သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှဲပေးမဲ့အာဏာ ဘာအနှစ်သာရ ကျန်မလဲ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကမ္ဘာပေါ်မှာ အချိန်အကြာဆုံးယူနေရတဲ့ အာဏာလွှဲပြောင်းမှု မြန်မာနိုင်ငံမှာ မကြာခင် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ မလွှဲပြောင်းခင်မှာ အမြီးနှုတ်ခေါင်းနှုတ်ခံနေရတဲ့ ဒီအာဏာ တကယ်လွှဲပြောင်းလာတဲ့အခါ ဘာများကျန်တော့မှာလဲ၊ ချောချောမွေ့မွေ့ကော ဖြစ်နိုင်ပါ့မလားဆိုတာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်း လွှတ်တော်အမတ်ကြီး ပြောပါ။ ဗဟိုအာဏာ လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ရှေ့ကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ဖြစ်မယ်လို့ ထင်ပါသလား။

ဦးဖေသန်း ။ ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသားတွေ တွေ့တဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဒီနိုင်ငံမှာ (၅) လလောက် အာဏာလွှဲပြောင်းရေးမှာ ကြာတာမျိုးကို ဒီအပြင် ကမ္ဘာပေါ်မှာ မရှိတဲ့ ကြာတဲ့အချိန်မျိုး ဖြစ်တယ်လို့ ပြောသွားတယ်။ ဒါပေမဲ့ ကျနော်တို့ တဖက်က တွေးရင်တော့ NLD ဘက်ကရော၊ အစိုးရဘက်ကရော အာဏာလွှဲပြောင်းရေးကို စနစ်တကျ လုပ်နေကြတာကို တွေ့ပါတယ်။ ပြည်သူတွေကလည်း အဲဒီအပေါ်မှာ တအားစောင့်စားပြီးတော့၊ မျှော်ကိုးပြီးတော့ ဝမ်းသာချင်နေကြတယ်။ အဲဒါကြောင့် ဒီလိုအခြေအနေမျိုးကို နှစ်ဘက်စလုံးက သိပါတယ်။ ပြည်သူတွေကလည်း လိုလားပါတယ်။ အဲဒါကြောင့် အာဏာလွှဲပြောင်းရေးကတော့ ချောချောချူချူ ဖြစ်မယ်လို့ ကျနော်ကတော့ ယေဘုယျ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်းရဲ့ သဘောကိုလဲ ပြောပါအုံး။ အာဏာလွှဲပြောင်းရေး စိတ်ချလက်ချ အေးအေးဆေးဆေး ဖြစ်သွားမယ်လို့ ယူဆပါလား။

ဦးရဲထွန်း ။ ။ ကျနော့်အမြင်ကလည်း အာဏာလွှဲပြောင်းရေးကတော့ ချောချောချူချူ ဖြစ်လိမ့်မယ်လို့ပဲ မူလကတည်းက မျှော်လင့်ထားပါတယ်။ နည်းနည်းလေး ကြာနေတာကတော့ အစိုးရသက်တမ်း (၅) နှစ်ပြည့်တဲ့အချိန်နဲ့ မတိမ်မယိမ်းမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့လိုတယ်။ ဥပမာ အစိုးရသက်တမ်းက မတ်လ (၃၁) ရက်နေ့မှာ (၅) နှစ်ပြည့်မှာ။ အဲဒီနေ့ကျမှ လွှဲပြောင်းနိုင်မယ်ဆိုရင် ကျနော်တို့က (၁) လလောက် ကြိုပြီးတော့ ရွေးကောက်ပွဲ လုပ်မယ်။ တစ်ပတ်နှစ်ပတ်အတွင်းမှာ ရွေးကောက်ပွဲရလဒ်တွေ သိပြီးတဲ့အခါမှာ လွှတ်တော်သစ်ကိုစမယ်။ ပြီးရင် အာဏာလွှဲပြောင်းတာ လုပ်မယ်ဆိုရင်တော့ သိပ်မကြာဘူးပေါ့။ ဆိုလိုချင်တာက ဒေါ်အောင်ဆန်းစုကြည် ပြောတာလဲ မှန်ပါတယ်။ ကျနော်တို့က (၅) လလောက်ကြီး ခြားနေတဲ့အခါကြတော့ သိပ်ကြာတယ်။ ဒီကြားထဲမှာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့လဲ နောက်တက်လာတဲ့ လွှတ်တော်က ယုန်ထင်ကြောင်ထင် ဖြစ်တာတွေလဲ ရှိတာပေါ့။ ဒါကြောင့် ဒါတွေကတော့ မကောင်းဘူး။ မကောင်းတော့ နောင်မှာမဖြစ်အောင် ရွေးကောက်ပွဲကို နောက်ကျပြီးတော့ ကျင်းပလို့ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ အာဏာလွှဲပြောင်းရေးကို အချိန်ကြန့်ကြာစေတာက အပြည့်အဝ မလွှဲစေချင်တဲ့သဘော အဲဒီအတွက်ကြောင့် ထော်လော်ကန့်လန့် လုပ်နေသလားဆိုတာ သာမန်အရပ်သားတွေ အမြင်က အဲဒီလို မြင်ကြပါတယ်။ ၅၉ (စ) ကို ထောက်ခံတယ်ဆိုတာမျိုးတောင် လုပ်လာကြတယ်ဆိုတော့။ ဒီလုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် အာဏာလွှဲချင်တဲ့ဆန္ဒ သူတို့စိတ်ထဲမှာ တကယ်ရှိရဲ့လားဆိုတာ လူတွေက သံသယ ရှိကြပါတယ်။ ဦးဖေသန်း ဒီကိစ္စတွေကို ဘယ်လို မြင်ပါလဲ။

