံး ပါဝင်ရေး၊ မပါဝင်ရေးကိစ္စမှာ တပ်မတော်နဲ့ အငြင်းမပွားခဲ့ဘူးလား။

စိုင်းဝမ်ဆိုင်း ။ ။ အဲဒီတုန်းကလည်း အငြင်းပွားတယ်။ ဒါပေမဲ့ သူတို့က အခု NLD နဲ့ စစ်တပ်ဆက်ဆံရေးနဲ့ နည်းနည်းကွာဟလာတာက ဦးသိန်းစိန်ကလည်း အရင် စစ်ဗိုလ်ချုပ်ဟောင်းဆိုတဲ့အခါကြတော့ နောက်ပြီး … က လာတဲ့အခါကြတော့ တချို့အပိုင်းလေးတွေမှာ သူတို့ မကျေလည်ပေမယ့် ယေဘုယျအားဖြင့်တော့ သူတို့က တယောက်နဲ့တယောက် မြန်မြန်ဆန်ဆန် စကားပြောနိုင်တဲ့ အနေအထားမှာရှိတယ်။ အဲဒါကို ဆိုလိုတာပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိကမေးချင်တဲ့ မေးခွန်းတခုက ဒီနေရာမှာ များသောအားဖြင့် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားမလိုအားမရ ဖြစ်ကြတဲ့လူတိုင်း ဘာပြောလဲဆိုရင် တပ်မတော်ဘက်မှာ ပိုပြီးတော့ တာဝန်ရှိတယ်။ သူတို့က တင်းမာနေလို့ဖြစ်တယ်။ သူတို့က ဥပမာအားဖြင့် အစိုးရက အားလုံးပါဝင်ရေးကို လိုချင်ရဲ့သားနဲ့ သူတို့က ထောေ်လာ်ကန့်လန့် လုပ်နေတယ်။ အဲဒီလို ပုံစံမျိုးဆိုတော့ တပ်မတော်ဘက်က လိုအပ်ချက်ကိုပဲ လူတွေက ထောက်ပြကြတယ်။ လူတိုင်းလက်ခံကြတယ်၊ နားလည်ကြတယ်။ အဲဒီလိုဆိုရင် တိုင်းရင်းသားတွေဘက်မှာ လိုအပ်ချက်တွေ မရှိဘူးလား။ တိုင်းရင်းသားတွေဘက်က ဘာများပိုပြီး လုပ်ပေးရင်ဖြင့်၊ ဘယ်လိုတခုခု လုပ်ပေးရင်ဖြင့် ဒီငြိမ်းချမ်းရေး အလားအလာ ပိုကောင်းလာနိုင်တာမျိုး မရှိဘူးလား။

စိုင်းဝမ်ဆိုင်း ။ ။ တိုင်းရင်းသားတွေဘက်လည်း လုပ်ပေးနိုင်တာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီလို လုပ်ပေးနိုင်ဖို့ဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေက Common Agenda OR Common Goal အားလုံးသဘောတူတဲ့ လမ်းကြောင်းတခုကို သူတို့က အဖွဲ့အကြီးကြီးနှစ်ခုဖြစ်တဲ့ တောင်နဲ့မြောက် အဲဒီအခြေအနေမျိုးကို သူတို့က မဖန်တီးနိုင်ဘူး။ မဖန်တီးနိုင်တဲ့အတွက်ကြောင့်မို့ သူတို့က တသံတည်းမထွက်နိုင်ဘူး။ တသံတည်းမထွက်တဲ့အခါကြတော့ အစိုးရနဲ့ အပေးအယူလုပ်တဲ့နေရာမှာလည်း သူတို့က မထိရောက်ဘူး။ ဆိုတော့ အဲဒါ တိုင်းရင်းသားတွေဘက်က အားနည်းချက်လို့ ပြောနိုင်တယ်။

ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသားအင်အားစုတွေအချင်းချင်းမှာ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို ဘာပြောချင်ပါလဲ။

စိုင်းဝမ်ဆိုင်း ။ ။ အဲဒါလဲ အခုနပြောတဲ့ အချက်နဲ့ အကြုံဝင်သွားမယ်။ သူတို့ကအချင်းချင်း မညီညွှတ်တဲ့အပြင် တိုက်တောင်တိုက်နေသေးတဲ့ဆိုတော့ ကျနော်တို့ Common Agenda လို့ခေါ်တဲ့ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းတခုကို ကျနော်တို့က မတည်ဆောက်နိုင်ဘူး။ အဲဒါက တိုင်းရင်းသားတွေရဲ့ အားနည်းချက်ပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် အဲဒီကိစ္စမှာ တခုမေးချင်တာက အဓိကအားဖြင့် တိုင်းရင်းသားတွေဘက်မှာ ဘယ်အချက်ကို ကိုက်ညီဖို့ လိုသလဲ။ အဓိက လိုအပ်နေတာ ဘယ်အချက်လဲ။

စိုင်းဝမ်ဆိုင်း ။ ။ အင်္ဂလိပ်လို့ပြောရင် Inspiration ပေါ့။ Political aspiration နိုင်ငံရေးမျှော်မှန်းချက် အဲဒီမှာကိုက သူတို့က တိတိပပ မပြောနိုင်ကြဘူး။ ဥပမာ SPICC – ‘ဝ’ခေါင်းဆောင်တဲ့အဖွဲ့ဆိုရင် သူတို့တင်ထားတဲ့ စာတမ်းတွေကို လေ့လာကြည့်တဲ့အခါ သူတို့ပြောတာ ဖယ်ဒရေးရှင်း (Federation) တောင် မဟုတ်ဘဲ၊ ကွန်ဖယ်ဒရေးရှင်း (Confederation) ပုံစံမျိုးပေါက်တယ်။

ဦးကျော်ဇံသာ ။ ။ ပိုပြီးတော့ လျော့ရဲတာပေါ့။

စိုင်းဝမ်ဆိုင်း ။ ။ ပိုပြီးတော့ လျော့ရဲတယ်။ အခု လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတွေကြတော့ ပင်လုံအခြေခံတဲ့ ဖယ်ဒရေးရှင်း - ဖယ်ဒရယ်မူကို လက်ခံတယ်ဆိုပြီး ပြောကြတယ်။ ရှမ်းအကြီးဆုံးနှစ်ဖွဲ့က နိုင်ငံရေးရည်မှန်းချက် မတူညီဘူးဆိုတော့ အတူတူ ဘယ်လိုလို့လုပ်ပြီး တသံတည်း စကားပြောလို့ရမလဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလိုစဉ်းစားကြည့်ရင်ကော တိုင်းရင်းသားတွေရဲ့ အခြေအနေကို ကြည့်ပြီးတော့ Confederation လုပ်တဲ့လူတွေကို ကွန့်ဖယ်ဒရေးစီ ပေးမယ်။ ပိုပြီးတော့ လျော့ရဲတဲ့ပုံစံမျိုးနဲ့ ဖြစ်နေမယ်။ Federation လိုချင်တဲ့လူတွေကတော့ ဖယ်ဒရယ် ပေးမယ်။ နည်းနည်းပိုမိုကျစ်လစ်တဲ့ သဘောမျိုး ရှိမယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိမယ်။ အဲဒီလိုညှိလို့ကော မရနိုင်ဘူးလား။ ရနိုင်စရာအကြောင်း မရှိဘူးလား။

စိုင်းဝမ်ဆိုင်း ။ ။ တိုင်းရင်းသားအချင်းချင်း ပထမဦးဆုံး ညှိနှိုင်းဖို့လိုတယ်။ အခုက ကျနော်တို့က အနောက်ဘက်ပိုင်းဖြစ်နေတော့ မြောက်ပိုင်းကလည်း တရုတ်ကိုအားကိုး၊ တရုတ်က အားပေးတဲ့အဖွဲ့။ တောင်ပိုင်းဆိုလဲ အခု လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့အပေါင်း CIPP ကရင်နီ၊ ANC တို့ ပါဝင်တယ်။ သူတို့ကလည်း တောင်ပိုင်းပုံစံမျိုး ဖြစ်နေတယ်။ တောင်ပိုင်းကလည်း Joint Peace Fund ဆိုတဲ့ အနောက်ဘက်က အားပေးထားတဲ့ အဖွဲ့အစည်းတွေက သူတို့ကို ပံ့ပိုးထားတယ်။ အဲဒီလိုမျိုး ကွဲနေတဲ့ပုံစံမျိုး ပေါက်နေတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျနော် မေးချင်တာက တရုတ်၊ အနောက်အုပ်စုတို့ရဲ့ ပယောဂတွေက ဘယ်လောက် ပြင်းထန်လဲ။ ဒါက သိပ်အရေးကြီးလား။ တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံ ဗဟိုအစိုးရနဲ့ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက်။

စိုင်းဝမ်ဆိုင်း ။ ။ တကယ်တမ်းက အဲဒီအနောက်အုပ်စု အားပေးတဲ့အဖွဲ့နဲ့ တရုတ်အားပေးတဲ့ အဖွဲ့တိုက ဆရာတွေကို ဘေးဖယ်ပြီး၊ တယောက်နဲ့တယောက် ထိုင်ပြီးတော့ စကားပြောဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ ကျနော်ထင်တာ ဘုံပြချင်တဲ့ နိုင်ငံရေးလမ်းစဉ်တခု ထွက်လာမှာပါ။ အခုက မတွေ့နိုင်သေးတဲ့ ပြဿနာက ရှိနေတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းတခုက အခုပြောနေတဲ့ တိုင်းရင်းသားဆိုတဲ့နေရာမှာ လက်နက်ကိုင်အင်အားစုတွေကို ပြောနေကြတယ်။ မြို့ပေါ်မှာလည်း တိုင်းရင်းသားတွေ ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံရေးပါတီတွေ၊ တရားဝင်ပါတီတွေ ရှိပါတယ်။ လွှတ်တော်မှာ တက်နေကြတဲ့ပါတီတွေ။ ဒီပါတီတွေရဲ့ အခန်းကဏ္ဍက ဒီကိစ္စမှာ ဘယ်လောက်အရေးကြီးလဲ။

စိုင်းဝမ်ဆိုင်း ။ ။ UNA တို့ NBF တို့ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါကြပါတယ်။ ဒါပေမဲ့ အခု NCA ကို အခြေပြုတဲ့ နိုင်ငံရေးဆွေးနွေးမှုမှာ သူတို့ရဲ့အခန်းကဏ္ဍက လက်နက်ကိုင်အင်အားစုတွေလောက် သူတို့ကို အသားမပေးထားဘူး။ မပါရင်မကောင်းလို့ ဆွဲထည့်ထားတဲ့သဘောမျိုးလောက်ပဲ ရှိတယ်။

XS
SM
MD
LG