ဦးဖေသန်း ။ ။ ဘာပဲပြောပြော နှစ်ပေါင်း (၅၀) (၆၀) အတွင်းမှာ ဒီလို အာဏာလွှဲပြောင်းပေးတယ်ဆိုတာ အရပ်သားကို တခါမှ မရှိခဲ့လေတော့ ဒါကို နားလည်ပေးပြီးတော့ ကျနော်တို့ Hand Over ဖြစ်ဖို့အတွက် ကျနော်တို့ စိတ်ရှည်သည်းခံပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ၅၉(စ) အပိုင်းကြတော့ အာဏာလွှဲပြောင်းရေးနဲ့ ကျနော်ကတော့ တကန့်စီ စဉ်းစားပါတယ်။ ၅၉(စ) ကတော့ တချိန်က အာဏာရှင်တွေက ဥပဒေ ရေးစွဲခဲ့တဲ့အခါမှာ တစုံတယောက်ကို ရည်ရွယ်ပြီးတော့ ဆွဲခဲ့တာလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ၅၉(စ) နဲ့ ပတ်သက်ပြီးတော့ အာဏာလွှဲပြောင်းရေးအတွက် အခက်အခဲဖြစ်အောင် တဘက်က ကြံနေတယ်လို့တော့ ကျနော်က အဲဒီလိုမျိုးတော့ မယူဆဘူး။ ဒေါ်စု သမ္မတဖြစ်ဖို့ကိုပဲ သူတို့က လိုလားတယ်၊ မလိုလားတယ် အဲဒါနဲ့ ပတ်သက်လို့ ဖြစ်ပါလိမ့်မယ်။ တဘက်က တပ်မတော်အနေနဲ့လဲ ဖွဲ့စည်းပုံကို လုံးဝ အပွန့်အပဲ မခံချင်တဲ့ ကာကွယ်မယ်ဆိုတဲ့ သဘောမျိုးကို သက်သေပြနေတာလဲ ဖြစ်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဦးရဲထွန်းက ၅၉(စ) ကိစ္စနဲ့ အာဏာလွှဲပြောင်းရေးဟာ သီးခြားစီလို ထင်ပါလား။

ဦးရဲထွန်း ။ ။ မှန်ပါတယ်။ ၅၉(စ) ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးဆိုတဲ့ ကိစ္စက အမှန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပြီးမှ လုပ်ရမယ့်၊ လုပ်သင့်တဲ့ကိစ္စပေါ့။ အဲဒီတော့ ဖွဲ့စည်းပုံကို ဆိုင်းငံ့ပြီးတော့ လုပ်မယ်ဆိုတဲ့အပေါ်မှာ မျှော်လင့်ချက်ထားပြီး တခါတည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်နဲ့ တင်ချင်ပုံ ရပါတယ်။ NLD ဘက်ကလဲ။ အဲဒီလို တင်မယ့်ကိစ္စကို ဦးကိုနီပြောတဲ့ သဘောထားက လွှတ်တော်ထဲမှာ သာမန်အများစုမဲနဲ့ ဆုံးဖြတ်နိုင်တဲ့ဟာမျိုးကို သူတို့ ပြောလာတဲ့အခါကြတော့ အဲဒီအတိုင်း လုပ်မယ်ဆိုရင် နောင်မှာလဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို အနိုင်ရပါတီက အဲဒီလို ဆိုင်းငံ့ပြီးတော့ လုပ်လာမယ်ဆိုလို့ရှိရင် နောင်အစဉ်အလာ ဖြစ်သွားလို့ဖြစ်ရင် ဖွဲ့စည်းပုံ ဥပဒေကတော့ အလကား ဖြစ်သွားမှာပေါ့။ ဒါကို တပ်မတော်ဘက်အနေနဲ့ စဉ်းစားမိပုံ ရပါတယ်။ ဒါကြောင့်မို့ ဆိုင်းငံ့တဲ့ကိစ္စကိုတော့ သဘောမတူနိုင်ဘူးလို့ အဲဒီလို ပြောပုံရပါတယ်။ ဆိုလိုတာက အခုန ဦးဖေသန်း ပြောသလို ကျနော်တို့က အစိုးရဖွဲ့ပြီးတော့ အာဏာလွှဲပြောင်းရေးကို အရင်လုပ်ဖို့က အဓိကတော့ မတ်လ (၃၁) ရက်နေ့ နောက်ဆုံး ဖြစ်ရပါမယ်။ အဲဒါက (၅) နှစ်ပြည့်တဲ့နေ့ပါပဲ။ အဲဒီနေ့တော့ အဆင်သင့် ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အာဏာလွှဲတယ်ဆိုတော့ အာဏာက ဘယ်လောက်ကာသေးလို့လဲ။ အခွံပဲ လွှဲသလို ဖြစ်နေတယ်ဆိုပြီးတော့ မြင်တဲ့အမြင်တချို့လဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေးမှာလဲ ဝန်ကြီးဌာနတွေကို စစ်တပ်က ချုပ်ကိုင်ထားတဲ့ဟာတွေ၊ နောက် အရေးကြီးတဲ့ ပြည်နယ်တချို့ရဲ့ ဝန်ကြီးချုပ်ရာထူးတွေကို သူတို့ တောင်းခံနေတဲ့ ကိစ္စတွေ စသဖြင့်။ ဒီကိစ္စတွေကိုလဲ လူတွေက တွက်ကြတယ်။ အာဏာလွှဲလိုက်လို့ကော ဘာပါမှာလဲ။ အထူးသဖြင့် ဝန်ကြီးဌာနတွေမှာဆို အမြဲတမ်းအတွင်းဝန် (Permanent Minister) ရာထူးတွေကို စစ်တပ်က လူတွေကို ခန့်ထားတယ်။ ဆိုတော့ ဒါတွေဟာလဲ အာဏာလွှဲတဲ့အခါမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ အစိုးရလက်ထဲကို အာဏာသိပ်မရောက်ဘဲနဲ့ သူတို့ ရှိပြီသာ Establishment စစ်တပ်ကြီးစိုးတဲ့ အသိုင်းအဝိုင်းမှာပဲ အာဏာကျန်ခဲ့အောင် လုပ်ထားတယ်လို့ တွက်ကြပါတယ်။ အဲဒီကိစ္စကို ဦးဖေသန်း ဘာပြောချင်ပါလဲ။

ဦးဖေသန်း ။ ။ အဲဒီလို တွေးတယ်ဆိုတာ တဘက်က မှန်ပါတယ်။ တပ်အနေနဲ့ တိုင်းပြည်ရဲ့ အဓိက ဝန်ကြီးဌာနတွေကို သူတို့က ကိုင်ထားတာပေါ့။ အဲဒါကြောင့် ဖွဲ့စည်းပုံရဲ့ အကြပ်အတည်းကို ကျော်လွှာတဲ့အခါမှာ NLD အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်တွေက အကန့်အသတ် သူတို့မှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့က ဒီလို အချိန်အခါမျိုးမှာ အစွမ်းကုန်ရမှ ဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးကို သွားပြီးတောင်းဆိုနေမယ်ဆိုရင် ကျနော်တို့ တချိန်က ဘာမှမလုပ်နိုင်ခဲ့တဲ့ အခြေအနေမျိုးမှာ ဒီလောက်ထိ လုပ်နိုင်တာကို ကျနော်တို့က တဘက်က ကျနော်တို့ဘက်က အားသာချက်ပေါ့။ ကျနော်တို့ တခြားကိစ္စတွေ အများကြီး လုပ်နိုင်ပါတယ်။ ဖွဲ့စည်းပုံဥပဒေကို မပြင်ဆင်ဘဲနဲ့ ဒါတွေကို တသက်လုံး ပေးထားစရာအကြောင်း မရှိပါဘူး။ ဖွဲ့စည်းပုံကို ပြင်ဆင်ရမယ်။ တပ်မတော်ရဲ့ လွှတ်တော်ထဲမှာ ပါဝင်ပတ်သက်မှုကို လျှော့ချသလို၊ ဝန်ကြီးဌာနတွေ ယူထားတာကို လျှော့ချရမယ်။ အဲဒီလို ကျနော်တို့ မလုပ်နိုင်သေးပါဘူး။ အကန့်အသတ်ရှိတဲ့ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်ပြီးတော့ တပ်နဲ့ ညှိနှိုင်းစေ့စပ်ပြီးတော့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်အောင် ကြိုးစားရမယ်။ အဲဒီထွက်ပေါက်ကပဲ အသွင်ကူးပြောင်းရေးကာလကို ညင်ညင်သာသာ၊ ချောချောမွေ့မွေ့နဲ့ သွားနိုင်မယ်လို့ ကျနော်တို့က ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်းကတော့ အကောင်းမြင်တယ်။ သုံးသပ်သူတွေကတော့ အာဏာလွှဲတယ်ဆိုပေမယ့် အာဏာက အခွံပဲ ဖြစ်နေပြီးတော့ အနှစ်သာရ ဘာမှမပါသလို ဖြစ်နေပြီလို့ အဲဒီလို သုံးသပ်ချက်၊ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီးတော့ ဦးရဲထွန်းရဲ့ သဘောထားကိုလဲ သိချင်ပါတယ်။

ဦးရဲထွန်း ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ကျနော်တို့က (၅) နှစ်တကြိမ် ရွေးကောက်ပွဲ နိုင်လာတဲ့ အစိုးရအဖွဲ့ကတော့ အပြောင်းအလဲ ဖြစ်သွားမှာပေါ့။ အောက်ခြေယန္တရားကြီးကတော့ နဂိုအဟောင်းကိုပဲ ဆက်ခံရတာဖြစ်တယ်။ အဲဒီ ယန္တရားကြီးကတော့ ကျနော်ထင်တယ် ကျနော်တို့ အများကြီးကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမှာ။ ပြောင်းရမှာဆိုတဲ့အခါကြတော့ စစချင်းမှာတော့ ဒီဟာတွေ အပြောင်းအလဲတွေက သိသိသာသာ ဖြစ်လိမ့်မယ် မဟုတ်ဘူး။ ပြည်သူလူထု မျှော်လင့်သလို ဝုန်းဒိုင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ပြည်သူလူထုနဲ့ အုပ်ချုပ်တဲ့ ယန္တရားကြားမှာ အပြန်အလှန် ထိန်းကျောင်းတဲ့ စနစ်တွေ ထည့်ဖို့ရယ်။ ဒါတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD အစိုးရက တော်တော်လေးကို လုံးလစိုက်ပြီးတော့ လုပ်ရမယ်။ နောက် ဥပဒေတွေ ပြဌာန်းပြီးတော့ အပြောင်းအလဲတွေ လုပ်နိုင်တယ်။ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးတဲ့ အစိုးရယန္တရားကြီး ဖြစ်လာအောင် လုပ်နိုင်တယ်ဆိုတာကတော့ ဥပဒေတွေ ပြင်ရမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါပဲ ကျနော်တို့ စိုးရိမ်တာ။ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားဆိုတာ တကယ်တမ်း အာဏာရှိမှသာ ပြုပြင်လို့ ရတာပါ။ တကယ်တော့ စောစောက ပြောသလို အဓိက အနှစ်သာရရှိတဲ့ အာဏာတွေကို စစ်တပ်က ထိန်းချုပ်ထားတယ်လို့ တိုက်ရိုက်ပြောရမယ်ဆိုရင်။ အဲဒီလို ယူထားတယ်ဆိုတော့ ပြင်ရလွယ်ပါ့မလား။ ကိုလိုနီခေတ်ကလည်း (၉၁) ဌာန အုပ်ချုပ်ရေး၊ ဗမာလူမျိုးတွေ (၅) ထောင်စား ဝန်ကြီးတွေ ဖြစ်ပေမယ့် အင်္ဂလိပ် အတွင်းဝန်တွေကပဲ အဓိက ချုပ်ကိုင်ပြီးတော့ သူတို့ လုပ်သွားကြတာ။ အဲဒီလို အခက်အခဲမျိုး မတွေ့နိုင်ဘူးလား။

ဦးရဲထွန်း ။ ။ တွေ့နိုင်ပါတယ်။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ အားနည်းချက်ကြောင့် ဗဟိုချုပ်ကိုင်မှု ပြင်းထန်နေတာ ရှိသလို။ ဒီအောက်မှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်အတိုင်း ရဲရဲတင်းတင်း မလုပ်ရဲတာ၊ မတောင်းဆိုရဲတာတွေ အတွက်ကြောင့်လဲ ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ဖြစ်ရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဆိုထားတယ်။ ပြည်နယ်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးများဟာ ပြည်ထဲရေးဝန်ကြီးကို တာဝန်ခံရမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဆိုမထားဘူး။ အဲဒီလိုဟာမျိုးလေးတွေ နမူနာ ပြောပြတာပါ။ အဲဒီတော့ အခြေခံဥပဒေမှာ အောက်ခြေမှာ ဖယ်ဒရယ်စနစ် ပြီပြင်စွာ လုပ်ကိုင်ဆောင်ရွက်တာတွေ ရှိတယ်။ တချို့ကိစ္စတွေမှာ ဥပဒေပြဌာန်းပြီးတဲ့အခါကြတော့ Check and Balance အပြန်အလှန် ထိန်းကြောင်းတဲ့စနစ်တွေဖြစ်အောင် ကျနော်တို့က တည်ဆောက်ယူလို့ရတယ်။ အခု အစိုးရဟောင်းက ထည့်ထားခဲ့တဲ့ Permanent အတွင်းဝန်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုတော့ အရည်အချင်းရှိတယ်၊ ရိုးသားတယ်၊ သုံးလို့ရတယ်ဆိုရင် ဆက်သုံးပြီးတော့ တချို့ဟာတွေကြတော့ လဲပေးရမယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ ဒါဟာ ကြက်နဲ့ ကြက်ဥလိုပဲ ဖွဲ့စည်းပုံပြင်မှ ဖြစ်မယ်။ သူတို့ရဲ့ သဘောတူညီမှုရမှ ဖွဲ့စည်းပုံကို ပြင်နိုင်မယ်ဆိုတာတွေ အများကြီး ရှိမှာပေါ့။ အဓိက ကျနော် ပြန်ပြီးတော့ ထောက်ပြချင်တာကတော့ အခုလက်ရှိ ဖွဲ့စည်းပုံထဲမှာ ဖယ်ဒရယ်စနစ် အမှန်တကယ် ပေါ်ပေါက်လာမယ့် အခြေခံတောင် ပါနေတယ်ဆိုတော့ နည်းနည်း ဖွဲ့စည်းပုံအပေါ်မှာ ဦးရဲထွန်းဟာ အကောင်းမြင်လွန်တယ်လို့ ကျနော် ထင်တယ်။ ဦးဖေသန်း ဘယ်လို သဘောရပါလဲ။

ဦးဖေသန်း ။ ။ ဖယ်ဒရယ်စနစ်မျိုး ပါတယ်လို့ အတွင်သဏ္ဍာန်အားဖြင့် ကျနော်တို့ ပြောနိုင်တာတော့ ရှိတာပေါ့။

ဒါပေမဲ့ အနှစ်သာရအားဖြင့်တော့ ဘာမှ မရှိသလောက်ပဲ။ အဲဒါကြောင့် ကျနော်တို့က ဖယ်ဒရယ် ပြည်ထောင်စုတခု ပေါ်ပေါက်လာဖို့ဆိုတာ လွှတ်တော်ထဲကကြီးပဲ လုပ်လို့မရဘူး။ ကျနော်တို့ လွှတ်တော်မှာ ဆွေးနွေးတာကို တပ်က ဗီတိုနဲ့ ပယ်ချတယ်။ သူက လက်မခံဘူးဆိုရင် ရှုံးပြီ။ ဒါပေမဲ့ တဘက်မှာ လက်နက်ကိုင် အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေ ရှိတယ်။ သူတို့နဲ့ကြတော့ အပေးအယူ ဆွေးနွေးနိုင်တယ်။ အဲဒါမျိုးနဲ့ တဘက်က ဖယ်ဒရယ်ပြည်ထောင်စု သွားရလမ်းကို ပုံဖော်ပါလိမ့်မယ်။ လက်ရှိ ပြည်ထောင်စုစနစ်ကို ပီပီပြင်ပြင် တည်ဆောက်ရမယ်လို့ တပ်၊ ပြည်သူ နဲ့ အစိုးရ နားလည်လက်ခံလာတဲ့ အချိန်မှာတော့ ဒါက ဖယ်ဒရယ်ပြည်ထောင်စုကို သွားတဲ့ ဖွဲ့စည်းပုံတခု ပီပီပြင်ပြင် ဖြစ်ပေါ်လာလိမ့်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံရေး၊ အုပ်ချုပ်ရေး အာဏာ လွှဲပြောင်းမယ့်ကိစ္စကို ပြောပြီးပါပြီ။ နောက်ဆုံး အကျဉ်းချုပ် ဖြေစေချင်တာက စီးပွားရေး။ အခု မြန်မာနိုင်ငံက သတင်းတွေအရ သယံဇာတ စီးပွားရေးလုပ်ငန်းတွေလဲ အာဏာမလွှဲခင် အကုန်လုံးကို ပြောင်တလင်းခါအောင် ကျူံးပြီးတော့ ယူနေကြတယ်ဆိုတာ ကြားရပါတယ်။ သတင်းတွေထဲမှာလဲ ဖတ်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးရဲထွန်း ဘယ်လို ပြောချင်ပါလဲ။

ဦးရဲထွန်း ။ ။ အထူးသဖြင့်တော့ ပြောင်တလင်းခါအောင် ယူတယ်ဆိုတဲ့ ကိစ္စမှာ ပြီးခဲ့တဲ့ (၅) နှစ်ကာလမှာကတည်းက ရတနာလို့ သတ်မှတ်တဲ့ မိုင်းတွင်းတွေကို Mass Production အကြီးအကျယ် ထုတ်လုပ်တဲ့ဥစ္စာကို ခွင့်ပြုထားတယ်။ ခွင့်ပြုထားတော့ အဲဒီဟာကို ကျနော်တို့က ဥပဒေအရ ဒါကို ခွင့်မပြုဖို့၊ ကျနော်တို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီကပဲ လွှတ်တော်မှာ အင်အားအများစု ဖြစ်နေလို့။ အဲဒီတော့ ဒီအချိန်မှာ ဒီဟာကို တားချင်တယ်ဆိုရင် ဥပဒေ ပြဌာန်းပြီးတော့ တားလို့ရတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဖေသန်းရဲ့ မှတ်ချက် ကြားချင်ပါတယ်။

ဦးဖေသန်း ။ ။ ဒါကတော့ နှစ်ပေါင်း (၄-၅-၆၀) အာဏာရှင်အစိုးရတွေ အဆက်ဆက် ထင်သလို လုပ်လာခဲ့ကြတာပဲ။ တိုင်းပြည်လဲ ပြောင်တလင်းခါနေပါပြီ။ ဒီအချိန် တစ်လလောက်အတွင်းမှာ သူတို့လဲ ရသမျှကို သိမ်းကျူံးပြီးတော့ နောက်ဆုံးလက်ကျန်လေးတွေကို ရှင်းကြတာပေါ့။ ဒါကတော့ နောက် အစိုးရလက်ထက်မှာပဲ ဥပဒေနဲ့ ညီမညီ၊ နည်းဥပဒေနဲ့ ကိုက်မကိုက် စစ်ဆေးနိုင်ပါတယ်။

XS
SM
MD
LG